http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 Mar 2012

လောကနတ်များအကြောင်း




ရဲချုပ်ကြီးခင်များ

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ အကျင့်ပျက်၊ ကိုယ်ကျိုးဖက်၊ ထင်ရာစိုင်း၊ မိန်းမကြောက်၊ အာဏာ/နေရာရူး၊ ငယ်သားတွေကို လက်ကိုင်ဒုတ်လုပ်၊ အပေါ်ဖားအောက်ဖိ လောကနတ် လုပ်နေကြသော အရာရှိများကို လျှို့ဝှက် စုံစမ်းစစ်ဆေးပြီး ဖယ်ရှားပေးဖို့တင်ပြပါတယ်၊ သူတို့တွေက အောက်လက်ငယ်သားတွေကို သားတပည့်လို သဘောမထားပဲ ခိုင်းကျွန်အဆင့်လောက်သာ သတ်မှတ်နေကြပါတယ်၊

သူတို့မိန်းမ/အထက်အရာရှိ တွေနှင့် အဆင်မပြေတာများရှိခဲ့ရင်လည်း သူတို့ဒေါသတွေကို ငယ်သားတွေ အပေါ်မှာပဲ ထိုးလိုထိုး၊ ကန်လိုကန်၊ ဆဲလိုဆဲနှင့် အမျိုးမျိုး ရင်ဖွင့်နေကြပါတယ်၊

ခုချိန်မှာ အရပ်သားတွေကတော့ ထိုက်သင့်သလောက် ဒီမိုကရေစီဆိုတဲ့အခွင့်အရေးကို ခံစားခွင့်ရကြတယ်လို့ကြားသိနေရပါတယ်၊ ကျနော်တို့ကတော့ ခုချိန်ထိ ဖေါ်ပြပါ အရာရှိတွေရဲ့ကြိုးနီစနစ် အုပ်ချုပ်ပုံတွေကို ခါးစည်းခံနေကြရတုန်းပါပဲ။

နိုင်ငံတော်က ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေပေမည့် ရဲတပ်ဖွဲ့မှာ အုပ်ချုပ်နေကြတဲ့ ဟိုမရောက် ဒီမရောက် အရာရှိတွေကတော့ ပုလိပ်ခေတ်က မူ အတိုင်းပဲ ကျင့်ကြံနေကြပါတယ်၊

ဒီမိုကရေစီစနစ်လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ပြည်သူတွေကို လမ်းမှန် စနစ်မှန်ဖြစ်အောင် ထိမ်းသိမ်းနေရတဲ့ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေဟာ မိမိကိုယ်တိုင် မလိုက်နာရင် ပြည်သူတွေကိုလည်း လိုက်နာခိုင်းဖို့ မလွယ်ပါဘူး ကျနော်တို့အောက် လက်ငယ်သားတွေဟာ ပြည်သူတွေနှင့် နေ့စဉ် ထိတွေ့နေရလို့ သူတို့တွေရဲ့ သဘောထားတွေကို ကောင်းကောင်း သိပါတယ်၊ မသိတာကတော့ ရဲအုပ်ကနေ ရဲမှူးချုပ်ထိလို့ ပြောရမှာဖြစ်ပါတယ်၊ ထိုင်ခုံကမထ စိတ်ထင်တိုင်း ပြောချင်ရာပြော လုပ်ချင်ရာ လုပ်နေကြလို့ပါပဲ၊

သူတို့တွေ အမြဲနိုင်ကွက်လုပ်နေတဲ့စကားကတော့ မင်းတို့ အရည်အချင်းတွေကို ရဲတပ်ဖွဲ့ပေတံနှင့် တိုင်းမယ် တဲ့၊ ကျနော့်အမြင်ပြောရမယ် ဆိုရင် သူတို့ပြောတဲ့ ပေတံနှင့်သာ တိုင်းရင် ရဲချုပ်နှင့်ပြည်ထဲရေးဝန်ကြီးတောင် ပလ္လင် ပျောက်သွားနိုင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ သူတို့ပြောတဲ့ရဲပေတံ ဆိုတာ အမြင်ကပ်ရင်ကန်ချဖို့ ကိုလိုနီခေတ်က ကျင့်သုံးခဲ့တဲ့ နည်းလမ်း ဆိုတာ ရဲချုပ်ကြီးလည်း သိမယ်ထင်ပါတယ်၊

နောက်တစ်ခုက ဒီမိုကရေစီနီိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လက်ရှိ ရဲလက်စွဲဥပဒေကို ပြန်လည် ပြင်ဆင်သင့်ပါတယ်၊

ဒီဥပဒေအတိုင်း ဆိုရင် အထက်က ဘာပြောပြော ဟုတ်တာရော/မဟုတ် တာရော အကုန် လိုက်လုပ်နေရတော့တာပါပဲ၊ ခိုင်းတာ နည်းလမ်းမမှန်လို့ တင်ပြရင်လည်း ခံပြောတယ် ဆိုပြီးတော့ အရေးယူတာ ခံနေကြရတာပါပဲ၊ အောက်လက်ငယ်သားများကိုသာ အစဉ် အရေးယူတာမျိုးတွေ တွေ့မြင်နေရပြီး အထက်အရာရှိတွေ အောက်လက်ငယ်သားတွေကို မမှန်တာလုပ်လို့ အရေးယူတယ် ဆိုတာ မကြားဖူးသလောက်ပါပဲ၊ လက်ရှိ ရဲကျင့်ဝတ်ဥပဒေမှာလည်း ပြဌာန်းထားတာ မတွေ့ရပါဘူး၊ ဒါတွေကိုအခွင့်ကောင်းယူပြီး သူတို့တွေ ထင်ရာစိုင်း လုပ်နေကျပါတယ် ခင်ဗျာ။   http://www.irrawaddyblog.com/2012/03/blog-post_866.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif