အာဖဂန်အရပ်သားကို အမေရိကန်စစ်သားတစ်ဦးက ပစ်ခတ်ခဲ့မှုအပေါ် အလျင်အမြန် စုံစမ်းစစ်ဆေးသွားမည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကတိပြုခဲ့သည်။ စုံစမ်းစစ်ဆေးမှုကို မည်သည့်နေရာတွင် ပြုလုပ်သည်ဖြစ်ပါစေ ယင်းစစ်သားသည် အမေရိကန် ဥပဒေအတိုင်း အတိအကျ စီရင်ခံရမည်ဖြစ်ကြောင်း မတ်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
အိုဘားမားသည် အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းထံ ဖုန်းဆက်ခဲ့ပြီး အာဖဂန်အရပ်သား ၁၆ ဦး သေဆုံးစေခဲ့သည့် ယင်းထိတ်လန့်ဖွယ် ဖြစ်စဉ်အတွက် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ ကဘူးလ်ရှိ အမေရိကန် သံရုံးကလည်း ယင်းပစ်ခတ်မှုအပြီး အမေရိကန်ဆန့်ကျင်ရေး ပြင်းထန်လာနိုင်သည့် အခြေအနေအပေါ် တပ်လှန့်မှု ပြုလုပ်ခဲ့သည်။
မတ်လ ၁၁ ရက်ဖြစ်စဉ်မှာ ၀မ်းနည်းဖွယ်ကောင်းပြီး ထိတ်လန့်တုန် လှုပ်စရာကောင်းသည်ဟု အိုဘားမားက ပြောကြားခဲ့ပြီး ယင်းဖြစ်စဉ်တွင် အပြည့်အ၀တာဝန်ရှိသူ မည်သူ့ကိုမဆို အလျင်အမြန် ဖော်ထုတ်သွားမည်ဟု ကတိပြုခဲ့သည်။ အမေရိ ကန် ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာကလည်း ယင်းစစ်သားသည် ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရနိုင်ကြောင်း သတိပေးခဲ့သည်။
ကန်ဒါဟာပြည်နယ် တောင်ပိုင်းရှိ စစ်စခန်းတစ်ခုမှ အမေရိကန်စစ်သားတစ်ဦးသည် စခန်းမှထွက်၍ ရွာနှစ်ရွာရှိ ရွာသားများကို ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးများအပါအ၀င် လူ ၁၆ ဦးအထိ သေဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းစစ်သားသည် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စခန်းသို့ ပြန်လာခဲ့ကြောင်း အာဖဂန်ရှိ နိုင်ငံစုံတပ် (ISAF) က ထုတ်ပြန်ခဲ့သည်။ ယင်းစစ်သားသည် လက်နက်များ၊ ညကြည့်ကိရိယာများ တပ်ဆင်ကာ မတ်လ ၁၁ ရက် အစောပိုင်းတွင် ထွက်ခွာသွားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ယင်းစစ်သားကို စခန်းအပြင်ဘက်တွင် အာဖဂန်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း အာဖဂန်တောင်ပိုင်းရှိ တပ်မှူးအဗ္ဗဒူဟာမက်ဒ်က ပြောကြားခဲ့သည်။ http://www.news-eleven.com

0 comments:
Post a Comment