http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Mar 2012

အိပ်မက်သားပေါက် လူလားမြောက်ရာ

မျှာ်လင့်ချက် အိပ်မက်သာ တကယ်ရှိနေမယ်ဆိုရင် ကံကြမ္မာ အလှည့်အပြောင်းမှာ အဲဒီ ပုံရိပ်တွေဟာ ထပ်ကြပ်မကွာ လိုက်ပါလာတတ်တယ် ဆိုတာကို အခုတော့ ကျွန်တော့်ကိုယ်တွေ့ ကြုံရပါပြီ။ မရေရာမှုများစွာနဲ့ မုန်တိုင်းထန်တဲ့ ရက်စွဲတွေ နောက်မှာတော့...။
20120125_02aကျွန်တော် UCSM ကို ရောက်ခဲ့တာ ၂၀၀၉ခုနှစ် နိုဝင်ဘာလမှာ။ ကျွန်တော့်ရဲ့ စိတ်ကူး ပုံရိပ်တွေထဲက UCSM က ကျွန်တော့် အနာဂတ် ရင်သွေးကို မွေးထုတ်ပေးမယ့် မိခင်လောင်း တစ်ဦးပေါ့။ သြော်…… UCSM ဆိုတာက မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းရဲ့ တောရွာကလေး တစ်ခုဖြစ်တဲ့ ဒဟတ်တောရွာမှာ တည်ဆောက်ထားတဲ့ ကွန်ပျူတာ တက္ကသိုလ် (University of Computer Studies, Mandalay- UCSM) ကို ပြောတာပါ။
UCSM က ကျွန်တော်တို့တွေ အသုံးပြုနေကြတဲ့ Microsoft word, Microsoft excel အစရှိတဲ့ Computer Software မျိုးတွေ ရေးနိုင်ဖို့ သင်ကြား ပေးပါတယ်။ နောက်ပြီး အင်တာနက် စာမျက်နှာတွေပေါ်က Webpages တွေကို ဖန်တီးနိုင်ဖို့ HTML <Hyper Text Markup Language> ရေးနည်းတွေကိုလည်း သင်ကြားပေးပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ရည်မှန်းချက်က UCSM က ပညာအမွေတွေကို ခံယူပြီးတဲ့အခါ Software House တစ်ခုထောင်ပြီး Software ရေးလို့ သူဌေးလုပ်မယ်ပေါ့။
မိသားစုရဲ့ စီးပွားရေး ကြပ်တည်းမှုကြောင့် မန္တလေးမြို့ကြီးထဲမှာ အဆောင်ငှားပြီး မနေနိုင်တဲ့ ကျွန်တော်၊ ပြင်ပက ကွန်ပျူတာ အခြေခံ သင်တန်းတွေကို တစ်လ (၃၀၀၀၀)ကျပ် ပေးလို့ မတက်နိုင်ခဲ့တဲ့ ကျွန်တော်၊ Keyboard ပေါ်မှာတောင် လက်မတင် တတ်သေးတဲ့ ကျွန်တော့်အတွက် အခြေခံ ကွန်ပျူတာ ပညာကို မသင်ပေးတဲ့ UCSM မှာ သူငယ်တန်း ကလေးကို (၁၀) တန်းစာ သင်ပေးနေတာနဲ့ တူနေပါတော့တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ UCSM အပေါ်မှာ ထားရှိတဲ့ ရည်မှန်းချက်တွေ၊ UCSM ပေါ်မှာ ထားရှိတဲ့ ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေနဲ့အတူ ဒီအခက်အခဲတွေကို လှေခါးထစ်လုပ်ပြီး ကြိုးစားဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။
ကိုယ့်စိတ်ကူး၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ပျော်လွန်းလို့ UCSM ရဲ့ ကျောင်းဖွင့်စ ရက်တွေမှာ ကျွန်တော် လမ်းလျှောက်ရတာ မမောဘူး။ စာတွေ အော်အော်ပြီး ကျက်ရတာကိုလည်း မပင်ပန်းဘူး။ နေ့တိုင်း နေ့တိုင်း ငါးခြောက်ကြော်၊ ပဲလှော်နဲ့ ထမင်းစားရတာကိုလည်း ကျွန်တော်ပျော်တယ်။ လွယ်အိတ်ထဲမှာ ပြည့်နေရုံမက ဆွဲခြင်းနဲ့ပါ ထည့်ပြီး သယ်ရတဲ့ ပုံနှိပ်စာအုပ် ထူထူကြီးတွေ ကိုလည်း ကျွန်တော်ချစ်ခဲ့ဖူးပါတယ်။ အဲဒီစာအုပ် ထူထူကြီးတွေက OOP, C++, HTML, Physics, Math’s ဆိုတဲ့ ဘာသာတွေကို ပြဌာန်းထားတာပါ။
ကျွန်တော် စိတ်ကူးခဲ့ဖူးတဲ့ ကွန်ပျူတာ တစ်လုံးရှေ့မှာ ထိုင်နေတဲ့ ကျွန်တော့်ရဲ့ပုံရိပ်က တကယ့်လက်တွေ့မှာတော့ အဲဒီစာအုပ်ကြီးတွေထဲက စာတွေကို အော်အော်ပြီးသာ ကျက်နေရပါတော့တယ်။ ကျွန်တော် တပင်တပန်း အော်ကျက်ခဲ့ရတဲ့ စာတွေကလည်း စာမေးပွဲခန်းထဲက ထွက်ပြီဆိုကတည်းက ခေါင်းထဲမှာ တစ်လုံးမှကို မကျန်တော့ပါဘူး။ စာမေးပွဲ အောင်ဖို့အတွက်သာ ကျက်ခဲ့တဲ့ အဲဒီစာတွေဟာ စာမေးပွဲခန်းထဲမှာပဲ ကျန်ရစ်ခဲ့ပါပြီ။ Computer Screen ပေါ်မှာ တင်လို့ရေးချင်ခဲ့တဲ့ ကျွန်တော့်ရဲ့ Software Program တွေလည်း မှတ်စု စာအုပ်ထဲမှာပဲ မှိုတက် နေပါတော့တယ်။
အထင်နဲ့အမြင် လွဲသွားခဲ့တာပါ။ ကျွန်တော့် ရည်မှန်းချက်တွေလည်း ‘ဥ’ ဘဝနဲ့တင် အခွဲခံလိုက်ရပြီပေါ့။ UCSM မှာ ကျောင်းသား တစ်ဦး လက်တွေ့ ကွန်ပျူတာ အသုံးပြုခွင့် ရတဲ့အချိန်က ခုနှစ်ရက် တစ်ပတ်မှာ (၃)နာရီ။ ကိုယ်သုံးရမယ့် အချိန်မှာ မီးပျက်တာနဲ့ တိုးရင်တော့ အဲဒီ (၃)နာရီလည်း သွားပြီပေါ့။ သင်ရိုးကုန်အောင် သင်နေရတဲ့ ဆရာ၊ ဆရာမတွေကလည်း lecture ချိန်မှာ မီးလာနေရင်တောင် အချိန်လဲပြီး ပေးမသုံးကြပါဘူး။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုမှာ လက်တွေ့ စမ်းသပ်မှုတွေနဲ့ ကင်းဝေးလို့ စာအုပ်ပုံထဲမှာ ကျင်လည်ခဲ့ရတဲ့ UCSM ရဲ့ ပထမနှစ် ကျောင်းသူ ဘဝက အောက်တိုဘာ ၂၀၁၀မှာ ပြီးဆုံးခဲ့ရ ပါတယ်။
အသက် (၆၅)နှစ် ကျော်လို့ (၇၀)နား နီးနေပြီဖြစ်တဲ့ အစိုးရ ပင်စင်စား အဖေရယ်၊ တသက်လုံး အဖေ့ကို မှီခို၊ အဖေရတဲ့ လခကိုသာ စီစစ်သုံးစွဲတတ်ပြီး အပြင်စီးပွားရေး လောကမှာ လူရည် မလည်တဲ့ အမေရယ်၊ (၅)တန်း အောင်လို့ (၆)တန်း တက်ရမယ့် ကျွန်တော် သိပ်ချစ်တဲ့ ညီမလေးရဲ့ ပညာရေးနဲ့ အနာဂတ်အတွက် ကျွန်တော် အလုပ်လုပ်တော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ UCSM ရဲ့ ဒုတိယနှစ် ကျောင်းသူဘဝကို ကျွန်တော် စိတ်တောင် မကူးတော့ပါဘူး။
ကျွန်တော် ချစ်တဲ့ မြန်မာပြည်၊ ကျွန်တော်ချစ်တဲ့ မိသားစု၊ ကျွန်တော်ချစ်တဲ့ UCSM နဲ့ သူငယ်ချင်းတွေ၊ ရည်မှန်းချက်တွေ အားလုံးကို အတိတ်မှာ ထားခဲ့ပြီး ကျွန်တော့် အစ်ကိုရှိရာ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်။ ကျွန်တော့်ပညာရေး လမ်းဆုံးသွားပါပြီ။ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေလည်း မြေမြှုပ် သဂြိုဟ် ခံလိုက်ရပြီပေါ့။
ကျွန်တော့်ရဲ့ ကံကြမ္မာ အလှည့်အပြောင်း တခုက ကျွန်တော့်ကို ကံကောင်း စေခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ရောက်ပြီးနောက် ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေရှင်း (FED) က ဖွင့်လှစ်ထားတဲ့ “လူငယ့်သိပ္ပံ” ဆိုတဲ့ ကျောင်းလေးမှာ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့် ယောင်းမတို့ရဲ့ ကျေးဇူးနဲ့ တက်ရောက် ပညာသင်ကြားခွင့် ရခဲ့ပါတယ်။ ဆူနာမီ မဟာဒီရေလှိုင်းကြောင့် ဒုက္ခအတိ ရောက်ခဲ့ရသူ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများနဲ့ ရင်သွေးငယ်လေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအတွက် ကူညီပံ့ပိုးနေတဲ့ လူမှုဝန်ထမ်း အဖွဲ့အစည်းလေးပါ။ အဲဒီ FED အဖွဲ့အစည်းရဲ့ ဆယ်ကျော်သက်များအတွက် အထူးသင်တန်းကျောင်းမှာ ကျွန်တော့်ရဲ့ ပျောက်ကွယ်လုနီးပါး မျှော်လင့်ချက် အိပ်မက်တွေ ပြန်လည် ရုန်းကြွလာခဲ့တာ။ ကျွန်တော့်ရဲ့ အနာဂတ်ကို ပြန်လည်ရှင်သန် နိုးထလာစေဖို့အတွက် လူငယ့်သိပ္ပံက မျိုးစေ့ချ ပေးရုံမက ပျိုးနှုတ် ပေါင်းသင် ပေးခဲ့ပါတယ်။
20120125_02bအသက် (၁၈)နှစ် ပြည့်တော့မယ် ကျွန်တော်ဟာ လူငယ့်သိပ္ပံကျောင်းကို အသက်အကြီးဆုံး ကျောင်းသူအဖြစ်နဲ့ ၂၀၁၀ ဒီဇင်ဘာလ (၁၂)ရက်နေ့မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ လူငယ့်သိပ္ပံက ကျောင်းသား၊ ကျောင်းသူတွေရဲ့ အသက် အပိုင်းအခြားဟာ (၁၃)နဲ့ (၁၆)နှစ် အတွင်းမှာ ရှိကြပြီး ပျမ်းမျှ အလယ်တန်း ပညာရေး (Level) မှာ ရှိကြပါတယ်။ မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ကျောင်းသူ တစ်ဦးအနေနဲ့ ကျွန်တော်ရှက်မိပါတယ်။
လူငယ့်သိပ္ပံကျောင်းမှာ အင်္ဂလိပ်စာကို အင်္ဂလိပ်လူမျိုးဆရာနဲ့ သင်ကြားကြရပါတယ်။ အင်္ဂလိပ်စာ သင်ချိန်မှာ မြန်မာလို လုံးဝ မပြောရဘူးဆိုတဲ့ စည်းကမ်းထဲမှာ သူတို့တွေက ဘောင်ဝင်နိုင်ကြတယ်။ ကျွန်တော် တစ်လုံးမှ နားမလည်နိုင်သေးတဲ့ အင်္ဂလိပ်ဆရာရဲ့ စကားတွေကို နားရည်ဝအောင် ကြိုးစားနားထောင် နေရတဲ့ အချိန်မှာ သူတို့တွေက ဆရာနဲ့အတူ အပြန်အလှန် စကားပြောပြီး ဆွေးနွေးနေကြတယ်။ ဆရာက ရယ်စရာ ပြောတဲ့အခါ သူတို့က နားလည်တဲ့အတွက် ရယ်နိုင်ကြပေမယ့်၊ ကျွန်တော်ကတော့ ကြောင်ပြီး ငေးကြည့်လို့သာ နေရပါတယ်။ အစပထမတော့ သူတို့တစ်ခါ ရယ်လိုက်ကြတိုင်း ကျွန်တော့် ရင်ထဲမှာ တစ်ခါ ငိုမိပါတယ်။ အားငယ်လို့၊ ကိုယ့်ကိုကိုယ် မကျေနပ်လို့၊ အားမရလို့ပေါ့ဗျာ။ တကယ်တော့ အဲဒီမျက်ရည်တွေက ကျွန်တော့်အတွက် တွန်းအားတွေ ဖြစ်စေခဲ့တာပါ။
အဲ… ကွန်ပျူတာ နည်းပညာတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော့်မှာ ‘တစ်’ က ပြန်စရပါတယ်။ ကျွန်တော် လူငယ့်သိပ္ပံကို စရောက်တဲ့နေ့ကပေါ့။ ကျွန်တော့် အတန်းထဲက ကျောင်းသား တစ်ယောက်က ကျွန်တော့်ကို စာအုပ်တစ်အုပ် လာပေးတယ်။ ပြီးတော့ “အစ်မ…စာရိုက်ပါ” တဲ့။ ကျွန်တော့် လက်တွေကို ကီးဘုတ်ပေါ်မှာ တင်ထားပေမယ့် ငါးမိနစ်လောက်နေမှ လက်တစ်ချောင်း လှုပ်ရပါတယ်။ ကျွန်တော်က စာလုံးတွေကို လိုက်ရှာ နေရတာကိုး။
အနားယူဖို့ စိတ်မကူးတဲ့ နာရီလက်တံတွေက တစ်နှစ် ဆိုတဲ့အချိန်ကို အလျှင်အမြန် ကုန်ဆုံးစေခဲ့ပါတယ်။ ကျွန်တော် UCSM ကို စွန့်ခွါခဲ့တာ အခုဆိုရင် တစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ လူငယ့်သိပ္ပံရဲ့ ကျောင်းသူ၊ ကျောင်းသားတွေက အင်တာနက် ဆိုတာကို ထုံးလိုမွှေ၊ ရေလိုနှောက်နေချိန်မှာ ကွန်ပျူတာ ကျောင်းသူကြီး ကျွန်တော်က Website address ကို အင်တာနက် စာမျက်နှာရဲ့ ဘယ်နေရမှာ ရေးရမယ်ဆိုတာတောင် မသိသေးတာ၊ တဖြောင်းဖြောင်း မြည်အောင် စာရိုက်နိုင်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကြားထဲမှာ ကျွန်တော့် နေရာက အသံတစ်သံ ထွက်လာဖို့ ခက်ခဲနေသေးတာ၊ ဆရာနဲ့ အပြန်အလှန် ဆွေးနွေးလို့ မေးခွန်းထုတ်တတ် ကြတဲ့ သူတို့တွေကို ကျွန်တော် ငေးလို့ကြည့် နေတတ်တာတွေ အားလုံးကို တစ်နှစ်ဆိုတဲ့အချိန်က လိုက်လျောညီထွေ ဖြစ်စေခဲ့ပါပြီ။
အခုချိန်မှာ လူငယ့်သိပ္ပံရဲ့ ကျောင်းသူတစ်ဦးအနေနဲ့ ကျွန်တော် ရပ်တည်နိုင်ပါပြီ။ ကျွန်တော့် သူငယ်ချင်းတွေ၊ ဆရာတွေက ကျွန်တော့်ကို လက်တွဲကူညီ ဖေးမ ခဲ့ကြတာပါ။ ကျွန်တော် ရေးချင်ခဲ့တဲ့ Webpages တွေကို ရေးနိုင်ဖို့လည်း လူငယ့်သိပ္ပံမှာ ကျွန်တော် သင်ကြားခွင့် ရပါတယ်။ ကျွန်တော် သင်ကြားနေရဆဲပါ။
UCSM ဆိုတာက မြန်မာနိုင်ငံအစိုးရ ကိုယ်တိုင်က တရားဝင် ဖွင့်လှစ်ထားတဲ့ တက္ကသိုလ် ကြီးတစ်ခုပါ။ လူငယ့်သိပ္ပံဆိုတာက ထိုင်းနိုင်ငံရောက် ရွှေပြောင်းမြန်မာ အလုပ်သမားတွေ ဖွံ့ဖြိုးရေးအတွက် လုပ်ပေးနေတဲ့ NGO တစ်ခုရဲ့ Project လေး တစ်ခုပါပဲ။ မြန်မာပြည်ရဲ့ တက္ကသိုလ်ကြီးတွေက NGO ရဲ့ ကျောင်းကလေး တစ်ခုလောက်တောင် အခွင့်အရေးတွေ မရရှိနိုင်တော့ ဘူးလား။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်က ဘွဲ့ရ ကျောင်းသူ၊ ကျောင်းသား တစ်ဦး၊ တစ်ယောက်က NGO Project တစ်ခုက ထွက်လာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ လောက်တောင်မှ လက်တွေ့လောကမှာ အသုံးမဝင်နိုင်တော့ဘူးလား။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကျွန်တော့်နည်းတူ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပညာရေး မျှော်မှန်းချက်တွေကို ဒီလိုပဲ အရိုက်ချိုး ခံနေရတော့မှာလား။
ကျွန်တော့်ရဲ့ မအောင်မြင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသူဘဝအတွက် ကျွန်တော် UCSM ကို အပြစ်တင်နေခြင်း မဟုတ်ပါ။ အသွင်မတူတဲ့ ပညာရေးစနစ် နှစ်ခုရဲ့ ကွာခြားတဲ့ ရလဒ်တွေကို နှိုင်းယှဉ်နေခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်ချစ်တဲ့ UCSM ကို မျိုးဆက်သစ်တို့ရဲ့ မျှော်လင့်ချက်တွေ ရှင်သန် မျိုးပွားနိုင်တဲ့၊ မျိုးစေ့ ချမိသူတို့အတွက် လက်တွေ့ လောကမှာ ဈေးကွက်ဝင်တဲ့ အသက်မွေး ဝမ်းကျောင်းပညာ အသီးအပွင့်တွေ ဝေဝေဆာဆာ ပွင့်လန်းနိုင်တဲ့ မြေဆီလွှာကောင်းတစ်ခု ဖြစ်လာစေချင်တာပါ။
အခုဆိုရင် မနက် (၈) နာရီနဲ့ ညနေ (၃:၁၅) မှာ အသွားအပြန် ကျောင်းကားစီးရတဲ့ အချိန်တိုင်း ကျွန်တော်လေ……… ကျွန်တော် နေခဲ့တဲ့ ကွန်ပျူတာ တက္ကသိုလ် အပြင်မှာရှိတဲ့ အဆောင်ကနေ တက္ကသိုလ်ကို သွားရတဲ့ လမ်းကို မြင်ယောင် နေမိတယ်။ မြို့စွန်၊ နယ်စွန်မှာရှိတဲ့ တက္ကသိုလ် ကျောင်းတော်ကြီးတွေဆီကို မျှော်လင့်ချက် ရင်မှာပိုက်ပြီး ကျားကုတ်ကျားခဲ ကားတွယ်စီးလို့ ပညာရေးခရီး နှင်နေရှာတဲ့ သူငယ်ချင်းတွေကိုလည်း သတိရနေတတ်ပါတယ်။ ပူပြင်းလှတဲ့ အညာနေနဲ့ ဖုန်လုံးကြီးတွေ ကြားထဲက UCSM ဝန်းကျင်မှာ ကျွန်တော့် အိပ်မက်တွေအတွက် လျှောက်လှမ်းခဲ့ဖူးတဲ့ ခြေလှမ်းတိုင်းကိုလည်း တမ်းတလို့ လွမ်းမိပါ သေးတယ်။
“ဖုန်တောထဲမှာ ခက်ခဲစွာ ရုန်းရတဲ့ ခြေလှမ်းတွေ၊ အားအင်ကုန်ခမ်း ဖုန်တတ်မွဲခြောက် နေပေမယ့်……… ဖုန်တောထဲက ထွက်လာချိန်မှာတော့ ဥာဏ်ပညာနဲ့အတူ ကြည်လင်သန့်စင်တဲ့ အနာဂတ်သစ်က အင်အားအပြည့်နဲ့ ကြိုဆိုနေသင့်တယ်….. မဟုတ်ပါလား”
အမ်ဇက်အေ 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif