http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Nov 2012

လူမျိုးတိုင်းမှာ သမိုင်းဝင် သူရဲကောင်းတွေ ရှိတယ်



-



ကာတွန်းဆရာ၊ ပန်းချီဆရာ ဟန်လေးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တောင်ကြီးမြို့မှာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းအတန်ကြာနေထိုင်နေတဲ့ ကာတွန်းဟန်လေးက သူ ရှမ်းပြည်နယ်ကို ပြန်ရောက်လာရခြင်း အကြောင်းရင်း၊ မြန်မာပြည်နဲ့တိုင်းရင်းသားများ၊ ဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေ၊ ဦးခွန်ဆာရဲ့ MTA စစ်တပ် စတဲ့ စတဲ့ အကြောင်းအရာများ ပြောပြထားတာကို ဧရာဝတီဘလော့ အင်တာဗျူးမှာ ဖတ်ရှုရမှာပါ။ 
ဂျွန်ချစ်ငြိမ်း (တောင်ကြီး) က တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။

~ မင်္ဂလာပါ ကိုဟန်လေး၊  ထိုင်းကနေ တောင်ကြီးကို ပြန်လာတဲ့ ရည်ရွယ်ချက်က......။

~ ကိုယ့်မြို့ကို မရောက်တာ ကြာပြီမို့ အလည်လာချင်တယ်၊ နောက်ပြီး ငြိမ်းချမ်းရေးအတွက် ကူညီ ဆောင်ရွက်ပေးဖို့ ကျနော့် ရင်ထဲက   ဖြစ်စေချင်တယ်၊ ကူညီချင်တယ်၊  လူတိုင်းလည်း အဲဒီဆန္ဒတွေ ရှိမှာပါ၊  အဲဒီလို ဖြစ်စေချင်လို့ ကျနော်လည်း နှမ်းတစေ့ အဖြစ် ပါဝင် ကူညီ ဆောင်ရွက်ရဖို့ကျနော်  ပြန်လာတာပါ။
~   အင်း ဟုတ်ပါပြီ... ကိုဟန်လေးက ရှမ်းစကားကို အရင်က သိပ်မတတ်ခဲ့ဖူးလို့ သိရတယ်။ အခုရော ဘယ်လိုအခြေအနေ ရှိသလဲ။ 

    ~   ကျနော် ငယ်ငယ်က နည်းနည်း ပါးပါး ပြောတတ်တယ်၊ တောခိုသွားတော့ ပိုပြောတတ်လာတယ်၊  တောထဲမှာက တခြားဘာသာ စကား သိပ်မသုံးဘူး။ ရှမ်းစကားပဲ သုံးကြတယ်၊ အသက်ကြီးမှ ရှမ်းစကားပြောတော့  ကျနော် အ ထစ် အ ထစ် ဖြစ် နေတတ်တယ်ဗျ...ဟားဟား...။
~     ကိုဟန်လေးက ဦးခွန်ဆာရဲ့ စစ်တပ်ဖြစ်တဲ့ MTA မှာ အကြာကြီး လုပ်ခဲ့တယ် လို့ကြားဖူးတယ်...အဲဒီမှာ ဘာတွေလုပ်ခဲ့ရလဲ၊ ဘယ်အချိန်က ဖြစ်မလဲဗျ......။

    ~  အင်း ... အဲဒီမှာ ပြန်ကြားရေး နဲ့ပတ်သက်တဲ့စာတွေ၊ ကာတွန်းတွေ ရေးတယ်၊  နောက်မှ တဆင့် တက်ပြီးတော့ ဦးခွန်ဆာရဲ့ စီးပွားရေးပေါ့  သူ့ရဲ့ ရတနာ အလုပ်ရုံမှာ လုပ်ခဲ့တယ်၊  ပြီးတော့ သူ့ရဲ့ စစ်တပ်ရဲ့ ၀င်ငွေရအောင် အလုပ် လုပ်ပြီးတော့ ကူညီခဲ့တယ်။  ၁၉၉၂ခုနှစ်ကနေ ၁၉၉၅ ခုနှစ် အထိပါ၊  ကျနော် တောခို ခဲ့တာကတော့ ၁၉၈၈ ခုနှစ် ကတည်းကပါ။ 

"လူမျိုးတိုင်းမှာ သမိုင်းဝင် သူရဲကောင်းတွေ ရှိတယ်...အဲဒီသူရဲကောင်းတွေရဲ့ အထိမ်းအမှတ်တွေ ဘာလို့ မမြင်ရတာလဲ..."

~   ကိုဟန်လေးက ရှမ်းတိုင်းရင်းသားတယောက် ဆိုတော့ မြန်မာပြည်နဲ့ တိုင်းရင်းသားတို့ရဲ့ စည်းလုံးညီညွတ်မှုအကြောင်း  ဘယ်လို မြင်ပါသလဲ။  နည်းနည်း ပြောပြပါဦး။~  ကျနော်တို့ နိုင်ငံဟာ ပန်းပေါင်းစုံ ပွင့်လန်းတဲ့ တိုင်းရင်းသားစုံတဲ့နိုင်ငံပါ၊  တိုင်းရင်းသားတွေလည်း သမိုင်း ရှိတာပဲ..လူတိုင်း သမိုင်းရှိတယ်..အဲဒီရှိတဲ့ သမိုင်းကို ချစ်ခွင့်မရဘူး ဆိုရင် အဲဒီလူတွေဟာ တော်လှန်ချင်တဲ့စိတ် ၀င်လာမှာပဲ၊ 
လူမျိုးတိုင်းမှာ သမိုင်းဝင် သူရဲကောင်းတွေ ရှိတယ်...အဲဒီသူရဲကောင်းတွေရဲ့ အထိမ်းအမှတ်တွေ ဘာလို့မမြင်ရတာလဲ... လွတ်လပ်ရေးရတာလည်း တိုင်းရင်းသား အားလုံး ပူးပေါင်းလို့ရခဲ့တာ၊  အခုလည်း ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း တော်နေလို့ မရဘူး..ဒါ ကျနော့် အမြင်၊  မိုးပျံအောင် တော်နေပါစေ ပြည်သူလူထု မပါဘဲနဲ့တော့ မတော်နိုင် မအောင်မြင်နိုင်ပါဘူး။
 အခုလည်း ကျနော် တို့တောင်ကြီးမြို့ဆိုရင် ဓနုတွေ၊ ပအိုဝ်းတွေ၊ အင်းသားတွေ တည်ထား နေထိုင်ခဲ့တဲ့မြို့ပါ..ရှမ်းတောင် နည်းနည်းပဲ ရှိတယ်...အဲဒီမှာ တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ် သူရဲကောင်းရုပ်တွေ မတွေ့ရဘူး... ကဲ ...သူတို့ဘယ်လိုခံစားရမလဲ ... ခင်ဗျား စဉ်းစားကြည့် ..၊  တချိန်က ဗမာတွေ အင်္ဂလိပ်ကို ဘာလို့တော်လှန်ခဲ့သလဲ၊ 
...ဗမာမြေပေါ်မှာ ဆိုတဲ့နိုင်ငံတော်သီချင်းကို သူတို့ရဲ့ ဘုရင်မကြီးကို ဂုဏ်ပြုတဲ့ သီချင်း ဆိုခဲ့လို့ ဘယ်လောက်ထိရင်နာခဲ့ရသလဲဗျာ...ဒီအချိန်မှာ စဉ်းစားကြည့်ဖို့လိုပြီ...အစိုးရလည်း စဉ်းစားဖို့ လိုသလို ပြည်သူတွေလည်း စဉ်းစားဖို့ လိုပြီ ။


~ လူမျိုးကြီး ၀ါဒဆိုတာကို ကိုဟန်လေး ဘယ်လို နားလည်သလဲ။ ဘယ်နေရာမှာ တွေ့ခဲ့ဖူးသလဲ။  
~   လူမျိုးကြီး ၀ါဒက လူတိုင်းမှာရှိနိုင်တယ်၊ ရှိတတ်တယ်၊ လူမျိုးတိုင်း..လူမျိုးတိုင်း ....ကြီးထွားလာပြီ ဆိုရင် သူရဲ့ အတ္တကိုရှေ့တန်းတင်လာတဲ့ အချိန်မှာ ဘယ်လူမျိုးမဆို လူမျိုးကြီးဝါဒ ဆိုတာ ဖြစ်နိုင်တာပဲ ..ကမ္ဘာမှာဆို တရုတ်လည်း ဖြစ်ခဲ့တယ်၊ ဂျာမန်လည်းဖြစ်ခဲ့တယ်။  ဗမာလည်း ဖြစ် နိုင်တာပဲ၊  ရှမ်းလည်း ဖြစ်နိုင်တာပဲ ...လူမျိုးက ကြီးထွားလာပြီဆိုရင် ကိုယ့်ရဲ့ အတ္တစိတ်ကို ရှေ့တန်းတင်ပြီး ငါဘာလဲ ဆိုတာ ဖြစ်လာတာပဲ...၊ ဒီလိုမတွေးဘဲ ဇာတိဗျာ.ကိုယ့်ဇာတိကို မက်မောတဲ့သူတစ်ယောက်ဆိုရင်လည်း လူမျိုးကြီး ၀ါဒ ပြင်းထန်တဲ့ စိတ်တွေ ဖြစ်နေတာပဲ။ ပြီးတော့ အမှောင်ဖုံးတဲ့စိတ်ရှိတဲ့လူတွေမှာ အများဆုံး တွေ့ရတယ်..။ ငါ့လူမျိုး...ကောင်းစားချင်တယ်...ငါ့မိသားစု ..ငါ့မောင်နှမ..ငါ့ အသိုင်းအ၀ိုင်း...ငါ့ကား ငါ့အိမ်... စသဖြင့် သူပဲဖြစ်ရမယ်၊ တခြားသူမဖြစ်စေရဘူး ဆိုတဲ့ အတ္တစိတ်တွေကြောင့် ဖြစ်နေတယ်။
လူမျိုးကြီး ၀ါဒ ၀င်လာတဲ့သူ တစ်ယောက်ဟာ အခြေအနေ အရ ခေါင်းဆောင်တယောက် ဖြစ်သွားရင် ပြသနာတွေ ပိုတက်နိုင်တယ်...၊  သူ့ရဲ့ အတ္တစိတ်ကြောင့်ပေါ့။
   ~  အရင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေကို  အစ်ကို့ ကာတွန်းတွေထဲမှာ မကြာခဏ တွေ့ခဲ့ရတယ်။
သူက ကိုဟန်လေးရဲ့  ဇာတ်ကောင်တကောင်လို ဖြစ်ခဲ့တယ်..အခု သူအနားယူသွားတော့ ကာတွန်းဇာတ်ရုပ်တရုပ် မရှိတော့ဘူး ဆိုတော့ မနှမြောဘူးလားဗျ..။

      ~  ဘယ်လိုခေါ်မလဲဗျ...ခင်ဗျား ဇာတ်ပွဲ ကြည့်ဖူးတယ်မဟုတ်လား..၊ ကန့်လန့်ကာနောက်ခန်းထဲ ၀င်သွားပြီးတဲ့သူကို ဆွဲထုတ်ယူဖို့ မလိုဘူးလေ...သူ့ဟာသူ ၀င်သွားပါစေတော့၊   ကန့်လန်ကာ နောက်ကွယ်မှာ ဘယ်လိုပဲ ကချင် ကပါစေ၊ ဆိုင်းပဲ တီးတီး ၊ အဲဒါ သူ့အလုပ်။ ကျနော့် အလုပ်က ဒီအငြိမ့်စင် ဇာတ်စင် ရှေ့မှာ သူ့ကဏ္ဍ ပြီးသွားပြီ ဆိုတာ လက်ခံရမယ်...တပိုင်းက သူလည်း အသက် ၁၀၀ မကျော်ပါဘူး..၊ အခုကြည့်ရမယ့် ဇာတ်က ကျနော်တို့က ပရိသတ်လည်း ဖြစ်တယ်..၊ ဇာတ်ကို ငှားလာတယ်၊  ပြည်သူတစ်ယောက်လည်း ဖြစ်တယ်..၊ ဒါကြောင့် ဇာတ်စင် ပေါ်မှာ ရှိနေတဲ့ သူဟာ အဓိက ပဲ၊  ကန့်လန့်ကာ နောက်ကွယ်ကို ၀င်သွားတဲ့ သူကို ကျနော်တို့ သိပ်ပြီး အရေးထားဖို့ မလိုဘူး၊ ဒါ ကျနော့် ကာတွန်းရေးတဲ့ အတွေးပဲ။
~  ဟုတ် ... နောက်ဆုံးအနေနဲ့ မေးချင်တာက ကိုဟန်လေးမှာ ကလေး နှစ်ယောက် ရှိတယ်လို့ သိရတယ်။ သမီး နဲ့ သား ဘယ်သူက ကာတွန်းဆရာ သို့မဟုတ် ပန်းချီဆရာ ဖြစ်လာမယ် ထင်သလဲ။

   ~  အင်း ... ကျနော့် စိတ်ထဲမှာတော့ နှစ်ယောက်လုံးကို ဖြစ်စေချင်တယ်..၊ ဒါ ... မျိုးဆက်လေ..၊ ဒါပေမယ့် ဒါ ... သူတို့ သဘောနဲ့ဆိုင်ပါတယ်...ကိုယ်က ဂိုက်လိုင်းပေးရုံပဲရမှာ ..၊ ဒီလိုင်းပေါ် ဒီအတိုင်းသွားရမယ် ဆိုပြီးတော့ လုပ်လို့မရဘူး။

      မေး။။ ဟုတ် ... အခုလို အချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်..... ကိုဟန်လေး။ 

http://blog.irrawaddy.org/2012/11/blog-post_8720.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif