http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

19 Mar 2012

ဧရာဝတီမြစ် အထက်ပိုင်းဒေသများတွင် အဆိပ်ဖြစ်စေသည့် အမိုးနီးယားဓာတ် ပုံမှန်ထက် ပိုမိုပါဝင်နေ


ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော မေခမြစ်အတွင်း ရွှေလုပ်ကွက်များမှ ရေဆိုးရေညစ်များ စီးဆင်းနေသည်ကို မတ်လ ပထမပတ်က တွေ့ရစဉ်
၂၀၁၂ နှစ်စပိုင်း တိုင်းတာ စစ်ဆေးချက်များအရ ဧရာဝတီမြစ်၏ ရေအရည်အသွေးသည် မြစ်အထက်ပိုင်း ဒေသများတွင် လူနှင့်ရေနေ သတ္တ၀ါများအတွက် အဆိပ်ဖြစ်စေသော အမိုးနီးယားဓါတ်များ ပုံမှန်ထက် ပိုမို ပါဝင်နေကြောင်း မြန်မာနိုင်ငံရေ သုတေသနဌာနမှ သိရှိရသည်။
မြစ်ရေ အရည်အသွေး တိုင်းတာစစ်ဆေးရာ၌ WHO ၏ စံသတ်မှတ်ချက်များအတိုင်း စစ်ဆေးလျက်ရှိကြောင်း၊ အဆိုပါသတ်မှတ်ချက်နှင့် မကိုက်ညီသော ရေကို အသုံးပြုပါက လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်အနည်းနှင့် အများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဧရာဝတီမြစ်ရဲ့ ရေအရည်အသွေးကို စစ်ဆေးနေပါတယ်။ လက်ရှိမှာတော့ ဧရာဝတီမြစ် အထက်ပိုင်းဖြစ်တဲ့ မန္တလေးမြို့ရဲ့ မြောက်ဘက်ပိုင်း ဗန်းမော်က နေမန္တလေးအပိုင်းကို စစ်ဆေးပြီးသွားပါပြီ။ စစ်ဆေးချက်တွေအရ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းမှာ အမိုးနီးယား ဓါတ်တွေ ပိုမိုပါဝင်နေတာ တွေ့ရပါတယ်။ အမိုးနီးယားဓါတ်က လူနဲ့ ရေနေသတ္တ၀ါတွေအတွက် အဆိပ်ဖြစ်စေပါတယ်''ဟု ပြောကြားခဲ့သည်။


''မြစ်ရေအရည်အသွေး စစ်ဆေးတာကို အရင်က နှစ်စဉ် မလုပ်ဖြစ်ပါဘူး။ ၂၀၀၆ ခုနှစ်က တစ်ခါလုပ်တယ်။ ၂၀၀၉ ခုနှစ်မှာ တစ်ခါလုပ်ဖူးတယ်။ ချင်းတွင်းမြစ်မှာတော့ ၂၀၁၀ ပြည့်နှစ်က တစ်ခါ စစ်ဆေးဖူးတယ်။ စစ်ဆေး ချက်တွေက parameter ၁၄ ခုနဲ့ တိုင်းတာနေတာပါ။ အရင်က မြစ်ရေကို ယူပြီးနောက်မှ စစ်တဲ့သဘော။ အခုမြစ်ရေကို အခုယူ အခုစစ် လုပ်နေတာပါ။ မြစ်ရေမှာ ရှိသင့်ရှိထိုက်တဲ့ စံအတိုင်း ရှိမနေတာတွေကို စစ်ဆေး ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်'' ဟုလည်း ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမိုးနီးယားသည် ရေနေသတ္တ၀ါများအတွက် အဆိပ်ဖြစ်စေကြောင်း၊ အပင်များက သတ္တ၀ါများထက် အမိုးနီးယားအား လက်ခံနိုင်မှု ပိုများပြီး ကျောရိုးမဲ့သတ္တ၀ါများသည် ငါးများထက် အမိုးနီးယားအား ပိုမိုခံနိုင်စွမ်း ရှိကြောင်း သိရှိရသည်။ ငါးများတွင် ငါးမျိုးပွားနှုန်း အား ထိခိုက်စေကြောင်း၊ ငါးပါးဟက်၊ အသည်းနှင့် ကျောက်ကပ်ရှိ တစ်ရှူးများအား ထိခိုက်နိုင်ကြောင်း သိရှိရသည်။

ထို့ပြင် လူသတ္တ၀ါများတွင် ကိုယ်ဟန် အနေအထား ဟန်ချက်ညီမှု လျော့ပါးခြင်း၊ တက်ခြင်း(Coma) ကိုးမားဟုခေါ်သော ကြာမြင့်စွာ သတိလစ်၍ မြောနေခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ အမိုးနီးယား မော်လီကျူး သည် အသက်ရှင်နေထိုင်ခြင်းအတွက် လိုအပ်သော အာဟာရတစ်ခု ဖြစ်သော်လည်း အမိုးနီးယားများ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ပိုမိုများပြားစွာ ပါဝင်မှုသည် ဇီဝဖြစ်စဉ် ပြောင်းလဲခြင်းနှင့် ခန္ဓာကိုယ် တွင် ph  မြင့်မားခြင်းကို ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရသည်။                  

http://www.thithtoolwin.com/2012/03/blog-post_5379.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif