ဂါဇာတွင် လူ ၂၅ ဦးသေဆုံးစေခဲ့သော လေးရက်ကြာပစ်ခတ်မှု အပြီးတွင် အီဂျစ်၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် အစ္စရေးနှင့် ဂါဇာရှိ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ Popular Resistance Committees (PRC)တို့အကြား အပစ်အခတ်ရပ်ရန် မတ်လ ၁၃ ရက်က သဘောတူညီမှုရခဲ့ကြောင်း သိရသည်။
အစ္စရေး တာဝန်ရှိသူများနှင့် အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့တို့က ယင်းသဘောတူညီချက်အပေါ် အသီးသီး အတည်ပြုခဲ့သော်လည်း တစ်ဘက်ဘက်က စည်းဖောက်ပါက သဘောတူညီချက်မှာ ပျက်သွားနိုင်ကြောင်း သတိပေးခဲ့သည်။ ''ဒါနားလည်မှု ယူထားတာပါ။ အခြေအနေတွေက တည်ငြိမ်နေပါပြီ။ ဒီထိပ်တိုက်တွေ့ဆုံမှုတွေက နောက်မှာကျန်ခဲ့ပါပြီ'' ဟု အစ္စရေးဘက်မှ Home Front Defence ၀န်ကြီး မာတန်ဗီလ်နိုင်က အစ္စရေးအစိုးရ အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။
ဂါဇာရှိ(PRC) စစ်သွေးကြွအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်က အစ္စရေးအနေဖြင့် မိမိတို့ အဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လုပ်ကြံခြင်းများ ရပ်တန့်ပါက ယင်းသဘောတူညီချက်ကို သဘောတူသည်ဟု အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Daud Shihab က ပြောကြားခဲ့သည်။ အစ္စရေးတို့၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် (PRC) မှ ခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သဖြင့်ယင်းအဖွဲ့က အစ္စရေးတောင်ပိုင်း သို့ ဒုံးကျည် ၁၀၀ ကျော်ဖြင့် ပစ်ခတ် ခဲ့ခြင်းဖြစ်ကာ အစ္စရေးက လေ ကြောင်းထိုးစစ်ပြန်လည်ဆင်နွှဲခဲ့ ခြင်းဖြစ်သည်။ အစ္စရေးဝန်ကြီးကမူ ယခုသဘောတူညီချက်တွင် စစ်သွေးကြွတို့အပေါ် နှိမ်နင်းသည့် စစ်ဆင်ရေးရပ်တန့်မည်ဟု သဘောတူညီချက် မပါကြောင်း ထုတ်ပြန် ခဲ့သည်။ ယခုသဘောတူညီချက်မှာ အသေးစိတ်ကျပြီး အပြန်အလှန် နားလည်မှုပါဝင်ကြောင်း ကြားဝင်စေ့စပ်ပေးခဲ့မှုတွင် ပါဝင်ခဲ့သော အီဂျစ်ထောက်လှမ်းရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သဘောတူညီချက်တွင် လုပ်ကြံမှုများ အပါအ၀င် လက်ရှိ နှစ်ဦးနှစ်ဘက် တိုက်ခိုက်နေမှုများ ရပ်တန့်ရန်ပါဝင်ကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ သို့သော် အပစ်အခတ်ရပ်ရေးအတွက် အီဂျစ်ကို အကူအညီတောင်းခဲ့သော ဟားမားစ်ကမူ ယင်းသဘော တူညီချက်နှင့်ပတ်သက်၍ မှတ်ချက် မပေးခဲ့ပေ။ အစ္စရေးတို့၏ လေးရက်ကြာ လေကြောင်းထိုးစစ်အတွင်း အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့မှ ၁၉ ဦးနှင့် အရပ်သားခြောက်ဦး သေဆုံးခဲ့ကာ လူ ၈၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ဆေးဘက်က ထုတ်ပြန်ခဲ့သည်။ http://www.news-eleven.com/

0 comments:
Post a Comment