အခုရက်ပိုင်းအတွင်း မုခစာမျက်နှာ (Facebook) ပေါ်မှာ အများ စိတ်ဝင်စားကြတဲ့ အကြောင်းအရာ နှစ်ခုကတော့ ကြံ့ဖွတ်အလံတပ် ကားပြူတင်းပေါက်ထဲက ထွက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အလံ အကြောင်းနဲ့ ၂၀၁၂ သြဂုတ် ၂၉ ရက်နေ့ထုတ် သတင်းတမန် (Envoy) ဂျာနယ် အတွဲ ၂၊ အမှတ် ၄၉၊ စာမျက်နှာ ၂၈ တွင် ဖော်ပြထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲတွင် အဆိုတော်လေးဖြူက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို မဲထည့်ခဲ့တဲ့ဆိုတဲ့ အကြောင်းများပဲ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့ ခရီးစဉ်တွေမှာ ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ သတင်းတွေ မြင်တွေ့ခဲ့ကြရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ကန့်သတ်တဲ့သတင်းတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ စည်းရုံးသူတွေနဲ့ တာဝန်ရှိသူတွေကို ကန့်သတ်တဲ့၊ အနိုင်ကျင့်တဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တချိန်ထဲမှာပဲ မဲစာရင်းဆိုင်ရာ မညီမျှမှု၊ မှားယွင်းမှုသတင်းတွေ ကြားခဲ့ရသလို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ မဲဆွယ် စည်းရုံးရေးသတင်းတွေ၊ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ဒေသစာရီခရီးသတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲသတင်းတွေ ပိုမို ထွက်ရှိလာချိန်၊ ရွေးကောက်ပွဲ ကျင်းပမယ့် ဧပြီ ၁ ရက်နေ့ နီးကပ်လာချိန်မှာပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအလံ တပ်ထားတဲ့ တန်ဘိုးကြီး ကားတစီးရဲ့ နောက်ခန်းထဲက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အလံကို မြင်တွေ့ရတဲ့ ဓါတ်ပုံတခု မုခစာမျက်နှာပေါ်မှာ ပြန့်ခဲ့ပါတယ်။ ဓါတ်ပုံကတော့ ကြပ်ပြေးနေပြည်တော်မှာ ကြံ့ဖွတ်အတွက် မဲဆွယ်စည်းရုံးရေးခရီး ထွက်စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်တယ်လို့ ပြောကြပါတယ်။ ဓါတ်ပုံထဲမှာ တွေ့ရတာကတော့ လူသူကင်းမဲ့ကာ ထောက်ခံသူတဦးတယောက်မှ မရှိတဲ့ လမ်းမပေါ်မှာ တန်ဘိုးကြီးကားတချို့ တန်းစီ ရပ်ထားပြီး ပထမဆုံးကားရဲ့ ရှေ့ဘက်မှာ ကြံ့ဖွတ်ပါတီအလံ နှစ်ခုကို တွေ့ရပါတယ်။ သို့သော်လည်း ကားထဲက ထွက်လာတဲ့ အလံကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အလံ ဖြစ်နေပါတယ်။ ဒီ ဓါတ်ပုံနဲ့ ပတ်သက်ပြီး ကားပိုင်ရှင်ရဲ့ မိသားစုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြတယ်လို့ ပြောတာတွေလည်း ရှိပါတယ်။ ဓါတ်ပုံကို ကြည့်ရတာကတော့ နည်းပညာနဲ့ ပြင်ဆင်ထားပုံ မရပါဘူး။ ဒါ့ကြောင့် အများ စိတ်ဝင်စားမယ်လို့ သုံးသပ်မိလို့ ဓါတ်ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်။ နောက်တခါ လူပြောများတဲ့ အကြောင်းအရာတခုကတော့ မတ်လ ၂၉ ရက်နေ့ထုတ် သတင်းတမန် (Envoy) ဂျာနယ် အတွဲ ၂၊ အမှတ် ၄၉၊ စာမျက်နှာ ၂၈၊ အနုပညာသတင်းစာမျက်နှာတွင် အနုပညာရှင်များရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို ဖော်ပြထားရာ “ဧပြီ ၁ ရက်နေ့မှာ ဘယ်ပါတီကို မဲပေးရမလဲလို့ မဆုံးဖြတ်သေးပါဘူး။ ခုက သီချင်းဆိုဖို့ အလုပ်တွေ ရှုပ်နေတယ်၊ မဆုံးဖြတ်ရသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ကြံ့ခိုင်ရေးကို မဲပေးခဲ့တာပါ။ ဘာ့ကြောင့် ပေးလိုက်ရတာလဲဆိုတော့ စိတ်ထဲ ရှိတာပဲ ပေးလိုက်တာပါ။ လေးဖြူ” လို့ ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မုခ စာမျက်နှာပေါ်မှာရော၊ လူငယ်အသိုင်းအ၀ိုင်းထဲမှာရော သို့လော သို့လော အတွေးတွေ ပေါ်ပေါက်ခဲ့ကြပါတယ်။ လေးဖြူတို့နဲ့ အတူတွဲပြီး သီချင်းဆိုနေသူတဦးက ယခင် အစိုးရပိုင်းနဲ့ ဆွေမျိုးသားချင်း တော်စပ်တာမို့ လေးဖြူဆီက အဲဒီလို အသံမျိုး ကြားရတာ ဖြစ်မယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်း အဲဒီအကြောင်းချင်းရာနဲ့ ပတ်သက်ပြီး အသံတွေ ကျယ်လာခဲ့တဲ့နောက်ပိုင်း လေးဖြူက Envoy News Journal တွင် ဖော်ပြထားချက်များဟာ လုံးဝ မှန်ကန်ခြင်း ရှိကြောင်း သဘောရိုးဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အကြောင်း၊ ဂျာနယ်က မည်သူတဦးတယောက်မှ လာရောက် စုံစမ်း မေးမြန်းခြင်း မရှိဘဲ အခုလို ထည့်သွင်း ဖော်ပြခြင်းဟာ မဖြစ်သင်တဲ့ ကိစ္စ ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဂျာနယ် တာဝန်ရှိသူများအနေနဲ့ မမှန်မကန် ဖော်ပြချက်များကို နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာတွင် ပြန်လည် ရုတ်သိမ်းကြောင်း ချက်ခြင်း ကြေငြာပေးဖို့ အလေးအနက် တောင်းဆိုကြောင်း၊ တောင်းဆိုချက်ကို လိုက်နာဆောင်ရွက်ခြင်း မပြုပါက တည်ဆဲဥပဒေများအရ မလွှဲမရှောင်သာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း မတ်လ ၃၀ ရက်နေ့ထုတ် အစိုးရထုတ် သတင်းစာတွင် ကြော်ငြာထည့်သွင်းခဲ့ပါတယ်။ ထိုသို့ လေးဖြူရဲ့ ကြော်ငြာ ပါရှိပြီးနောက် သတင်းတမန် အယ်ဒီတာအဖွဲ့ရဲ့ တောင်းပန်ချက်လည်း အစိုးရထုတ် သတင်းစာတွင် ဖော်ပြလာခဲ့ပါတယ်။ သတင်းတမန် အယ်ဒီတာအဖွဲ့ရဲ့ တောင်းပန်စာတွင် ဂျာနယ်၌ ဖော်ပြခဲ့တဲ့ အချက်အလက်များဟာ သတင်းတမန်သတင်းထောက် ဒေါ်နှင်းသီတာအေး (နေနှင်း) က တယ်လီဖုန်းအမှတ် ၀၉ ၈၀၃၀၄၂၇ သို့ သတင်းတမန်ရဲ့ ရုံးဖုန်းဖြစ်တဲ့ တယ်လီဖုန်းအမှတ် ၀၁ ၅၁၂၇၇၁ မှတဆင့် မတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဆက်သွယ် မေးမြန်းခဲ့ရာ တဖက်မှ ပြန်လည် ဖြေကြားတဲ့ အချက်အလက်များ ဖြစ်ကြောင်း၊ သို့သော် အဲဒီ အချက်အလက်များ လုံးဝ မှန်ကန်ခြင်း မရှိကြောင်း လေးဖြူရဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်သန်းစိုးက အကြောင်းကြားစာ ပေးပို့လာတဲ့အပြင် ၂၀၁၂ မတ်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် လေးဖြူကိုယ်တိုင် အများသိစေရန် ကြော်ပြာ ထည့်သွင်းခဲ့ကြောင်း၊ သတင်းအချက်အလက်အားလုံး လုံးဝ မှန်ကန်ခြင်း မရှိကြောင်း လေးဖြူက သဘောရိုးနဲ့ ကန့်ကွက်တဲ့အတွက် ထို သတင်းအချက်အလက်များကို ပြန်လည် ရုတ်သိမ်းကြောင်းနဲ့ ထိုသတင်း ဖော်ပြခဲ့ခြင်းအတွက် သတင်းတမန် အယ်ဒီတာအဖွဲ့နဲ့ အနုပညာသတင်း တာဝန်ခံ ကိုတ၀မ်းပူက လေးဖြူကို အနူးအညွတ် တောင်းပန်ကြောင်း ဖော်ပြခဲ့ပါတယ်။ သတင်းတမန်ရဲ့ ဖြေရှင်းချက်တွင် တယ်လီဖုန်းအမှတ်တခုက ပြန်လည် ဖြေကြားခဲ့တယ်လို့ ပြောထားပြီး လေးဖြူက မည်သူတဦးတယောက်မှ လာရောက် စုံစမ်း မေးမြန်းခြင်း မရှိဘဲ ထည့်သွင်း ဖော်ပြထားတယ်လို့ ရေးသားထားတဲ့အတွက် လေးဖြူကိုယ်စား တစုံတယောက်ကပဲ ဖြေကြားခဲ့လေသလား၊ ထို ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုကြစဉ် တဖက်နဲ့တဖက် နားလည်မှုများ လွဲခဲ့လေသလားဆိုတာကတော့ ကာယကံများပဲ သိကြမှာ ဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်း မုခစာမျက်နှာထဲနဲ့ လူငယ်တွေရဲ့ စကားဝိုင်းထဲမှာတော့ လေးဖြူက ကြံ့ဖွတ်ကို မဲထည့်ခဲ့တယ်ဆိုတဲ့ကိစ္စဟာ စိတ်ဝင်တစား ပြောဆိုကြတဲ့ အကြောင်းတခု ဖြစ်သွားခဲ့တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
သတင်းတမန် (Envoy News Journal) တွင် ဖော်ပြထားချက်
အစိုးရသတင်းစာထဲက လေးဖြူရဲ့ ကြေငြာချက်
http://burmatoday.net/news.php?news_ID=199
0 comments:
Post a Comment