http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Mar 2012

‘မော်ကင်းဥဒါန်း’ ရုပ်ရှင်ဇာတ်ကားရိုက်တုန်းက သိပ္ပံခေတ်မှာ မဖြစ်နိုင်တာတွေ ကြုံတွေ့ခဲ့ရကြောင်းပြောပြသူ လူမင်းနဲ့တွေ့ဆုံခြင်း

အနုပညာလောကမှာ အကယ်ဒမီမှတ်တိုင်ကိုလည်း စိုက်ထူနိုင်ခဲ့သူ၊ ကျရာဇာတ်ရုပ်ကို ပီပြင်စွာပရိသတ် ရင်ထဲအထိရောက်အောင် ကြိုးစားပြနိုင်တဲ့သူကတော့ လူမင်းပါ။ လူမင်းနဲ့ တွေ့ဆုံတုန်းဇာတ်ကားတွေအကြောင်း၊ ဗီဒီယို လောကကို ရိုက်ခတ်နေတဲ့ ခိုးကူးတွေ အကြောင်း အင်တာဗျူးဖြစ်ခဲ့ပါတယ်။
 မေး-အစ်ကိုတို့ ပထမအကြိမ် ဆလုံမှာရိုက် ခဲ့တဲ့ဇာတ်ကားက အကြောင်းကြောင်း ကြောင့် ရုံမတင်ဖြစ်ခဲ့ဘူးနော်။ အခုတော့ ‘မော်ကင်းဥဒါန်း’ နာမည်နဲ့ ရုပ်ရှင်ကားကြီး အဖြစ် ဆင်ဆာခွင့်ပြုလိုက်ပြီလို့ ကြားတယ်။ ဒီဇာတ်ကားကြီးမှာ ပင်လယ်ကိုမီးရှို့တဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီးလည်း အမှတ်တရတွေရှိခဲ့တယ်လို့ အစ်ကိုပြောဖူး တယ်။ ပရိသတ်ရှေ့မရောက်ခင် ဒီဇာတ်ကားကြီးနဲ့ပတ်သက်ပြီး အစ်ကို့မှာပြောစရာတွေ ရှိလိမ့်မယ်ထင်တယ်။
ဖြေ-ဒီကားကြီးက နောက်တစ်ကြိမ်မဖန်တီး နိုင်လောက်အောင် သွားရိုက်ရတဲ့ဒေသရော၊ ပါဝင်တဲ့ဇာတ်ကောင်တွေ အင်အားရော အစ်ကိုတို့ အင်မတန်မျှော်လင့်ထားတဲ့ ကားတစ်ကားပါ။ အကြောင်းကြောင်းကြောင့် အပိတ်ခံထားရတော့ အစ်ကိုတို့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ရုံပြန်တင်ခွင့် ရတယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာပါတယ်။ အဲဒီမှာ သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဦးကျော်ဟိန်းတို့၊ ဦးညွန့်ဝင်းတို့ရဲ့ အားပြိုင်သရုပ်ဆောင်မှုတွေ ပါတယ်။ ပြီးတော့ ဆလုံဒေသကို ပထမဆုံး သွားရိုက်တာပဲ။ ‘ပင်လယ်ထက်ကနေဝန်းနီ’ ဆိုတာကလည်း အစ်ကိုတို့ အဲဒီတုန်းကရိုက် တဲ့အနားမှာပဲ သွားရိုက်တာပါ။ ဒီကားကြီးက ၇ နှစ်၊ ၈ နှစ်လောက်ရှိပြီထင်တယ်။ ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ဇာတ်ကားပဲ။ သိပ္ပံခေတ်ကြီးမှာ မဖြစ်နိုင်တာတွေလည်း မျက်မြင်ကိုယ်တွေ့ အစ်ကိုတို့ ကြုံခဲ့ရတာလေ။ တန်ဆောင်မုန်း လပြည့်နေ့မှာ အစ်ကို ပင်လယ်ကိုမီးရှို့တဲ့ ဇာတ်ဝင်ခန်းကို ရိုက်ရတယ်။ အဲဒီ Night ဆင်းန်ကို ရိုက်မယ်၊ ရိုက်မယ်နဲ့စရောက် ထဲကတည်းက ရိုက်နေတာ လုံးဝ မရိုက်ဖြစ်ဘူး၊၊ အဲဒီတန်ဆောင်မုန်း လပြည့်နေ့ကျတော့ နောက်ဆုံးညပဲ။ မနက်ဖြန်ဆို အကုန်ပြန်တော့မှာ။ အဲဒီတော့ အဲဒီညမဖြစ်မနေ ရိုက်ရတဲ့အချိန်မှာ ပင်လယ် ကို မီးရှို့တဲ့အခန်း ရိုက်တယ်။ အဲဒီအခန်းလည်းရိုက်ပြီးရော ကောင်းကင်မှာ ကြယ်တွေစုံနေတာကနေ ချက်ချင်း အုံ့ဆိုင်းပြီးတော့ မိုးကြိုးတွေပစ်၊ မိုးတွေရွာ၊ ပြီးတော့ ထူးဆန်းမှုတွေလည်း အများကြီးကြုံရတယ်။ ရှုတင်ကြီးလည်း ပျက်သွားတယ်။ ရှုတင်ပျက်သွားပြီးတဲ့ အချိန်မှာမှ ခုနကမိုးရွာနေတဲ့ ကောင်းကင်ကို သတိထားပြီးပြန် ကြည့်တော့ ခုနက သူမဟုတ်သလိုဘဲ တိမ်တွေကင်းစင်လို့ ကောင်းကင်မှာရှိသမျှ ကြယ်တွေထွက်ပြီး လင်းလက်နေတာ။ အဲဒါမျိုးတွေ ကြုံရတယ်။ မမျှော်လင့်တဲ့ဟာပေါ့။ ပြီးတော့ ဖလင်နဲ့ရိုက်ခဲ့တာ။ အစ်ကို့ရှေ့ပိုင်း အရုပ်တွေအကုန်ထင်ပြီး အစ်ကိုမီးတုတ်ဆွဲပြီး ပင်လယ်ထဲ ဆင်းတဲ့အရုပ်တွေက ဖလင်ပေါ်မှာ လုံးဝထင်မလာဘူး။ အဲဒီလို ထူးခြားမှုတွေက တော်တော်ထူးဆန်းပါတယ်။ အဲဒီအခန်းက ဖလင်ပေါ်မှာအရုပ် မထင်ပေမယ့် ဘေးတွဲရိုက်တဲ့ ဗီဒီယိုပေါ်မှာတော့ အရုပ်ပါလာတယ်။ အဲဒီတော့ မီးရှိုတဲ့ အခန်းကြီးကို တစ်ခုခုအမှားအယွင်း ရှိတယ်ထင်လို့ နောက်ပိုင်းတော့ ဒါရိုက်တာတွေဘာတွေ တိုင်ပင်ပြီး အဲဒီအခန်းကို ပြသင့်သလောက်ပဲ ပြလိုက်တာပေါ့နော်။ သိပ်ပြီး ဂဃနဏမပြတော့ဘူး။ အကယ်ဒမီ  ရကောင်းစေဆိုတဲ့ မျှော်လင့်ချက်တော့ လုံးဝ မရှိပါဘူး။ တစ်ခုပဲ။ အဲဒီမှာ နေနဲ့ရေကြား တအားအပင်ပန်းခံပြီး ရိုက်ထားတဲ့ကား ဖြစ် တဲ့အတွက် ပရိသတ်ရှေ့ကို ထိုက်ထိုက်တန်တန် ချပြချင်တာလေး တစ်ခုပါပဲ။
မေး-အနုပညာလောကရဲ့အကြီးမားဆုံးဂယက် တစ်ခုဖြစ်တဲ့ ခိုးကူးကိစ္စကို မေးချင်ပါတယ်။ ၂ဝ၁၂ အကယ်ဒမီပေးပွဲမှာ ကိုဝေဠုကျော် က ကျေးဇူးတင်စကားပြောတော့ ခိုးကူး ကိစ္စကို အလေးပေးပြောသွားတယ်။ အဲဒါ ရဲ့နောက်ဆက်တွဲအကျိုး ရလဒ်လို့ပဲ ပြောရမလားပဲ။ အခုဆိုရင် ခိုးကူးတွေကို အများကြီးကြပ်မတ် လာတာတွေ့ရ တယ်။  ဒီလို ခိုးကူးတွေကို အရင်ကထက် တင်းကျပ်တာက ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိစေလဲဆိုတာကို အစ်ကို့ရဲ့အမြင်ကိုလည်း သိချင်ပါတယ်။    
ဆက်လက်ဖော်ပြပါမည်၊၊http://popularmyanmar.com/mpaper/archives/38912

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif