မန္တလေးအကြောင်းတွေ ပြောဖြစ်ကြတိုင်း ဈေးချိုတော် မြောက်ဘက်ပေါက်က မြီးရှည်၊ ချိန်တန်ပြီ လက်ဘက်ရည်ဆိုင်၊ ခါသင်္ကြန်အဆိုအကနဲ့ သင်္ကြန်ညများစသည်ဖြင့် ဒေါင့်စုံအောင် စကားဝိုင်းတွေထဲ ၀င် ပြောဖြစ်တာမို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဗျားက ရန်ကုန်က ပါ၊ ဘယ်လိုလုပ် မန္တလေးသား ဖြစ်သွားတာလဲ လို့ တအံ့တသြ မေးပါတယ်။ သူ ပြောသလိုပါပဲ ၀င်းလိုက် ရုပ်ရှင်ရုံ၊ မန္တလေးတောင်၊ ဆိုင်းတန်း၊ ဘုရားကြီး၊ ရွှေကျီးမြင်၊ အိမ်တော်ရာ၊ ပေပင်လက်ကြား၊ လူထုတိုက်၊ မန္တလေးရဲ့ နာမည်ကြီး မီးဘေးကြီး နှစ်ခု စသည်ဖြင့်လည်း ကိုယ်က သိနေပြန်ပါတယ်။ အထူးသဖြင့် ဦးကျားကြီး မီးဆိုရင် ဦးကျားကြီးဝင်း၊ ၃၅ လမ်း ဆိုင်ထဲက ပစ္စည်းတွေ မီးထဲပါသွားတာ အမှတ်ရမိလိုက်သလို ဘူတာကြီးအနောက်ဘက်က အမျိုးတွေအိမ် မီးထဲ ပါသွားပြီလားဆိုပြီး ပြေးသွားခဲ့တာကိုလည်း သတိတရ ရှိနေဆဲ ပါ။ ဘာ့ကြောင့်ဆိုတော့ ကိုယ်ကိုယ်တိုင်က တနှစ်တခေါက်ဆိုသလို မန္တလေး ရောက်နေတတ်ပြီး သင်္ကြန်ဆိုရင် ရန်ကုန်သင်္ကြန်ထက် မန္တလေးသင်္ကြန်ကို ပိုပြီး ခုံမင်တတ်လို့ ဖြစ်ပါတယ်။ တခါတရံတော့လည်း မန္တလေးမှာ နှစ်ပေါက်အောင် နေဖြစ်ပါတယ်။ မန္တလေးသင်္ကြန်ကို ရန်ကုန်သင်္ကြန်ထက် ပို နှစ်သက်ဖြစ်တဲ့ အကြောင်းတခုကတော့ မန္တလေးသင်္ကြန်ဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ပိုပြီး နီးစပ်တယ်လို့ ခံစားမိတဲ့အတွက် ဖြစ်ပါတယ်။ နောက်ပြီး သင်္ကြန်အကတွေ၊ သင်္ကြန်ကားတွေကို မိုးလင်း လျှောက်ပတ်ကြည့်တာ၊ နေ့ခင်းပိုင်း ကားနဲ့ လည်၊ ညပိုင်းကျတော့ မဏ္ဍပ်လျှောက်ဆိုသလို သွားဖြစ်ခဲ့တာတွေဟာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့အတွက် ဖြစ်ပါတယ်။ သို့သော်လည်းပဲ မန္တလေးသင်္ကြန်နဲ့ ကိုယ်နဲ့ ဝေးခဲ့တာ နှစ်ပေါင်း ၃၀ နီးပါး ဖြစ်နေပြီး ရန်ကုန်သင်္ကြန်နဲ့ မဆုံဖြစ်တာလည်း ၁၅ နှစ်လောက် ရှိရောပေါ့။ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၂ နာရီရောက်တိုင်း Happy New Year လို့ အော်ကြတဲ့ ခံစားမှုနဲ့ သင်္ကြန်ကာလ ရေပက်တဲ့၊ ရေပက်ခံ ထွက်တဲ့၊ သံချပ်တွေကို နားထောင်တဲ့၊ သင်္ကြန်အကတွေ လိုက်ကြည့်တဲ့ ခံစားမှုနဲ့ကတော့ အတော့်ကို ကွဲပြား ခြားနားပါတယ်။ ဒ့ါကြောင့်လည်း အကြောင်းကြောင်းကြောင့် ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲ ရောက်နေ ရောက်နေ ကျွန်တော်တို့တွေရဲ့ နှလုံးသားမှာ သင်္ကြန်ဆိုတာ ထာဝရ ကိန်းအောင်းနေဖြစ်တာပါ။ တနေ့တချိန်ကျရင်တော့ အဲဒီသင်္ကြန်ကို ပြန် ကြုံရလိမ့်ဦးမယ်လို့ မှိတ်မှိတ်သုံသုံ ယုံကြည်နေသလို မျိုးဆက်သစ်တွေရဲ့ သင်္ကြန်အပျော်တွေကို သူတို့နဲ့အတူ မျှဝေ ခံစား ဖြစ်နေဦးမှာပါ။ ဒီနှစ်မှာတော့ ထူးထူးခြားခြားဆိုသလို SKY NET ရဲ့ အစီအစဉ်နဲ့ မြန်မာသင်္ကြန်ကို အချိန်နဲ့ တပြေးညီ ကြည့်ရပါတယ်။ ကမ္ဘာကြီးရဲ့ တိုးတက်မှုတွေကို အချိန်နဲ့အမျှ ခံစားနေကြရစဉ် ဒို့ ဗမာပြည်ကတော့ နောက်မှာ ကျန်နေဆဲပဲလို့ ခံစားနေဆဲ အခုလို တိုက်ရိုက် ထုတ်လွှင့်မှုတွေ ကြည့်ရတော့ ဒို့တွေဆီမှာလည်း တိုးတက်မှုတွေ ရှိလာပါပြီဆိုတဲ့ ခံစားမှု ဖြစ်ပေါ်လာတာမို့ နည်းနည်းလေးတော့ သက်တောင့်သက်သာ ဖြစ်သွားမိပါတယ်။ ၂၀၀၃ ခုနှစ်များက MRTV 3 အစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စုမှာ ကြည့်ရှုနိုင်အောင် ကြိုးပမ်း စီစဉ်ကြတာတွေ ရှိခဲ့ပါတယ်။ အစီအစဉ်တွေက ၀ါဒဖြန့်မှုကို ဦးစားပေးလွန်းတာနဲ့ နည်းပညာကလည်း ဒီကနေ့လောက်အထိ တိုးတက်မလာသေးတာကြောင့် မြန်မာစစ်အစိုးရ မျှော်မှန်းသလောက် မအောင်မြင်ခဲ့ပါဘူး။ အင်တာနက် ဆက်သွယ်မှုနှုန်းတွေ မြင့်သထက် မြင့်အောင် ဆောင်ရွက်ဆဲကာလ၊ ရုပ်သံလိုင်းတွေကို အင်တာနက်ထဲကနေ ကွန်ပြူတာထဲရောက်အောင် ကြိုးစားနေကြတဲ့ အချိန်တုန်းက အင်တာနက် ဆက်ကြောင်းတွေထဲ ရုပ်သံလိုင်းတွေ ရောက်လာတဲ့တနေ့ကျရင်တော့ ဒို့တွေရဲ့ ရွှေမြန်မာပြည်က ရုပ်သံတွေ တ၀ကြီး ကြည့်ရကောင်းရဲ့ လို့ တိတ်တခိုး တွေးမိပါတယ်။ သို့သော်လည်း အားလုံးကို စစ်အာဏာရှင်တွေ ထိမ်းချုပ်ထားခဲ့တဲ့ ကာလတွေကို ဖြတ်သန်းစဉ်တုန်းက အဲဒီ မျှော်လင့်ချက် အရာမထင်ခဲ့သော်လည်း အခုအချိန်မှာတော့ မြန်မာ့ရုပ်သံကို အင်တာနက် ဖန်သားပြင်မှာ စတင် မြင်လာရပါပြီ။ နောက်နောင်ကာလများမှာတော့ အခုထက် ပိုမိုကောင်းမွန် ပြတ်သားတဲ့ မြန်မာ့ရုပ်သံတွေကို နိုင်ငံတကာကနေ မြင်တွေ့ကြရတော့မယ် ထင်ပါရဲ့။ အခုလို မြန်မာပြည်က ပုံရိပ်တွေကို မြင်ရတော့ နှစ်သက်တာတွေလည်း ရှိရဲ့၊ သဘောမတွေ့တာတွေလည်း ရှိရဲ့လို့ ခံစားမိပါတယ်။ သင်္ကြန်မှာ မူးတာလည်း တွေ့ရမှာ ဖြစ်သလို အပျို၊ လူပျိုပေါက်တွေ ချစ်ကြိုက်ကြ၊ ပြဿနာဖြစ်ကြတာတွေကိုလည်း မြင်ရမှာပါ။ ကိုယ် ချစ်တဲ့သူကို ရေပက်ချင်တာတို့၊ ချစ်သူချင်းကလည်း တွေ့ချင်၊ မိဘတွေ သိမှာကလည်း စိုးတဲ့ အဖြစ်တွေကိုလည်း ဖြတ်သန်းဖူးကြမှာပါ။ သင်္ကြန်ရောက်လာတဲ့အခါ ငယ်စဉ်ကာလ ၆ တန်း၊ ၇ တန်းလောက်ကစလို့ သင်္ကြန်ရေပက်တဲ့ အုန်းလက်မဏ္ဍပ်ကို ကိုယ့်ဖာသာကိုယ် ဆောက်ပြီး ရေပက်တာက အစ၊ ကြီးလာတော့ သူငယ်ချင်းတွေ၊ ညီတွေ စုပေါင်းပြီး ရေပက်မဏ္ဍပ် ထိုး၊ ရေကစားကြတာက အဆုံး မှတ်မိနေမိပါတယ်။ (အခုတောင် သူတို့တွေ ရေပက်မဏ္ဍပ် ဆောက်ကြဦးမယ်နဲ့ တူပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတော့ ဆောက်ဖြစ်ကြတယ်လို့ ပြောရဲ့။) နည်းနည်း အရွယ်ရောက်လာ၊ သောက်ချင် စားချင်ကြတဲ့အခါကျတော့ သောက်မယ်ဆိုရင် တရက် သီးသန့် တနေရာမှာ သောက်ကြ၊ အမတွေ ညီမတွေ ရေကစားကြတာကိုလည်း အနှောက်အယှက် မဖြစ်နေကြနဲ့လို့ ကိုယ့်ဖာသာကိုယ် ထိမ်းကြရတာတွေ ရှိခဲ့သလို သူငယ်ချင်းတွေ၊ ညီတွေရဲ့ ရန်ပွဲတွေ ထိမ်းရတာလည်း ရှိခဲ့ပါတယ်။ အခုအခါမှာ မိန်းကလေးတွေ ဘောင်းဘီဝတ်ပြီး ရေဆော့ကြ၊ ရေပက်ခံ ထွက်ကြတော့ အရင်တုန်းက လုံချည်တွေနဲ့ ရေပက်ကြ၊ ရေပက်ခံထွက်ကြတုန်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတချို့တော့ အနည်းအကျဉ်း ရှင်းသွားကြမယ် ထင်ပါရဲ့။ သင်္ကြန်တခုမှာတော့ လူပျိုကာလသားတွေ ဖြစ်လာကြတဲ့ သူငယ်ချင်းတွေက သူတို့ နှစ်သက်တဲ့ သူတွေကို ရေပက်ချင်ကြ၊ သူတို့ ရေပက်ချင်သူတွေကလည်း သူငယ်ချင်းတွေရဲ့ ညီမတွှေ၊ အစ်မတွေ ဖြစ်နေ၊ ကြံရာမရ ဖြစ်နေကြတော့ ကိုယ်က ဦးဆောင်ပြီး တအိမ်တက် ဆင်း၊ ရေလိုက်လောင်းမယ်ဆိုပြီး စီစဉ်လိုက်ရတာ၊ နောက်တခါ အကြတ်နေ့၊ အတက်နေ့တွေမှာ မုန့်လုံးရေပေါ် လုပ်ကြမယ်ဆိုပြီး သောက်တတ်တဲ့၊ သောက်ချင်တဲ့ ညီတွေကိုလည်း ထိမ်းပြီးသား ဖြစ်၊ အပျိုတွေကို ငမ်းချင်တဲ့ လူပျိုပေါက်စတွေလည်း အဆင်ပြေစေ လုပ်ကြရင်း အိမ်နီးနားချင်း အန်တီတွေ၊ အဒေါ်တွေကိုလည်း တခါထဲ မုန့်လုံးရေပေါ်အတွက် စီစဉ်ပေးဖို့ အကူအညီ ခေါ်ဖြစ်တာက အစပြုလို့ နောက်နှစ်တွေမှာ အဲဒီ အစီအစဉ်က ရိုးရာစဉ်ဆက် ဖြစ်သွားကြတော့ ကျွန်တော်တို့ မဏ္ဍပ်နဲ့ မုန့်လုံးရေပေါ်ဝိုင်းက ရပ်ကွက်ထဲမှာ အစည်ကားဆုံး ဖြစ်သွားခဲ့ပြန်ပါတယ်။ ဒီကနေ့ မြင်ရတဲ့ သင်္ကြန်ပုံရိပ်တွေကို ကြည့်ရတဲ့အခါ ဘုရားကျောင်းကန် သွားပြီး ဥပုသ်သီတင်း ဆောက်တည်သူတွေ တွေ့ရသလို အစဉ်အလာအတိုင်း မုန့်လုံးရေပေါ် လုပ်ကြတာ၊ ဖျော်ရည်တွေ အအေးတွေနဲ့ ဧည့်ခံကြတာကို တွေ့ရတော့ ကြည်နူးစရာ ပါ။ တချို့ပုံတွေထဲမှာ အတိုင်းထက်အလွန် ဖြစ်နေကြတာတွေ မြင်ရတော့ စိတ်ထဲမှာ တမျိုး ဖြစ်မိပါတယ်။ ဒီကနေ့လို ခေတ်ကြီးထဲမှာ ကိုယ့်အိမ်နား အမှတ်မထင် ဖြစ်တဲ့ ဖြစ်ရပ်တခုက အင်တာနက်ထဲ မိနစ်ပိုင်းအတွင်း ပြန့်သွားနိုင်တော့ ဒီလိုကိစ္စတွေကတော့ ကိုယ့်ဖာသာကိုယ်ပဲ ထိမ်းကြရမယ် ထင်ပါရဲ့။ သင်္ကြန် ဖျော်ဖြေမှုတွေမှာ မန်းတောင်ရိပ်ခို (အချို့က မှားပြီး မြနန္ဒာလို့ ပြောနေကြဆဲ ပါ။) သီချင်းက အစ၊ နေကာမျက်မှန်လေးနဲ့ တို့၊ ဘိုဘိုဟန်၊ ဇော်ဝင်းထွဋ်ခေတ်က သီချင်းတွေအလယ်၊ ဟစ်ဟော့၊ ရက်ပ်တွေအဆုံး ဂီတသံစဉ်မျိုးစုံ၊ အကမျိုးစုံကို တွေ့ရပါတယ်။ မန္တလေးက သင်္ကြန်သီချင်းအချို့မှာ မန္တလေးဟန်၊ မန္တလေးသဏ္ဍာန်ကို ထိမ်းနိုင်ဆဲ ရှိတာကိုလည်း သတိထားမိပါတယ်။ သားစိုးကတော့ သူ့ဟန်၊ သူ့ပုံစံကို မြန်မာအကတွေနဲ့ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ ခေတ်ပေါ်အကမျိုးစုံကိုလည်း ဒီကနေ့ စင်မြင့်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်။ အဲဒီလို တွေ့တဲ့အထဲမှာ ဘ၀င်မကျတဲ့ အချက် နှစ်ချက် ရှိပါတယ်။ ပထမအချက်ကတော့ ခေတ်ပေါ်အက ကနေသူတွေဟာ သံစဉ်တွေထဲ စီးမျောနစ်ဝင်မနေဘဲ အရုပ်တွေကို လှုပ်ခိုင်းထားသလို ဖြစ်နေတယ်လို့ ခံစားရတဲ့ ခံစားချက်နဲ့ မန္တလေးမြို့တော်ဝန်မဏ္ဍပ်က မြန်မာအက တချို့နဲ့ ပတ်သက်တဲ့ ခံစားချက် ပါ ပဲ။ ခေတ်ပေါ်အကတွေကို ကြည့်ရတဲ့အခါ လူငယ်တွေကို စင်ပေါ်တင်၊ ဟိုလို လှုပ်၊ ဒီလို လှုပ်ဆိုပြီး ခိုင်းထားတဲ့အတိုင်း လှုပ်နေကြတယ်လို့ ခံစားမိတာကတော့ အနောက်နိုင်ငံက ခံစားချက်နဲ့ ကနေ၊ သရုပ်ဖော်နေတာတွေကို ခံစားမိလျက်သားဖြစ်နေလို့ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း မန္တလေးမြို့တော်ဝန်မဏ္ဍပ်က အကတွေထဲ သတိထားမိတဲ့ ကကွက် နှစ်ကွက်နဲ့ ပတ်သက်ပြီး ခံစားရတာကတော့ အဲဒီလို ဟုတ်ဟန်မတူပါဘူး။ သတိထားမိတဲ့ ကကွက် နှစ်ကွက်အနက် တခုမှာက မိန်းကလေးငယ်တွေကို စင်ပေါ်မှာ ဟိုလျှောက်သည်လျှောက် လုပ်၊ လက်ထဲက ပုသိမ်ထီးကို လှည့် လို့ ပြောထားသလိုပါပဲ။ မြန်မာအကလည်း မဟုတ်၊ ခေတ်ပေါ်အကလည်း မမြည်၊ ကြည့်ရတာ ဘယ်လိုမှ အံမ၀င်ပါဘူး။ နောက်ကကွက်တခုမှာလည်း ရေဖလားကို ကိုင်ထားခိုင်းပြီး လှုပ်ခိုင်းနေတာ၊ စင်ပေါ်မှာ ဟိုသွားသည်သွား သွားခိုင်းတာလို့ ထင်မှတ်မိပါတယ်။ မြန်မာအကဆိုရင်လည်း မြန်မာလို ပီပီသသ သင်္ကြန်အက က။ ဒါမှမဟုတ် ခေတ်ပေါ်အကဆိုရင်လည်း ခေတ်ပေါ်အကလို က၊ အဲဒီလို သီးသီးခြားခြား ဖန်တီးတာက အခုလို ဗုံမဟုတ်၊ ပတ်မဟုတ် လုပ်တာထက် ပိုကောင်းမလားလို့ စဉ်းစားမိပါတယ်။ ကြပ်ပြေးနေပြည်တော်က သားစိုးရဲ့ အစီအစဉ်မှာတော့ ကတဲ့သူတွေက ဇာတ်ထဲက ဖြစ်မယ်ထင်ရဲ့၊ ဟစ်ဟော့သံစဉ်နဲ့ မြန်မာအကကို စည်းချက် မကျ၊ ကျအောင် ကနေတာ တွေ့ရပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကြီးထဲ တိုင်းပြည် စီးပွားရေး ချွတ်ချုံကျခဲ့သော်လည်း သင်္ကြန်ကာလဆို အလယ်တန်း၊ အထက်တန်းကျောင်းသူတွေ သင်္ကြန်အကတွေ ကကြတော့ ဘယ်လိုဖြစ်ဖြစ် အစ်မတွေ၊ ညီမတွေအနေနဲ့ အနည်းဆုံး သင်္ကြန်အက၊ ကဗျာလွတ်လောက်တော့ သိကြပါတယ်။ ကျွန်တော်တို့ ကျောင်းမှာဆို အကသင်တဲ့ ဆရာ ရှိပါတယ်။ သူက ကျောင်းသင်ခန်းစာကို သင်သော်လည်း မြန်မာအကရဲ့ အခြေခံကို သိတော့ မြန်မာအကကို ကောင်းကောင်း သင်ပေးတတ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ သူငယ်ချင်း မိန်းကလေးတွေ ခေတ်ဆန်ဆန် ၀တ်စား ဆင်ယင်နေထိုင်ကြပေမယ့် မြန်မာ့ရိုးရာအကရဲ့ အခြေခံကိုတော့ တီးမိခေါက်မိ ရှိကြတာကို တွေ့ရပါတယ်။ အခုလိုကာလ မြန်မာပြည်မှာ ဒေါ်လာသန်းနဲ့ချီ ချမ်းသာ ကြွယ်ဝသူတွေ ရှိနေလေတော့ အစိုးရက မတတ်နိုင်ဘူးဘဲ ထား၊ အနည်းဆုံး မြို့ကြီးတွေက အလယ်တန်း၊ အထက်တန်းကျောင်းက မျိုးဆက်သစ် သမီးပျိုတွေကို တနှစ်တခါ သင်္ကြန်မှာ ဖြစ်ဖြစ် မြန်မာအကလေးတွေ သင်ကြားပေးနိုင်မယ်ဆိုရင် တခြားယဉ်ကျေးမှုတွေကို သူတို့တွေ စိတ်ဝင်စားလင့်ကစား မြန်မာ့ရိုးရာကိုလည်း အနည်းဆုံး အတန်အသင့်တော့ ခုံမင်သွားကြမှာပါ။ ဒီ ဆောင်းပါးကို ဘာ့ကြောင့် ရေးဖြစ်သလဲဆိုတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက စကားပြောဖြစ်တဲ့ ဆရာတော်တပါးက ဒီမိုကရေစီ ခေတ်ပြောင်းတာကတော့ ဟုတ်ပါပြီ၊ မြန်မာမှုတွေ ပျက်ကုန်ရင် ဘယ့်နှယ်လုပ်သလဲလို့ မိန့်ကြားတာနဲ့ ဆက်စပ်နေလို့ ပါ။ ကျွန်တော်တို့တွေရဲ့ ရုပ်သံတွေကနေ ကိုရီးယား ယဉ်ကျေးမှု အပါအ၀င် အခြားနိုင်ငံက ယဉ်ကျေးမှုတွေကို ထုတ်လွှင့်နေပြီး ခေတ်ကာလ လူငယ်တွေကလည်း အခြားယဉ်ကျေးမှုတွေနဲ့ လွယ်လင့်တကူ ဆက်စပ်နေချိန်မှာ အခု ဒီမိုကရေစီခေတ်ပြောင်းမှ မဟုတ်ပါ၊ ပြီးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကတည်းက မြန်မာ့ယဉ်ကျေးမှုဟာ ပျက်သလောက် ဖြစ်နေပြီလို့ ပြောရင် အဆိုးမြင်ရာ ကျနေမလား မသိ ပါ။ ဒါ့ကြောင့်မို့လည်း မြန်မာ့ရိုးရာ ဆို က ရေး တီး ပြိုင်ပွဲကြီး ခြိမ့်ခြိမ့်သဲ ကျင်းပတာထက် မြန်မာမျိုးဆက်သစ်တွေရဲ့ နှလုံးသားထဲဆီ မြန်မာ့ယဉ်ကျေးမှုကို အရောက် ပို့သင့်တယ်လို့ မြင်မိတဲ့အတွက် အခု ဆောင်းပါးကို ရေးဖြစ်ခြင်း ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် အခုလို သင်္ကြန်ပုံရိပ်တွေ နှလုံးသားထဲကို တခုပြီးတခု တိုးဝင်နေတဲ့ အချိန်မှာ “ပန်းတိုင်း ပွင့်ပြီး ပွင့်သော ပန်းတိုင်း လန်းဆန်းစေကာ မိမိ ရိုးရာယဉ်ကျေးမှုတွေကို ထိမ်းသိမ်းတတ်တဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ကြရမှာကတော့ အခုအချိန် မိဘတွေနေရာကို ရောက်နေကြတဲ့ ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်တရပ်ပဲ မဟုတ်ပါလား“ လို့ တွေးနေဖြစ်ပါတယ်။
burmatoday.net/news.php?news_ID=28
0 comments:
Post a Comment