ဇန်နဝါရီလကုန်ပိုင်းတွင် ပြည်ပနိုင်ငံများသို့ အလည်အပတ် ခရီးထွက်ခွာခဲ့သော စွယ်စုံရအနုပညာရှင် ကိုဇာဂနာသည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ ရောက်ရှိခဲ့ပြီး သုံးနှစ်တာ ဝေးကွာခဲ့သည့် မိသားစုနှင့် ပြန်လည်တွေ့ဆုံပွဲကို ၂ဝ-၂-၂ဝ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မိသားစုတွေ့ဆုံပွဲတွင် ပြည်ပနိုင်ငံရောက် မြန်မာမိသားစုများ အသင်းမှပရိသတ်များက စုပေါင်းဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ပြီး အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာပြည်မှ ကျော်ကြားသည့် ဂီတပညာရှင်ကြီး တစ်ဦးဖြစ်သည့် အဆိုတော် ဒေါ်မာမာအေး တက်ရောက်၍ အမျိုးသားသီချင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းသီချင်းများ ဂုဏ်ပြုသီဆို ပေးခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံရောက် ကိုဇာဂနာသည် မြန်မာမိသားစုနှင့် တွေ့ဆုံ၍ မိတ်ဆက် ဟောပြောမှုများအပြင် ၄-၁-၂ဝ၁၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့ ရုပ်ရှင်ပွဲတော်မှ ဇာတ်ကားများဆုရ ဒါရိုက်တာများ၏ ကားသစ်များနှင့် ၈၈ မျိုးဆက်တို့၏ နှုတ်ခွန်းဆက်စကားများကို တင်ဆက်ပြသခဲ့ကြောင်း သိရသည်။ အဆိုပါမိတ်ဆုံစားပွဲနှင့် ဂုဏ်ပြုပွဲအတွက် ပြည်ပရောက် မြန်မာပရိသတ်များက မိတ်ဆုံပွဲတော် ဖြစ်မြောက်ရေးအတွက် ကမကထ ပြုလုပ်လှူဒါန်းမှုများ ပြုလုပ်ရာမှရရှိသော ငွေကြေးများကို အကျဉ်းသားဟောင်းများ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုသွား မည်ဖြစ်ကြောင်း ကိုဇာဂနာက ပြောကြားသည်။ စွယ်စုံmedia groupမှကူးယူတင်ပြသည်
0 comments:
Post a Comment