http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Jun 2012

ဆန် မ ဝယ် လျှင် တ ရုတ် သွင်း ကုန် ပိတ် မည် ဆို သည့် သ တင်း မ မှန် ဟု ငြင်း ဆို

မြန်မာနိုင်ငံမှ ဆန်များကို မဝယ်၍ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ လက်တုန့်ပြန်မည်
ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က The Voice Weekly ၏ ဆက်သွယ် မေးမြန်းမှု ငြင်းဆို ပြောကြားသည်။
မြန်မာနိုင်ငံမှ ဆန်များ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရေး အတွက် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံးများအကြား ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ပြီး တိကျသည့် အဖြေကို မရရှိသေးကြောင်း ၊ တရုတ် ပြည်သူ့သမ္မတ နိုင်ငံဘက်မှ မြန်မာ့ဆန် ဝယ်ယူခွင့် ပိတ်ထားခြင်းမှာလည်း အဆိုပါနိုင်ငံရှိ စိုက်ပျိုးတောင်သူများ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်သည့် သဘောဖြင့် ပိတ်ထားခြင်း ဖြစ်ကြောင်း၊ မြန်မာ့ဆန် အရည်အသွေး ညံ့၍ မဟုတ်ကြောင်း ဦးချစ်ခိုင်က ပြောကြားသည်။
“ဒါ ဟုတ်၊ မဟုတ် ဆိုတာတော့ ဌာနဆိုင်ရာပိုင်းကပဲ သိနိုင်မယ်။ ဒါပေမယ့် ဒါ လုပ်သင့်တဲ့ ကိစ္စပဲ။ အခုကိစ္စက ဌာနဆိုင်ရာချင်း ညှိနှိုင်းမှ အဆင်ပြေမယ့် ကိစ္စပါ။ အသင်းကတော့ ဝင်ပြီး လုပ်ပေးလို့ မရဘူး။ တရားဝင် မဝယ်ဘူး ဆိုပေမဲ့ တစ်ရက်ကို ဆန်တန်ချိန် နှစ်ထောင်လောက် တင်ပို့မှု ရှိနေတယ်” ဟု ဝါးခယ်မ ဆန်စပါး ရောင်းဝယ်ရေး၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာ စိုးထွန်းက ဆိုသည်။ အဆိုပါ တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ သွင်းကုန်များကို တင်သွင်းခွင့် ပိတ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း မန္တလေး မြို့တော်မှ မူဆယ်နယ်စပ်သို့ ဆန်တင်ပို့သည့် ဈေးကွက်မှာ ကျဆင်းခြင်း မရှိကြောင်း၊ ပုံမှန်ဝယ်ယူမှုများ ပြုလုပ်လျက် ရှိပြီး မန္တလေး မြို့တော်မှ တစ်ရက်လျှင် ဆန် ၅၀ ကီလိုဂရမ်ပါ အိတ်ရေ တစ်သောင်းခွဲနှင့် အထက် တင်ပို့ ရောင်းချရလျက် ရှိပြီး ယခု ရက်ပိုင်းအတွင်း ပြည်တွင်းမှ ဆန်ကုန်ကြမ်း ရရှိမှု အခက်အခဲကြောင့် တင်ပို့မှု လျော့လာသည့် အတွက် ပို၍ အဝယ်သွက်လျက် ရှိကြောင်း မူဆယ် နယ်စပ်သို့ ဆန်တင်ပို့လျက် ရှိသော မန္တလေး မြို့တော် အခြေစိုက် စံပြနွယ် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးစိုင်းကျော်က ပြောကြားသည်။
“ဒီလို တရုတ်ပစ္စည်း သွင်းခွင့် ပိတ်မယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ပြည်တွင်းမှာ သုံးနေတဲ့ ကုန်ပစ္စည်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်က တရုတ် ပစ္စည်းတွေပဲ။ ဒါက တစ်ယောက်တည်း ထလုပ်လို့ ရတာ မဟုတ်ဘူး။ အများက ညီညွတ်မှ လုပ်လို့ရမယ့် သဘော ရှိတယ်” ဟု မူဆယ်နယ်စပ် ကုန်သည် ဦးရဲဆွေဝင်းက ဆိုသည်။ 
yoyarlay.com/biz/biz/local-biz/27383-2012-06-23-03-54-20

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif