http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

စသုံးလုံးရုံးပေါ်မှ အမျိုးသမီး ပြုတ်ကျ သေဆုံးသည့် အမှု၏ မူလတရားခံမှာ လွတ်မြောက်နေဆဲ။

ပြည်ထဲဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေးမှ ၄၀၆ (ယုံကြည်အပ်နှံ အလွဲသုံးစား ) အမှုနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးသည့် ရှမ်းအမျိုးသမီးငယ်၏ အမှုတွင် အဓိကတရားခံမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရှေ့နေအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

“ဒီအမှုမှာ ၄၀၆ (ယုံကြည်အပ်နှံ အလွဲသုံးစား ) ဆိုတာ အဲဒီရှမ်းမလေး နန်းဝိုးဖန်က သူ့ယောက်က်ျားရဲ့ မန်နေဂျာဟောင်းကို စမ်းချောင်းတရားရုံးမှာ လွန်ခဲ့တဲ့ တလက စွဲဆိုထားတာ။ တရားခံက စသုံးလုံးကို လဘ်ထိုးပြီး တရားလိုကို ပြန်ပြဿနာရှာတာ။ဒီလူက ငွေကိုဖိသုံးထားတော့ တရားခံပြေးဆိုပီး လွတ်နေတာ အမှန်က မဖမ်းပဲမျက်စိမှိတ်ထားတာ”လို့ ရန်ကုန်မြို့မှ  ရှေ့နေတဦးက ပြောသည်။

မနန်းဝိုးဖန် အသက်(၁၉နှစ်)က ပုဒ်မ ၄၀၆ဖြင့် တရားစွဲဆို ခံထားရသူမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကိုကို (ခ) ကိုကိုကြီး ဖြစ်၍ ယခင်က မနန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသား၏ မန်နေဂျာဟောင်း ဖြစ်သည်ဟု သိရသည်။


“အဲရှမ်းမလေးနံမယ်နဲ့ ဂျပန်က အိမ်ခြံမြေတွေကို ၀ယ်ပေးတော့ ကိုကိုဆိုတဲ့လူက လိုက်အကျိုးဆောင်ပေးတယ်။ နောက်ပိုင်း လောဘတက်လာပီး ကောင်မလေးကလဲ ရိုးရိုးအအဆိုတော့ ဂျပန်ကိုကန်ထုတ်ပီး နှစ်ယောက်ခွဲယူဖို့ စည်းရုံးတာမရဘူး။ အဲဒါနဲ့ ဒီအိမ်ခြံမြေတွေကို သူလဲ ပိုင်ပါတယ်ဆိုပီး စီးပွားရေးလုပ်ငန်းရှင် တယောက်ကိုပါ ဆွဲထည့်ပီး သတင်းစာထဲမှာ ထည့်တယ်။ တရားရုံးမှာ ခေါ်စစ်တော့ အဲစီးပွားရေးလုပ်ငန်းရှင်က သူမပါပါဘူးဆို ရှောင်သွားတယ်။”လို့ ယင်း ရှေ့နေမှပင် ပြောကြားသည်။

မနန်းဝိုးဖန်နှင့် အမျိုးသားဖြစ်သူ ဂျပန်အား မနန်းဝိုးဖန် မိသားစုမှ ရှမ်းဓလေ့ရိုးရာနှင့် လက်ထပ်ထိမ်းမြားပေး ထားပြီးဖြစ်သည့်အပြင် အဆိုပါအထောက်အထား ဓါတ်ပုံများကို မနန်းဝိုးဖန်ဘက်မှ တရားရုံးသို့ တင်ပြထားခဲ့ ကြောင်းလည်း ရှေ့နေ၏ ပြောဆိုချက်အရ သိရသည်။
ကိုကို (ခေါ် ) ကိုကိုကြီးမှာ စမ်းချောင်းမြို့နယ်တွင် တရားဆွဲဆိုခံရရာမှ အမှုကို လှိုင်သာယာ မြို့နယ်တရားရုံးသို့ ပြောင်းရွှေ့ခဲ့ပြီး အဆိုပါအမှုကိစ္စနှင့် ပတ်သက်၍  မနန်းဝိုးဖန်နှင့် ၎င်း၏ရှေ့နေ မအိအိအောင်တို့အား စသုံးလုံးမှ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။

“ သူတို့ကို စစ်ယုံတင်မဟုတ်ဘူး အိမ်ပြန်လဲ နောက်က လူလေးငါးယောက်လောက် လိုက်တယ်လို့ကြားတယ်။ နောက်ခုလို ကောင်မလေးသေသွားတာက ဆိုက်ကို (စိတ်ပိုင်းဆိုင်ရာ) အရ နေ့စဉ်ရက်ဆက် စစ်ရင်း မခံနိုင်တော့ ဖြစ်သွားတာဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့စစ်ဆေးနေတဲ့ အချိန်မှာ ဒီလိုကိစ္စဖြစ်တာ စသုံးလုံးမှာ တာဝန်အရှိဆုံး။ ဒီအမှုကလဲ အဲလောက် စစ်ဆေးစရာပြစ်မှုမဟုတ်တော့ ရှင်းနေပါပီ သူတို့ လဘ်စားထားတယ် ဆိုတာ” ဟု အထက်တန်းရှေ့နေ တဦးက ပြောပြခဲ့သည်။

ယခုအမှုကို စတင်လိုက်စဉ်က Yangon Press International မှ သတင်းထောက် ကိုသူရမျိုးကို ရန်ကုန်ဆေးရုံးကြီး ရင်ခွဲရုံတွင် စသုံးလုံးမှ အရာရှိတစ်ဦးက လာရောက် ခြိမ်းခြောက်ပြောဆိုခဲ့သည် ဟုသိရသည်။

“ ဒီအမှုက မင်းတို့ထင်သလိုမဟုတ်ဘူး မှားနေတယ်။ ညီလေးဒီအမှုကို ရေးရင် ညီလေးတင်မဟုတ်ဘူး ညီလေးနောက်က အဖွဲ့အစည်းပါ အန္တရာယ်ရှိတယ်လို့ ကျနော်ကိုစသုံးလုံးက လူက ခြိမ်းခြောက်သွားတယ်” ဟု ကိုသူရမျိုးက ပြောပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းမှ သတင်းမီဒီယာ တခုသို့ပြောကြားရာတွင် သေဆုံးသူမှာ မူးဝေအော့အန်ပြီး ပြတင်းပေါက်မှ ပြုတ်ကျသည်ဟုသာ သူတို့ဘက်မှ သတင်းရကြောင်းနှင့် ယခုအမှုကို ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ပြုတ်ကျတယ်ဆိုရအောင် ပြတင်းပေါက်ကလဲ နိမ့်နိမ့်လေး မဟုတ်ဘူး။ နောက်ခုလို သတင်းဌာနတွေက နန်းဝိုးဖန်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကို သတင်းထောက်တွေက ဖုန်းဆက်မေးတော့လဲ ဖုန်းမှာ ကြားဖြတ်နားထောင်နေတယ်ဆိုလို့ မနန်းဝိုးဖန် အသိုင်းအ၀ိုင်းက မဖြေရဲဘူး။ ”ဟု ပြည်တွင်းသတင်းထောက် တစ်ဦးမှ ပြောသည်။

မနန်းဝိုးဖန် အမှုတွင် အဓိက ပါဝင်ပတ်သတ်နေသော ၄၀၆ပုဒ်မနှင့် စွဲဆိုထားသည့် တရားခံ ကိုကို (ခေါ်) ကိုကိုကြီးကို ဖမ်းဆီးခြင်း မပြုနိုင်သည့် အဖြစ်မှာ  သံသယဖြစ်ဖွယ်ဟု မနန်းဝိုးဖန်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရှိရသည်။                   http://moemaka.blogspot.com/2012/03/blog-post_28.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+blogspot%2FLZqAU+%28%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%81+%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC+-++MoeMaKa+News+%26amp%3B+Media%29

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif