ပြန်လာရသူများပြား
တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်က ရဲဖမ်းခိုင်း၍ ပြန်လည် ရောက်ရှိလာသူမှာ များပြားကြောင်း မန်းရှိ ကစ္ဆပနဒီခရီးသည်နှင့် ကုန် စည်ပို့ဆောင်ရေး လုပ်ငန်းမှ တာဝန် ရှိသူ ဦးသွင်စိုးက ပြောသည်။ ”အဖမ်းခံရလို့ ပြန်လာရတဲ့ သူတွေများတယ်။ ကျွန်တော်တို့ က သူတို့မှာ ပါသလောက် ပိုက်ဆံနဲ့ ရခိုင်ပြန်ချင် ပြန်ပို့ပေးတယ်။ ဒီမှာ အလုပ်လုပ်ချင်ရင် အလုပ်ရှာပေး တယ်။ ရခိုင်-မန်း ခရီးစရိတ်က လူတစ်ယောက်နှစ်သောင်းပါ” ဟု ဦးသွင်စိုးက ရှင်းပြသည်။

ရှင်ပြုချင်လို့ ပိုက်ဆံရှာ
မင်းပြားမြို့နေ အသက် ၂၃ နှစ်အရွယ် ဗိုလ်ခင်စိုး ဆိုသူက ”ရှင်ပုဖို့ထားတဲ့ စပါးတောင်း ၁၅ဝ (တင်း ၆ဝ) ကို ရောင်းပြီး တရုတ်ပြည် အလုပ်သွားလုပ်တာပါ။ မိသားစု မှာ မောင်နှမ ၇ ယောက် ရှိတယ်။ ၇ တန်းထိ ပညာသင် တယ်။ ရှင်ပြုချင်လို့ ပိုပိုက်ဆံရချင် လို့ ရှာတယ်။ အခုတော့ အဲဒါတွေ ဆုံးကုန်တယ်” ဟု ဗုဒ္ဓဘာသာတို့၏ ထုံးစံ ရှင်ပြုမင်္ဂလာ ပြုချင်နေသူ ရခိုင်အမျိုးသားလေး က ရှင်းပြသည်။ ”ကျွန်တော်တို့က ပန်းရံလုပ်တယ် အရင်က ရွှေလီမြို့ပေါ်မှာ အဆင်ပြေတယ်။ အခုနေရပ်ပြန်ပြီး လိုက်ချင် တဲ့သူတွေ ခေါ်ပြီး ပြန်တော့ မလို့လုပ်နေတာ။ အခုလို ပြန်ပို့ခံရတယ်ဆို သွားသင့် မသွားသင့် စဉ်းစားနေတာ”ဟုမြေပုံ မြို့နေ ကိုအေးမြင့်က တရုတ်ပြည် အလုပ်သွားလုပ်ဖို့ ချိန်ဆနေကြောင်း ပြောသည်။ ပုဏ္ဏားကျွန်းကျေးရွာမှ ကိုကျော်စိုးက”ကျွန်တော်ကဘုန်းကြီးကျောင်း ထွက်၊ ၁၅ နှစ်သားကတည်းက လယ်လုပ်တာ။ နွေရာသီ အလုပ် မရှိလို့တရုတ်သွားလုပ်တာ တစ်ရက် ယွမ်း ၅ဝ ရမယ်ပြောတယ်။ ထမင်း ကျွေးတယ်။ အိပ်စရာပေးတယ်။ ထမင်း အဝစားရတယ်။ ဟင်းက ဂေါ်ဖီနဲ့ လက်မအရွယ် ဝက်သား နှစ်ဖတ်လောက် စားရတယ်။ အဲဒီမှာ ဗမာ၊ ရှမ်း၊ ရခိုင် များတယ်။ ၇ ရက်ကတ် အစိမ်း၊ တစ်လကတ်ပြား အနီနဲ့ ဝင်ကြတာ များတယ်။ ရက်ပြည့်ရင် ခိုးပေါက် က ပြန်ထွက်၊ နန်းတော်ပေါက်က ပြန်ဝင် ဒီလိုပဲ လုပ်စားနေတာပါ။ ဒီနှစ်မှ အခုလို ဖမ်းပြီး ပြန်ပို့ခံနေရတာ များတယ်။ ကချင်ဘက်က အဆင်မပြေလို့ တရုတ်ဘက် တက်ကြတာများတယ်” ဟု ပြောပြသည်။

အိမ်မပြန်ပါ
အဆိုပါ ကျွဲဆည်ကန်ရှိ ကစ္ဆပနဒီ ရခိုင်ဂိတ်တွင် ဧပြီ ၂ဝ ရက်က ပြန်ရောက်သူ ၂ဝ ဦး ရှိ ကြောင်း၊ တချို့မှာ ကချင်ပြည်နယ် ဘက် အလုပ်လုပ်ရန် ဆက်လက်သွား ရောက်မည်ဟု သိရသည်။ ”ရခိုင်ပြန်လည်း ဘာလုပ်စားရမလဲ သိဘူး။ ပိုက်ဆံကလည်း မရှိတော့ မိသားစုကို ဘာလုပ်ကျွေးမလဲ ကားဆရာတွေ တောင်းပန်ပြီး ကချင်မှာ ရွှေကျင် လုပ်ငန်း လုပ်မယ်” ဟု ဦးစောသိန်း ကပြောသည်။ မွေးရပ်တွင် အလုပ်အကိုင် အဆင်မပြေ၍ တစ်ဖက်နိုင်ငံတွင် အလုပ်သွား လုပ်ကိုင်သော်လည်း လစာ အပြည့်မရ၊ နောက်ရဲနှင့် ပူးပေါင်းကာ အဖမ်းခိုင်းပြီး ပြန်လည် နှင်ထုတ်ခံရ၊ ဒီသံသရာထဲ ဖြတ်သန်းရင်း အိမ်ပြန်ချင်သူတွေ ဘယ်လောက်များပြီ မသိ။ ”စက်ရုံ တစ်ခုမှာ ရန်ဖြစ်တာကို ရဲဝင်ဖမ်းတာ ရဲနှစ်ယောက်သေ သွားတယ်လို့ကြားတယ်။ အဲဒါနဲ့ တခြားစက်ရုံတွေလည်း ဝင်ဖမ်းတာ လူမှုရေးအသင်းတွေက ကူညီပြီး အဖမ်းခံ ရတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီပေးပါတယ်”ဟု မူဆယ် မြို့ခံ တစ်ဦးက ပြောပြသည်။ မွေးရပ်မြေမှာ အလုပ်အကိုင် အဆင်မပြေ၊ လွမ်းရေးထက် ဝမ်းရေးခက် မလှပတဲ့ ဘဝတွေ အဆင် ပြေလိုပြေငြား အိုးပစ်၊ အိမ်ပစ် မိသားစုပစ်ပြီးသွား အလုပ်လုပ်၊ အဝေးရောက် ငှက်များတောင် အချိန်တန် အိမ်ပြန်ကြပေမယ့် အိမ်အပြန် ခက်နေသူများ အတွက် ပုစ္ဆာတစ်ပုဒ် က ယနေ့တိုင် အဖြေမထုတ်နိုင် ကြသေးတာ ဘာကြောင့်လဲ၊ ဘာအတွက်လဲဆိုတာ နှလုံးသားတွေ မှာ အမေးတွေရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။
popularmyanmar.com/mpaper/archives/41094

0 comments:
Post a Comment