http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 May 2012

ခံ စား ချက် အစစ်တွေ ဦးစား မပေးဖြစ်တော့ ဘူး

လူတိုင်းမှာ အနာဂတ် အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ အဲဒီ အနာဂတ် အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မယ့် အခွင့်အရေးတွေ ရဦးမှပါ။
တချို့တွေကတော့ အနာဂတ် အိပ်မက်တွေကို အဆင်ပြေ ချောမွေ့စွာနဲ့ အကောင်အထည် ဖော်နိုင်သလို အခက်အခဲတွေကြားကနေ အကောင် အထည် ဖော်ရတဲ့ သူတွေလည်း ရှိပါတယ်။ ဖွေးဖွေးဆိုတဲ့ အနုပညာရှင်ကတော့ သရုပ်ဆောင် အနုပညာကို ၀ါသနာ ပါတာကြောင့် မိဘတွေရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင် ဖြစ်ခဲ့ပါတယ်။ ဖွေးဖွေးက ပရိသတ်တွေရဲ့ရင်ထဲ၊ အမြင်အာရုံထဲမှာ စွဲထင်နေပြီးသား သရုပ်ဆောင် တစ်ယောက်ပါ။ ဖွေးဖွေးရဲ့ ၀တ်စားဆင်ယင်မှု၊ မိတ်ကပ် ပြင်ဆင်မှုတွေကလည်း ထူးခြားမှု ရှိတာကြောင့် ပရိသတ်တွေရဲ့ သတိထားမှု ပိုပြီးခံရတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အာရုံ စူးစိုက်မှု ခံနေရတဲ့ ဖွေးဖွေးကို ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။

ရွှေအမြုတေ မဂ္ဂဇင်းမျက်နှာ ဖုံးရှင်အဖြစ် ဖွေးဖွေးကို တစ်ခါမှ ဓာတ်ပုံ မရိုက်ဖြစ်သေးပါဘူး။ ဒါ ပထမဆုံး အကြိမ်ပါ။ သင်္ကြန်နား နီးတဲ့ကာလ ဖြစ်သလို ရှေ့ပိုင်းမှာ မျက်စိနာတဲ့ အရှိန်နဲ့ ဇာတ်ကား ရိုက်ကူးရေးတွေ နားထားတဲ့ ဖွေးဖွေးက အခုရက်ပိုင်းမှာ ဇာတ်ကားရိုက်တွေ ဆက်နေပါတယ်။ နေ့ည ရိုက်ကူးရေးတွေ ဆက်နေတာကြောင့် ဓာတ်ပုံ ရိုက်ကူးမှုကို ရှုတင် မရှိတဲ့ ညပိုင်းမှာပဲ စီစဉ် ဖြစ်ခဲ့တာပါ။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးနေတဲ့ အပြင်က အတ္တ၊ အတွင်းကအချစ် ဇာတ်ကားမှာ အိမ်ဖော်မလေး တစ်ယောက်ပုံစံ သရုပ်ဆောင် နေတာကြောင့် ဆံပင်ကို အနက်ရောင် ဆေးများ မှုတ်ထားပါတယ်။ အနက်ရောင်တွေကို ခေါင်းလျှော် ဆေးပြီးမှ ရိုက်ရတာကြောင့် ရှစ်နာရီခွဲကျော် ကိုးနာရီလောက်မှ စပြီး ရိုက်ဖြစ်ကြတာပါ။

ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီး ပြတ်တောက်မှု ညချမ်းမှာ အပြင် ထွက်ရိုက်ဖို့လည်း မဖြစ်တော့တာကြောင့် စတူဒီယိုထဲမှာပဲ အကောင်းဆုံး ဖြစ်အောင် ရိုက်ဖြစ်ခဲ့ကြပါတယ်။ မိတ်ကပ် ပြင်ဆင်မှု၊ ဆံပင် ပြင်ဆင်မှုတွေကို ကိုယ်တိုင် ပြင်ဆင်ရတာ စိတ်ဝင်စားတဲ့ ဖွေးဖွေးက ဓာတ်ပုံ ရိုက်ကူးမှု အတွက် ကိုယ်တိုင် ပြင်ဆင်တာပါ။ အင်တာနက် အသုံးပြုမှုတွေ များပြီး လိုချင်တာတွေ၊ ရှာချင်တာတွေကို အင်တာနက်ကနေ ရှာဖွေသင် ယူနိုင်တာကြောင့် မိတ်ကပ် ပညာကိုလည်း ဖွေးဖွေးက အင်တာနက်ကနေ လေ့လာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ငှက်တောင်ပံပုံကို ခြေထောက်မှာ တက်တူး ထိုးထားတဲ့ ဖွေးဖွေးက အခု အချိန်မှာ ငှက်ဖြစ်ချင်တယ်လို့ ဆိုပါသေးတယ်။

၂၀၁၂ ဧပြီလနောက် ပိုင်းမှာ ဗီဒီယို၊ ဒီဗီဒီဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ဖွေး ဖွေးက ဒါရိုက်တာ ဏကြီး နဲ့ ဒီဗီဒီ တစ်ကားရိုက်ဖို့ စီစဉ်ထားပါတယ်။ ဒါရိုက်တာ ဏကြီးက ဗီဒီ ယို၊ ဒီဗီဒီအနေနဲ့ အခုမှ စပြီး ရိုက်ဖြစ်နေတာပါ။

ဒါရိုက်တာ ဏကြီးနဲ့ ရှေ့မှာ ဒီဗီဒီတစ်ကားရိုက်ထားပြီးပြီဆိုတော့ ဇာတ်ကား အနေနဲ့ တစ်ခါမှ မရိုက်ဖူးတဲ့ သူနဲ့ ရိုက်ဖို့ ဘယ်လို စဉ်းစားရွေးချယ်ဖြစ်ခဲ့တာလဲ။

သူရိုက်တာလေးတွေက ဘိုဆန်ဆန်လေးတွေနဲ့ မိုက်တယ်။ MTV ရိုက်ဖူးတာတွေ ရှိတယ်လေ။ ဘိုမ ဆိုတဲ့ ကားကိုလည်း ဒါရိုက်တာ ဏကြီး နဲ့ရိုက်ဖို့ စီစဉ်ထားတာပဲ။ သူ ရိုက်တာတွေက ဖွေးဖွေးတို့ မြင် ဖူးနေကျမျိုးတွေလည်း မဟုတ်ဘူး။ ဖွေးဖွေးနဲ့ဆိုရင် စိတ်ချင်းတိုက်ဆိုင်တာတွေများတယ်။ ဒီအခန်းမှာ ဒီလိုလုပ်လိုက်မယ် ဆိုရင် သူက လုပ်လို့ပြောတယ်။ MTVတွေ ဘာတွေ ရိုက်တယ်ဆိုလည်း ခေါင်းတုံးဆံပင် ပေါက်နဲ့ ရိုက်လည်းရတယ်။ Unuseal ဖြစ်တဲ့ဟာမျိုးတွေကို သူက ကြိုက်တာများတယ်။ အမူအရာဆိုလည်း အပြင်မှာ လုပ်တဲ့ အတိုင်းလို ပါးပါးလေးတွေပဲ လုပ်ခိုင်းတယ်။

လူငယ် အချင်းချင်း ဆိုတော့ ညှိနှိုင်းရတာ ပိုပြီး လွတ်လပ်မှု ရှိလား။ လူကြီး ဒါရိုက်တာတွေနဲ့ ညှိနှိုင်းရ တာရော ဘယ်လောက်ထိ လွတ်လပ်မှု ရှိလဲ။
ဖွေးဖွေးကတော့ အနုပညာသမား အားလုံး ညှိနှိုင်းလို့ ရတဲ့သူတွေချည်းပဲ တွေ့ဖူးတယ်။ အကုန်လုံးနဲ့ အဆင် ပြေပါတယ်။ ဒါပေမဲ့ Taste တစ်မျိုးစီပေါ့။

ကိုယ်ပိုင် Create လုပ်ရတဲ့အပိုင်း ဘယ်လောက်ထိ ရမှ ပိုပြီး လုပ်ချင်တာမျိုး ရှိလဲ။

အဲဒါမျိုးကျတော့ သမားရိုးကျ ဇာတ်လမ်းတွေ ဆိုရင် သိပ်ပြီးမရိုက်ချင်ဘူး။ အချိန်ကုန် ပေးရတာ အချင်းချင်း အတူတူပေါ့နော်။ အဲဒီ လောဘ တစ်ခုတော့ ရှိတယ်။ ဇာတ်လမ်းတစ်ခု အနေနဲ့ ဇာတ်ကောင် သီးသန့် ရှိတယ်ဆို တာမျိုးဆိုရင် မိတ်ကပ်၊ ဆံပင်၊ အ၀တ်အစားတွေကိုသီးသန့် ပြင်ဆင်လို့ရတယ်။ ဥပမာ- စိတ်ပျော့တယ်။ အူကြောင်ကြား၊ ဇဝေဇ၀ါဖြစ် တတ်တဲ့ ပုံစံမျိုးဆိုရင် တစ်မျိုးပေါ့။ ဖွေးဖွေးက Character ရူးတယ်။ ဖွေးဖွေးက ထူးထူးခြားခြား ပုံစံလေးတွေ လုပ်ချင် ပေမဲ့ မြန်မာပြည်ရဲ့ရိုက်ကူးမှု အနေအထား အရ အချိန်ကြာလာရင် ရိုက်ကူးမှုတွေက ထပ်လာတာ များတယ်။

ဖွေးဖွေးတို့က လုပ်လာတာ မကြာသေးတော့ တစ်ခု ပြီးတစ်ခု အသစ်တွေ လုပ်ရသလို ဖြစ်နေသေးတော့ တက်ကြွနေသေးတယ်။ ဘယ်အချိန်မှာ ဇာတ်လမ်းတွေထပ်လာပြီး ကိုယ်လုပ်ဖူးတဲ့ ဇာတ်ကောင်စရိုက်က လေးငါးခါလောက်ဆိုရင် ဘယ်သူမဆို ငြီးငွေ့တာ၊ ရိုးသွားတာတွေ ဖြစ်သွားမှာပဲ။ ဖွေးဖွေးလည်း တစ်နေ့ကျရင် မဖြစ်ဘူးလို့ ပြောလို့မရဘူး။ ဇာတ်ကောင်စရိုက်တူတယ်ဆိုရင်တောင် ဘာလေးတွေမထပ်အောင်လုပ်မလဲဆိုပြီး စဉ်းစားရမှာပဲ။

ဖွေးဖွေး ဇာတ်ကား ရိုက်နေတဲ့အခါ မြင်ရတာက အဲဒီ ဇာတ်ကားထဲက ဇာတ်ကောင်ရဲ့ပုံစံ၊ စိတ်အတိုင်း သွင်းပြီး အပြင်မှာ နေနေတာ တွေ့ရတယ်။ အဲဒါက ဘာဖြစ်လို့လဲ။


အဲဒါက လက်ဦး ဆရာနဲ့ ဆိုင်မယ်ထင်တယ်။ ပြီးတော့ ကိုယ့်ခံယူချက်ပေါ့နော်။ ပထမဆုံးဆုံတဲ့ ဒါရိုက်တာ ဇော်ဇော်၊ သမုဒယ ရုပ်ရှင် ဇာတ်ကား ရိုက်တဲ့သူ။ အိုက်တင်ပိုင်းမှာ ဆိုရင် သူနဲ့ပထမ ဆုံး ဆုံဖူးတာပေါ့။ သူက မျက်နှာ အမူအရာထက် စိတ်ကို အဓိက သင်တယ်။ ပြီးတော့ ကိုဝိုင်းပေါ့။ ကိုဝိုင်းက Character ကို အရမ်းရူး အောင် သင်ပေးတယ်။ ဒီကား ရိုက်နေလို့ ဒီကားကို ပီပြင်ချင်တယ်ဆိုရင် အပြင် မှာလည်း အဲဒီလို နေလိုက်၊ အထဲမှာလည်း အဲဒီလိုနေလိုက်၊ ပေါ့ပေါ့ပါးပါး လုပ်တာထက်စာရင် အရမ်း Serious ကြီးလုပ်တဲ့ဟာက ပိုပြီး အရာ ထင်မယ်လို့ ထင်တယ်။ ပြီးတော့ ဒါရိုက်တာ ဦးမျိုးမင်းပေါ့နော်။ တွေ့ဖူးသမျှ ဒါရိုက်တာတွေက ဖွေးဖွေးကို သင်ပေးကြပါတယ်။
ဇာတ်ကားထဲက ဇာတ်ကောင်ရဲ့စိတ်ကိုပဲ အမြဲထည့် ထားတော့ အပြင်မှာ ဖွေးဖွေး ရဲ့စိတ်က Relax ဘယ်လောက်ထိ ဖြစ်နေမလဲ။

Relax လုံးဝ မဖြစ်သလောက်ပဲ။ နည်းနည်း ကြာလာတော့ အခုဆို Stress အရမ်းများတဲ့ နေ့တွေလည်း ရှိ တယ်။ ကိုယ်ပိုင်ဘ၀မှာ ကိုယ်ဘာခံစားနေရလဲ ဆိုတာ တစ်ခါတလေ မေ့သွားတာမျိုး ရှိတယ်။ တစ်ခါတလေ ည အိပ်ခါနီး သန်းခေါင်လောက် မှ ငါအပြင်မှာ ဘယ်လို ခံစား နေရလဲ၊ ငါဘာဖြစ်နေလဲ၊ တစ်ယောက်ယောက်က ကိုယ့်ကို စိတ်ဆိုးစရာ စကားပြော လိုက်ရင်တောင် တစ်ခါတလေ အလုပ်လုပ်နေရင် စိတ်ဆိုးဖို့ မေ့နေတယ်။ ညကျမှ ပြန်စဉ်းစားတယ်။ ဟာ ငါစိတ်ဆိုးရမယ့် စကားပဲ။ ငါ စိတ်ဆိုးရမယ် ဆိုပြီး ဖြစ် တယ်။ ကိုယ့်စိတ်ကို သတိထားတာတွေ နည်းလာတယ်။ လူဆိုတာ အိမ်တွင်းရေး ပြဿနာ လူမှုရေး ပြဿနာ တွေရှိကြတာပဲ။ အဲဒီ ပြဿနာတွေဖြစ်ခဲ့တဲ့အချိန်တွေဆိုရင်လည်း ပြန်ပြီး Recover လုပ်မယ့်အချိန် အရမ်းနည်းတယ်။ အလုပ်တွေက တစ်ခုပြီး တစ်ခု ဆက်နေတော့ ကိုယ့်ခံစားချက် တကယ့်အစစ်ကို ဦးစားမပေး ရတဲ့အချိန်တွေ များလာတာပေါ့။

အဲဒီလို ပုံစံ များလာတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်နိုင်သေးရဲ့လား။

အဲဒါက ဖွေးဖွေး စိတ်ပူနေတဲ့ အရာပါ။ သတိတော့ အများကြီးထားတယ်။ လူတစ်ယောက်ကို ကြည့်နေရင်တောင်မှ မမြင်ဘူး။ သူက ကိုယ့်ကို စကားပြောနေရင်တောင် ခေါင်းတော့ညိတ်လိုက်တယ်။ သူ ဘာပြောသွားလဲ မသိလိုက်ဘူး။ အိမ်မှာဆို ဖွေးဖွေးကို လှုပ်ခါပြီးမှ ပြောလို့။ စိတ်နဲ့ လူနဲ့ မကပ်ဘူး။ စဉ်းစားနေတာ များတယ်လေ။ နိုင်ငံခြားမှာလို တစ်နှစ်လုံးမှ တစ်ကားတို့ ဘာတို့ အချိန်ယူပြီး ရိုက်တာ မရှိဘူး။ တစ်လကို နှစ်ကား၊ သုံးကားဆက်နေတော့ တစ်ကားနဲ့ တစ်ကား တာဝန် ကြီးတယ်လေ။ အမှားနည်းအောင်လို့ အချိန်ပြည့်ဆိုသလို စဉ်းစားနေရတယ်။

ပရိသတ်ရဲ့ အားပေးမှု မရမှာ၊ မအောင်မြင်မှာစိုးလို့ လုပ်ရင်းကနေ အဲဒီလို ဖြစ်သွားတာလား။

အဲဒီလိုမျိုးတော့ မဟုတ်ဘူး။ အောင်မြင်တာကို အစကတည်းက မတွေးဘူး။ ကိုယ်အရမ်း ၀ါသနာ ပါတဲ့ အလုပ်ကို လုပ်တယ်။ တတ်နိုင်သရွေ့၊ အားရှိနေသရွေ့၊ ကိုယ်အသက် ရှိနေသရွေ့ လုပ်သွားမယ် ဆိုတဲ့ စိတ်နဲ့ လုပ်ဖြစ်တာ။ ဒီနေ့အထိ ကိုယ်ကြိုက်တာတွေပဲ လုပ်နေတာ များတယ်။

ဖွေးဖွေးရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ချက်တွေနဲ့ ဘယ်လောက်ထိ လုပ်နိုင်နေပြီလဲ။
အလုပ်ကိစ္စဆိုရင် အိမ်က ဘာမှ ၀င်မပါကြပါဘူး။ အရင်တုန်းကတော့ အကြံပေးတာတွေရှိပေမဲ့ အခုနောက်ပိုင်းမှာ မေမေတို့လည်း စားသောက်ဆိုင်ဖွင့် ဘာညာဆိုတော့ နည်းနည်းအနေဝေးသွားကြတယ်။ ကားရိုက်သွား၊ ပြန်လာရင် ပင်ပန်းပြီး အိပ်၊ မေမေတို့ကလည်း ဆိုင်ကို မိုးချုပ်မှသိမ်းတော့ သိပ်မတွေ့ဖြစ်တာ များတယ်။ တစ်ပတ်တစ်ခါလောက်တော့ အချိန်ပေးပြီး စကားပြောဖြစ် တယ်။ သမီး အနေအထိုင် မတတ်တာ၊  အမြင်မတော်တာတွေ ဘာတွေဖြစ်နေပြီလဲ။ ပြောပါဦးဆိုပြီး သွားသွားမေးရတယ်။ တစ်ခါတလေ ကိုယ့်ဘာသာ မမြင်တာတွေရှိတယ်လေ။ ကိုယ့် သာသာတော့ အမြဲသတိထား နေတာပဲ။ တစ်ခါတလေ အရမ်း Stress အရမ်းများပြီး အမြဲဒေါသတွေဖြစ်နေတယ်။ အကုန်လုံးကို လိုက်ပြီး အော်ချင်နေတာ။ နည်းနည်းစိတ်ကို လျှော့ဦးဆိုပြီး မေမေက ပြောတယ်။ အဲဒါဆို စိတ်ကို ပြန်လျှော့တယ်။

အနုပညာ အလုပ်လုပ်မှ အဲဒီလို စိတ်တွေ ဖြစ်တာပေါ့။

ဟုတ်တယ်။ အရင်တုန်းကဆိုရင် ဖွေးဖွေး ကျောင်းတက်နေတဲ့ အချိန်ကဆို လုံးဝလည်း သည်းမခံ တတ်ဘူး။ တစ်ခါတလေ အလုပ်မှာ သည်းခံရတာတွေလည်း ရှိတယ်။ စိတ်နှစ်ပြီး လုပ်ရတာတွေလည်း ရှိ တယ်။ စိတ်ချမ်းသာပြီး လုပ်ရတာတွေလည်း ရှိတယ်။ စိတ်အလိုမလိုက်နိုင်တော့ဘူးပေါ့။ လူတစ်ယောက်ကို ဒီစကား ပြောချင်တယ်ဆို ပြောသင့်လား၊ မပြောသင့်လား စဉ်းစားရတယ်။ ငယ်ငယ်တုန်းကဆိုရင် ပြောချင်တာ ပြောတယ်။ လုပ်ချင်တာ လုပ်တယ်။ ပြီးရင် အရမ်း ပျော်တတ်တယ်။ စကား မပြောချင်ရင် မပြောဘူး။ ပြောချင်ရင် ပြောတယ်။ အခု ကျတော့ ကိုယ်ရိုသေရမယ့် လူတွေက အများကြီး ရှိတယ်လေ။ ဒီလောကထဲမှာ ကိုယ်က အငယ်လိုဖြစ်နေတော့ အကုန်လုံးကို နှိမ့်ချပြီး ဆက်ဆံရတယ်။

အနုပညာ လောကမှာ ခြေနှစ်ချောင်းလုံး စုံရပ်ပြီး ခိုင်ခိုင်မာမာ ရပ်တည် နေနိုင်ပြီလို့ ထင်လား။ တစ်ချောင်းတည်းနဲ့ပဲ ရပ်တည် နေရသေးတယ်လို့ ထင်လား။ ဘယ်လိုထင်လဲ။

အနုပညာ လောကမှာ တင်မဟုတ်ဘူး။ ဘယ်လောကမှာမဆို ဘယ်ခြေထောက်နဲ့ပဲ ဘယ်လို ရပ်နိုင်ရပ်နိုင် အခြေခိုင်အောင်တော့ အမြဲကြိုးစား နေရမယ် ထင်တယ်။ ငါတော့ ခိုင်သွားပြီ။ သုံးလ လောက် ဘာမှ မလုပ်ဘဲ နေလိုက်ဦးမယ် ဆိုပြီး နေလို့ မရဘူး။ အမြဲတမ်း အချိန်နဲ့ အမျှ ကိုယ့်ရဲ့ အရည်အသွေးကို ထိန်းသိမ်း နေရမှာပေါ့။

ဖွေးဖွေး လက်ရှိ ရနေတဲ့ အောင်မြင်မှုကို ဘယ်အတိုင်းအတာထိ ကျေနပ် နေနိုင်ပြီလဲ။

အကျေနပ်ကြီးတော့လည်း မဟုတ်သေးဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ အများကြီး ရှိသေးတယ်။

ဖွေးဖွေးဆိုပြီး ပရိသတ် တော်တော်များများ လက်ခံနေပြီ ဆိုတော့ ရိုက်လို့ မပြီးခင်ကတည်းက စိတ်ဝင်စားနေကြတဲ့ လက်ပံ ရုပ်ရှင်ရုံ တင်ပြသရင် ဖွေးဖွေးရဲ့ အခြေအနေတွေ တစ်မျိုးပြောင်းသွားမယ်လို့ ယုံကြည်လား။

အဲဒါတော့ ကြိုလည်း မတွေးရဲဘူး။ ရင်လည်း ခုန်တယ်။ ရိုက်ထားတာ ကြာပြီဆိုပေမဲ့ အခုထက်ထိ စိတ်က လှုပ်ရှားနေတုန်းပဲ။ လက်ပံ ဇာတ်ကားနဲ့ ပတ်သက်ရင် အနုပညာအရ ကြည့်မယ်ဆိုရင် ကြိုးစားထားတယ်။ အဲဒါကို ပရိသတ်မြင်ပါစေလို့ ဆုတောင်းတယ်။ အကယ်၍ Character ပိုင်းကိုခံစားမယ်။ အပြင်မှာအတိုင်းခံစားမယ် ဆိုရင် သူ့ Character ကြီးက ထူးဆန်းတဲ့ Character ပေါ့။ အဖေကို မုန်းတယ်။ အဖေကို သတ်ဖို့ ကြိုးစားတယ် ဆိုတာ ဗုဒ္ဓဘာသာအနေနဲ့ကျတော့ လန့်စရာတော့ကောင်းတယ်။ Character နည်းနည်းတော့ ပြင်းတယ်။ အဲဒီက Respond အတွက်တော့ မပြင်ဆင်ထားဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပေမဲ့ အောင်မြင်ရမယ်တို့၊ ဘာတို့ကို မမျှော်လင့်မိအောင် ကိုယ့်ဘာသာ လုပ်ထားတယ်။ အဆိုးတော့ မဖြစ်ချင်ဘူး။

ဖွေးဖွေး ပထမဆုံး ရိုက်ဖြစ်တဲ့ သမုဒယ ရုပ်ရှင် ဇာတ်ကားမှာ ဒုတိယ နေရာက သရုပ်ဆောင် ခဲ့ရတာနော်။ အဲဒီဇာတ်ကား အခုအချိန် ရုံတင်ပြသမယ်။ အဲဒီလို နေရာကနေ အခုအချိန်သရုပ် ဆောင်ရမယ်ဆို ဘယ်လို လုပ်မလဲ။

ဒီအချိန်မှာ ရုံတင်ပြသမယ်ဆို တော်တော်ထူးထူး ဆန်းဆန်း ခံစားရမယ် ထင်တယ်။ ဘာမှ မတတ်သေးတဲ့ ရုပ်။ တစ်ခါမှလည်း မရိုက်ဖူးသေးဘူး။ ကျောင်းတက်နေတဲ့အချိန်ကြီး။ ဓာတ်ပုံတောင်မှ ကောင်းကောင်းရိုက်သေးတာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ကိုဇော်ဇော်က လိုက်တယ်၊ ရိုက်ဆိုပြီး ဒုတိယ နေရာက သရုပ်ဆောင်ခဲ့တယ်။ ဒီအချိန်မှာဆိုရင် စဉ်းစားစရာတော့ ဖြစ်သွား ပြီ”လို့ ဆိုပါတယ်။

ဖွေးဖွေးက ၂၀၁၂ ထဲ မှာ ဒါရိုက်တာ ၀ိုင်းနဲ့ ရုပ်ရှင် ကားကြီး တစ်ကားရိုက်ဖို့ စီ စဉ်ထားပေမဲ့ ဒါရိုက်တာ ၀ိုင်းက အကြောင်း မပြန်သေး တော့ မသေချာသေးပါဘူး။ ၂၀၁၂ မေလထဲမှာ စိတ္တဇ ဖြစ်နေတဲ့ ကောင်မလေး အဖြစ် ဘိုမ ဆိုတဲ့ ဒီဗီဒီ ဇာတ်ကားကို ရိုက်ကူးမှာ ဖြစ်ပါတယ်။ ထူးထူးခြားခြားတွေ မလုပ်ဖူးသေးတာတွေ လုပ် ချင်တဲ့ ဖွေးဖွေးအတွက် အသစ် အသစ်တွေ ထပ်ပြီး ရောက်လာဦးမှာပါ။

ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ကူးမှုအတွက် ကူညီပေးကြတဲ့ ဖွေးဖွေး၊ ဓာတ်ပုံ ကိုလင်း(Studio-K) တို့ကို ကျေးဇူး အထူးတင်ရှိ ပါတယ်။ ရွှေအမြုတေပရိသတ်များ ဖွေးဖွေးနဲ့ တွေ့ဆုံမှုကို ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါ။ 
shweamyutay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif