http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Dec 2012

“ဒီတဆိုင်နဲ့တောင် ထမင်းငတ်တော့မယ်”



~ မနေ့က ညနေပိုင်းမှာ တွေ့ရတဲ့ ST ဆိုင် အတွင်းဘက် မြင်ကွင်း ~
- 

လားရှိုးမြို့ အင်တာနက်ဆိုင် လုပ်ငန်းရှင်တယောက်နဲ့ တွေ့ဆုံမေးမြန်းခြင်း
လားရှိုးမြို့မှာ လတ်တလော ကြုံနေရတဲ့ အင်တာနက်မြန်နှုန်းကတော့ လိပ်ကို ကြိုးတုပ်ပြီး ကုန်းပေါ်တင်လိုက်သလိုပါပဲ လို့ ဆိုရပါမယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး လားရှိုးမြို့  သိန္နီလမ်း STအင်တာနက်ဆိုင်က မဆိုင်းတောင်ကို  မေးမြန်းထားပါတယ်။

အင်တာနက်မြန်နှုန်းနိမ့်နေတာ ဘယ်လောက် ကြာသွားပြီလဲ။
ဒီနေ့နဲ့ ဆိုရင် ၁၀ ရက်လောက်ပဲ ရှိသေးတယ်။ ခါတိုင်းနှစ်တွေကတော့ လုံးဝ မကောင်းဘူးပေါ့နော်။ ကောင်းလာတာ ၂ လ ရှိပြီ။ အခုတော့ ပြန်နှေးသွားပြီ။ အရင်တုန်းကတော့ လုံးဝ မကောင်းဘူး။

ဒီဆိုင်မှာက ဘာသုံးသလဲ။
ADSL/512 သုံးတယ်။ တခြားဆိုင်တွေကလည်း အတူတူပဲ။ ADSL သုံးတယ်။ တချို့လည်း sky net နဲ့ တွဲသုံးတာပေါ့။ sky net က ပိုပြီး အဆင်မပြေဘူး။

ပိုပြီးအဆင်ပြေစေမယ့် နည်းလမ်းတွေ ရှိသလား။
ADSL အပြင် sky net ရှိတယ်၊ ip star ရှိတယ်၊ လားရှိုးမြို့မှာတော့ ဒီ သုံးခုပဲ ရှိတယ်။
ဆိုင်ရှင် မဆိုင်းတောင်

မဆိုင်းတောင်တို့ဆိုင်က ဘယ်ဟာကို တွဲသုံးဖို့ စိတ်ကူးထားသလဲ။

ဘာသုံးရမလဲ ဆိုတော့ ဘယ်တခုမှ မငြိမ်တဲ့အတွက် ဘာနဲ့ တွဲသုံးရမယ်မှန်းလဲ မသိတော့ဘူး။ ဘာနဲ့တွဲသုံးရရင် ကောင်းမလဲ ဆိုတာကို လေ့လာနေတာပေါ့။ ဘယ်သူ့ကို မေးရမှန်းတောင် မသိတော့ဘူး။
ကျမတို့ အင်တာနက်ဆိုင်တွေက ပေးထားရတဲ့ ၀န်ဆောင်ခတွေက ဧည့်သည်တွေဆီက ပြန်ရတဲ့ငွေထက် ပိုများနေတော့ အဆင်မပြေဘူးပေါ့နော်။ ဆိုင်ဖွင့်ထားမိလို့သာလျှင် နေ့တိုင်း ဖွင့်နေရတာ၊ စီးပွားရေးအရ လုပ်မယ် ဆိုရင် ထမင်းငတ်မယ့်အလုပ်ပေါ့။
ဂိမ်းဆော့တဲ့သူတွေ ဒီဆိုင်ကို လာဖို့ မစီစဉ်ထားဘူးလား။

ဂိမ်း နဲ့ အင်တာနက် မတွဲတာက ဂိမ်းက ဆူတယ်၊ အင်တာနက်ကကျတော့ ငြိမ်တယ်။ ဂိမ်းက ကလေးတွေဆော့တာ များတယ်၊ ဆော့ရင် ဆူညံနေ၊ အော်ဟစ်နေတယ်။ အင်တာနက် သုံးရင်တော့ ငြိမ်တယ်။ ဒါကြောင့် ဒီနှစ်ခုကို မရောဘူး။ သွားရောလိုက်ရင် ဆိုင်ခန်းရဲ့ အနေအထားနဲ့ ဆိုရင် ပွစိတက်လာမယ်၊ အဆင်မပြေဘူး လို့ ထင်တာပေါ့နော်။
ဒီနားတ၀ိုက်မှာ အင်တာနက်ဆိုင် ဘယ်နှစ်ဆိုင်လောက် ရှိမလဲ။

အရင်တုန်းကတော့ ဒီလမ်းတ၀ိုက်မှာ ၇ ဆိုင်လောက် ရှိတယ်။ ခုတော့ ၂ ဆိုင်ပဲ ကျန်တော့တယ်။
အင်တာနက်ဆိုင် နာမည်ကို ST လို့ ဘာကြောင့် ပေးထားတာလဲ။
ဘယ်ရယ်လို့လည်း မဟုတ်ပါဘူး၊ အဲဒါ ကျမနာမည် အတိုကောက်ပါ။ အဲဒီသဘောပါပဲ။

ဆိုင်ကို လူတွေလာချင်အောင် ဘယ်လို စီစဉ်ထားလဲ။
ခဏတဖြုတ်ပဲ သုံးတယ် ဆိုရင်တော့ တနာရီကို ၄၀၀ ကျသင့်ပါတယ်။ ပုံမှန်ဖောက်သည် Member ၀င်ထားတယ်၊ ၅ နာရီ သုံးမယ် ဆိုရင် တနာရီ ၃၀၀ နှုန်းဖြစ်မယ်၊ ၁၀ နာရီ သုံးမယ် ဆိုရင် ၂၅၀ နှုန်း ဖြစ်မယ်။ အဲဒီလိုလေးတော့ ဈေးလျှော့ပေးတာ ရှိတယ်။

ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ် ရှိသေးလား။
အင်တာနက်မြန်နှုန်း ဒီထက် ကောင်းမယ်၊ ပြီးရင် လားရှိုးမှာ အင်တာနက်သုံးသူ ဦးရေ များလာမယ် ဆိုရင်တော့ ဆိုင်ခွဲ ဖွင့်ချင်ပါတယ်၊ ဒါပေမယ့် ဒီလို အင်တာနက်မြန်နှုန်းနိမ့်နေမယ် ဆိုရင် ဒီတဆိုင်နဲ့တောင် ထမင်းငတ်တော့မယ်။ အဲဒါကြောင့် ထပ်တိုးချင်ပေမယ့်လည်း တိုးလို့ မရဘူး။

ဆိုင်မှာ ကွန်ပျူတာ ဘယ်နှစ်လုံး ရှိသလဲ။

၁၈ လုံး။ တပြိုင်တည်း သုံးလို့ ရတယ်။


ဆိုင်ကိုရောက်လာသူက အင်တာနက် မသုံးတတ်ဘူးဆိုရင် ကူညီပေးသလား။

ကူညီတယ်၊ ပြပေးတယ်။ တော်တော်များများကို ပြပေးရတာပဲ။ အင်တာနက်မြန်နှုန်းမမြင့်တာလည်း ပါမယ်၊ သုံးသူရဲ့ ပညာရေးအားနည်းတာလည်း ပါတယ်။ တချို့က သုံးချင်တယ်၊ မသုံးရဲဘူး၊ မသုံးတတ်ဘူး၊ ရှက်တယ်၊ အဲဒါမျိုးတွေ ရှိတယ်။ ကိုယ့်ဆိုင်မှာလာသုံးသူအတော်များများကို သင်ပေးပြပေးတယ်။ သူတို့မသိရင် လက်ကွက်ကအစ ပြပေးတယ်၊ ဖောက်သည်တယောက်ရဖို့ အဲဒီလို ကြိုးစားရတာပေါ့။

မဆိုင်းတောင်က ဘယ်ဝက်ဆိုက်ကို အများဆုံး ကြည့်ဖြစ်သလဲ။
ကွန်ပျူတာ အချိန်ပြည့် မသုံးဖြစ်တော့ နေ့တိုင်းနီးပါး ကြည့်ဖြစ်တာကတော့ သစ်ထူးလွင်ဆိုက်ပါပဲ။ ဒီနေ့ ဘာဖြစ်ခဲ့သလဲ ဘာဖြစ်နေသလဲ ဆိုတာ သူက တခြားဆိုက်ထက် ပိုစုံတယ်။ သတင်းမြန်တယ်။
ဆိုင်ကိုလာတဲ့သူတွေကရော ဘယ်ဝက်ဆိုက် အများဆုံးကြည့်ကြသလဲ။

သူတို့ကို သိပ်မမေးဖြစ်တဲ့အတွက် မသိဘူး၊ အတော်များများက အီးမေးလ်ပို့တာနဲ့ ချက်တင်လုပ်တာ၊ Facebook သုံးတာ၊ Youtube သုံးတာ ပိုများတယ်။ သတင်းလာဖတ်တာက တရက်ကို လေးငါးယောက်လောက်ပဲ ရှိမယ် ထင်တယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 
http://blog.irrawaddy.org/2012/12/blog-post_6685.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif