http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Apr 2012

ဒေါ်အောင်ဆန်းစုကြည် မကြာမီ နော်ဝေးနိုင်ငံ လည်ပတ်ရန် နော်ဝေ ၀န်ကြီးချုပ်ဟောင်း စီစဉ်နေ

DASSK in Kalaw


နော်ဝေး ၀န်ကြီးချုပ်ဟောင်း မစ္စတာ ရှယ်လ်မက်ဂ်နဲဘွန်ဒယ်ဘစ် ဦးဆောင်တဲ့ အော်စလိုစင်တာက တာဝန်ရှိသူတွေအနေနဲ့ ယခုလ နောက်ဆုံးပတ်အတွင်း မြန်မာပြည်ကို သွားရောက်တဲ့အခါ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူတွေ တခဲနက် ထောက်ခံမှုနဲ့ အောင်ပွဲဆင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နော်ဝေးနိုင်ငံကို မကြာမီလများအတွင်း အလည်အပတ် လာရောက်နိုင်ခြေ ရှိ၊ မရှိ ဆွေးနွေးနိုင်ကြောင်း ယနေ့မြန်မာက စုံစမ်း သိရှိရပါတယ်။ ဒါပေမဲ့ နော်ဝေးနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်မှာ လာရောက် လည်ပတ်မယ်ဆိုတာတော့ တိတိကျကျ သတင်း မရသေးပါဘူး။ တိုကိစ္စနဲ့ ပတ်သက်ပြီး “လာမယ့် ဂျွန်၊ ဂျူလိုင်၊ သြဂုတ်လဟာ နော်ဝေးနိုင်ငံရဲ့ နွေရာသီအားလပ်ရက်အချိန်လည်း ဖြစ်တာမို့ ကျနော်တို့ဘက်ကတော့ သာယာလှပတဲ့ ရာသီဥတု ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လာစေချင်ပါတယ်။ ဒီခရီးစဉ်ရဲ့ အချိန်ကာလကို ဒေါ်အောင်ဆန်းစုကြည်ကသာ ရွေးချယ်ခွင့်ရှိတာမို့ဘယ်တော့ လာနိုင်မယ်ဆိုတာကတော့ သူကသာ အသေးစိတ် ပြောနိုင်မှာပါ“ လို့ နော်ဝေး၀န်ကြီးချုပ်ဟောင်းနဲ့အတူ ရန်ကုန်ကို လိုက်ပါမဲ့ မြန်မာ့အရေးလှုပ်ရှားသူ နော်ဝေမိတ်ဆွေက ယနေ့မြန်မာကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူလည်း ဖြစ်၊ ၁၉၉၅ ခုနှစ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့စဉ်က တကြိမ်၊ ယမန်နှစ် ဇူလိုင်လကတကြိမ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ကြိမ်တိုင် သွားရောက် တွေ့ဆုံခဲ့ဘူးတဲ့ နော်ေ၀၀န်ကြီးချုပ်ဟောင်း မစ္စတာ ဘွန်ဒယ်ဘစ်ဟာ သူ့ရဲ့ မနှစ်က မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေးနိုင်ငံ လာရောက်လည်ပတ်နိုင်ဖို့ ဖိတ်ခေါ်ခဲ့သလို ထိုခရီးစဉ် အကောင်အထည်ဖော်နိုင်အတွက် အဓိက စီစဉ် ဆောင်ရွက်နေသူလို့လည်း သိရပါတယ်။ အော်စလိုမြို့မှာ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း နော်ဝေးငြိမ်းချမ်းရေးကော်မတီအဖွဲ့က ဦးစီး ကျင်းပသွားခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေနဲ့ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စကားပြောဘို့ စီစဉ်ခဲ့ပေမဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အလုပ်တွေနဲ့ မအားလပ်တာကြောင့် အဲဒီခရီးစဉ် ဖြစ်မလာခဲ့ဘူးလို့လည်း သိရပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ”ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တခု အမြန်ဆုံး ပေါ်ထွန်းလာဖို့ ကျနော်တို့ဘက်က ဘယ်လိုဘဲ စီစဉ်ပေမဲ့၊ ဒီကိစ္စဟာ သူနဲ့ သူ့ရဲ့ နိုင်ငံရေးလုပ်ငန်းတွေအပေါ်မှာလည်း တိုက်ရိုက် သက်ဆိုင်နေပါတယ်”လို့ အဆိုပါမိတ်ဆွေက ထပ်မံ ပြောပြပါတယ်။ နော်ဝေးနိုင်ငံက ချီးမြှင့်တဲ့ ၁၉၉၁ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆု အပါအ၀င် နိုင်ငံတကာက ဂုဏ်ပြု ချီးမြှင့်တဲ့ဆုပေါင်း ၁၀၀ ကျော်ရရှိခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့နိုင်ငံပြင်ပခရီးစဉ် အကောင်အထည်ပေါ်ခဲ့ရင် ပထမဆုံးအနေနဲ့ နော်ဝေးနိုင်ငံကို သွားလိုတဲ့ဆန္ဒ ရှိနေခဲ့ပြီုး “ကျမ အခုလို ဘာကြောင့် ဒီနိုင်ငံကို ရွေးချယ်ခဲ့ရလည်းဆိုရင် မြန်မာပြည်သူတွေ အကူအညီ လိုအပ်နေတဲ့အချိန်မှာ နော်ဝေပြည်သူတွေက မေ့မထားခဲ့လို့ပါ“ လို့ ရန်ကုန်မြို့က သူ့ရဲ့ နေအိမ် သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ဘူးပါတယ်။ လက်ရှိ နော်ဝေးနိုင်ငံ အာဏာရနိုင်ငံရေးပါတီ မြို့နယ် စည်းရုံးရေးခေါင်းဆောင်တယောက်က ဒေါ်အောင်ဆန်းစုကြည်လို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ နိုင်ငံတနိုင်ငံရဲ့ အထင်ကရ ခေါင်းဆောင်တယောက်အနေနဲ့ အော်စလိုမှာ ဒီဇင်ဘာလတိုင်း ကျင်းပလေ့ရှိတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ အခမ်းအနား ဖြစ်စေ၊ မေလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် နော်ဝေးနိုင်ငံ အခြေခံဥပဒေ အောင်ပွဲနေ့ (လွတ်လပ်ရေးနေ့) မှာ ဖြစ်စေ လာရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်းလည်း ယနေ့မြန်မာကို ပြောပါတယ်။ “ကျနော်တို့ကတော့ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က ကျင်းပခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့တဲ့ အခမ်းအနားမှာ လစ်လပ်နေခဲ့တဲ့ ထိုင်ခုံလေးကို မြင်ယောင်နေပါတယ်။ လာမယ့် နိုဘယ်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ချင်ပါသေးတယ်” လို့ အဆိုပါ နော်ဝေးနိုင်ငံရေးသမားက ဆိုပါတယ်။ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသားတွေလည်း ဒေါ်အောင်ဆန်းစုကြည် နော်ဝေးနိုင်ငံ လာရောက်လည်ပတ်မဲ့ သတင်း ကြားရတဲ့အတွက် ၀မ်းမြောက် ပျော်ရွှင်နေကြပါတယ်။ နော်ဝေးနိုင်ငံ မြောက်ပိုင်း မြို့ငယ်လေးမှာ နေထိုင်နေတဲ့ ချင်းတိုင်းရင်းသူတယောက်က “ဟိုတုံးက ကျမတို့ ဖရီး ဖရီးအောင်ဆန်းစုကြည် (Free Free Aung San Suu Kyi) နဲ့ အာပေါက်အောင် အော်ခဲ့ရတဲ့ အမေဒေါ်စုကို သိတ် မြင်ချင်တာဘဲ၊ အရမ်း ၀မ်းသာတယ်“ လို့ ပြောပါတယ်။ ဇာတ်မင်းသားတယောက်ဖြစ်ပြီး၊ နော်ဝေးမှာ ကျင်းပတဲ့ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေမှာ မြန်မာ့ရိုးရာအကများနဲ့ မကြာခဏ တင်ဆက် ကပြလေ့ရှိတဲ့ မင်းသားငယ်ဇော်ကလည်း “ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတဲ့ သတင်း ကြားတော စိတ်ကူးယဉ်ပြီး အားတက်နေတယ်။ အဝေးရောက်ပြီး အိမ်မပြန်နိုင်လို့် အားငယ်နေတဲ့ သားသမီးတွေဆီ အမေကိုယ်တိုင်လာပြီး တွေ့သလိုမျိုး ခံစားနေရတယ်။ ကိုယ်တတ်တဲ့ အနုပညာနဲ့ အစွမ်းကုန် ကြိုဆို ဂုဏ်ပြု ဖျော်ဖြေချင်တယ်”လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နော်ဝေ လာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး ၁၉၉၀ ခရမ်းမြို့နယ်၊ ရွေးကောက်ခံအမတ် ဦးကျော်သွင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ရက်ကို တိတိကျကျ သိရပြီဆိုတာနဲ့ နော်ဝေမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားများအရေး ဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့တခု ဖွဲ့မယ်။ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နော်ဝေးနိုင်ငံအနှံ့နဲ့ ဥရောပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အဆင်ပြေပြေ တွေ့ဆုံသြ၀ါဒ ခံယူနိုင်ဘို့ စီစဉ်ဆောင်ရွက်ပေးဘို့ ရှိပါတယ်“ လို့ ဆိုပါတယ်။ ယခုနှစ်ဖေဖော်ဝါရီလက မြန်မာပြည်ကို အလည်အပတ်သွားခဲ့တဲ့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်တုန်းက နော်ဝေးပါလီမန်မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ လာရောက် လေ့လာဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် မကြာမီကာလမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်တချို့ နော်ဝေးနိုင်ငံသွားရောက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကစပြီး လှုပ်ရှားနေတဲ့ နော်ဝေးအခြေစိုက် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတချို့ရဲ့ အကူအညီနဲ့ မြန်မာလူငယ်အချို့ကို နှစ်စဉ် နော်ဝေးနိုင်ငံကို ခေါ်ယူပြီး လေ့လာရေးနဲ့ အလုပ်ရုံဆွေးနွေးပွဲသင်တန်းတွေလည်း ပေးလေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေးနိုင်ငံခရီးစဉ်အတွင်း နော်ဝေနိုင်ငံရဲ့ဒုတိယမြို့တော် ဘာဂင် မြို့ကို သွားရောက်ပြီး ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို တိုဒေါ့ဖ်ရပ်တို လူ့အခွင့်အရေးဆု ချီးမြှင့်ခဲ့တဲ့ ရပ်ဖ်တိုဖောင်ဒေးရှင်းက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ စုံစမ်း သိရှိရပါတယ်။ 
 burmatoday.net/news.

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif