ကျွန်တော်တို့နိုင်ငံမှာ တစ်လျှောက်လုံး ဥပဒေနဲ့ အမိန့်နဲ့ မကွဲပြားဘူး။ ဗလုံးဗထွေးဖြစ်နေတယ်။
စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာသိမ်းအစိုးရ လက်ထက်မှာ ဖြစ်ခဲ့တာတွေ အားလုံးကို ခေတ်တွေ စနစ်တွေ ပြောင်းပြီ ဆိုပေမယ့် တည်ဆဲဥပဒေများဆိုတဲ့ အသုံးအနှုန်းကို အမြဲတမ်းသုံးနေတယ်။
ဦးကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ဓာတ်ပုံ- ကိုကိုကြီး ဖေ့စ်ဘုတ်
အဲဒီတော့ တည်ဆဲ ဥပဒေတွေဆိုတာကို ပြန်စိစစ်တော့ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ ဆိုတာတွေလည်း ပါတယ်။ ညွှန်ကြားချက်တွေလည်း ပါတယ်။
တရားဥပဒေစိုးမိုးရေးလို့ ပြောရင် ဥပဒေဆို တာဘာလဲ။ ဥပဒေပြုတော့ မယ်ဆိုရင် ဘယ်လိုအခြေခံတွေ
ပေါ် မှာ မူတည်ပြီးစဉ်းစားသင့်သလဲဆိုတာတွေကို စပြီးတော့ သုံးသပ်ဖို့ လိုတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်လာတယ်။
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေဖြစ်လာတယ် ဆိုတော့ ဒီလွှတ်တော်တွေရဲ့ အလုပ်က အဓိက ဥပဒေပြုဖို့ပဲ။
အဲဒီတော့ ဥပဒေပြုရေး၊ ဥပဒေပြုရေးဆိုတဲ့ကိစ္စတွေကို ကျယ်ကျယ်လောင်လောင်ပြောလာကြတဲ့ အချိန်မှာ စစဉ်းစားဖို့က ဥပဒေဘယ်လိုပြုကြမလဲ။ နောက် ဥပဒေတွေဟာ မဖြစ်မနေ၊ ဥပဒေမပြုလို့ မဖြစ်တဲ့ အခြေ အနေ ရှိလို့ ဥပဒေပြုတာလား။
အဲဒါတွေကို ကျွန်တော်တို့ ပြန်သုံးသပ်ဖို့လိုပါတယ်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပိုင်း ပြဌာန်းခဲ့တဲ့ ဥပဒေတော်တော်များများကို ပြန်ကြည့် ရင် အဲဒီမတိုင်ခင်တုန်းက နိုင်ငံရေးအစိုးရ၊ ပါလီမန်ဒီမိုကရေစီအစိုးရ ခေတ်မှာ ပြုခဲ့တဲ့ ဥပဒေတွေနဲ့ အာဏာ သိမ်းပြီးတဲ့ အချိန်မှာ လူတွေရဲ့စိတ်နေ စိတ်ထား၊ တွေးခေါ်ပုံတွေက စပြီးကွဲပြားသွားတာတွေကို ကျွန်တော်တို့ သတိထားရလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ စစ်ခေါင်းဆောင်တွေ၊ အာဏာသိမ်းခေါင်းဆောင်တွေက ဥပဒေ ပြုဖို့ ပြဌာန်းတဲ့ အခါ အရင်ဆုံး လုံခြုံရေး ရှုထောင့်ကနေ သူတို့ချဉ်းကပ်လေ့ရှိတယ်။
လုံခြုံရေးလို့ ပြောရင်လည်း နိုင်ငံတော်ဆိုတဲ့ စကားလုံးကို ထပ်ကာတစ်လဲလဲသုံးတယ်။ နိုင်ငံတော် လုံခြုံရေး ဆိုပြီးတော့ အာဏာသိမ်း အစိုးရရဲ့ လုံခြုံရေးကို ထိခိုက်မယ်ထင်တဲ့ဟာတွေကို ကြိုတင် ကာကွယ်ဖို့၊ လုံခြုံရေးကို ထိခိုက်မယ်ဆိုတဲ့ ဟာတွေကို ကန့်သတ်ဖို့၊ ပိတ်ပင်ဖို့စပြီးတော့ စဉ်းစားတယ်။
အဲသလိုနဲ့ ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံး ညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေဆိုပြီးတော့ တည်ဆဲ အဖွဲ့အစည်းတွေ အားလုံးဖျက်သိမ်းခံခဲ့ရတယ်။ ဒါဆိုရင် ဒီဥပဒေဟာ နိုင်ငံတော် အတွက်လား၊ အာဏာ သိမ်းအစိုးရ အတွက်လား၊ နိုင်ငံတော်ရဲ့ မူဝါဒလား၊ နိုင်ငံတော်အာဏာကို သိမ်းပိုက်ထားတဲ့အစိုးရအဖွဲ့က သူ့ရဲ့အယူအဆတွေကို နိုင်ငံတော်မူဝါဒ အဖြစ် သတ်မှတ်ပြီးတာ့ ပြဌာန်းလိုက်တာလား။
အဲဒါတွေကို ကျွန်တော်တို့ ပြန်ပြီးတော့ လေ့လာရလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ စာပေစာနယ်ဇင်းလောက ဆိုရင်လည်း စာပေစိစစ်ရေးတို့၊ ပုံနှိပ်ဥပဒေတို့၊ ပုံနှိပ်ထုတ်ဝေခြင်း ဆိုင်ရာ ဥပဒေတို့ အစရှိသဖြင့် ပြဌာန်း တယ်။
ဆိုလိုတာက ဥပဒေတစ်ခုပြဌာန်းတော့မယ်ဆိုရင် နိုင်ငံသားတွေ ရဲ့လွတ်လပ်ခွင့်အပေါ်မှာ အခြေခံပြီး
ပြဌာန်းမှာလား၊ လုံခြုံရေးအပေါ်မှာအခြေခံပြီး ပြဌာန်းမှာလားဆိုတာ အဓိက ဒီနှစ်ချက်ကို အကူးအပြောင်း ကာလမှာ အလေးအနက်ထားပြီးစဉ်းစားဖို့လိုတယ်။
တကယ့်ကို နိုင်ငံတော်လုံခြုံရေးအတွက်လိုအပ်လာပြီဆိုတဲ့ အခါမှာ ဘယ်သူက ဆုံးဖြတ်ရမှာလဲ ဆိုတာ ဟာ နိုင်ငံတော်ကို အမှန်တကယ်ကိုယ်စားပြုတဲ့သူတွေကဆုံးဖြတ်ရမှာ။
ဆိုလိုတာက လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေနဲ့ စစ်မှန်တဲ့ ကိုယ်စားပြုမှုဖြစ်လာတဲ့ ကိုယ်စားလှယ်တွေက ဒါဟာနိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်ပြီလို့ ဆုံးဖြတ်တဲ့ အခြေအနေမျိုးဖြစ်ရမှာ။
အဲဒီလိုဆုံးဖြတ်ပြီးဆိုရင်တောင် နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်လို့ ဥပဒေပြုတော့ မယ်ဆိုရင်တောင် မှ နိုင်ငံသားလွတ်လပ်ခွင့်ကို အခြေခံပြီးစဉ်းစားတဲ့အခါမှာ အဲဒီပြဌာန်းလိုက်မယ့်ဥပဒေ၊ ပေါ်ပေါက်လာမယ့် ဥပဒေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် သတိ ထားပြီး
တော့ ရေးဆွဲပြဌာန်းကြရလိမ့်မယ်။
အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ လုံခြုံရေးအခြေခံက ပြဌာန်း လိုက်တဲ့ ဥပဒေအတော်များများ ဟာ နိုင်ငံသား လွတ်လပ်ခွင့်ကို အလေးအနက်ထားဖို့ဆိုတာထက်ကို လျစ်လျူ ပြုလေ့ရှိတယ်။
အဲဒါကို ထည့်မစဉ်းစားဘူး။ အဓိကက လက်ရှိကိုယ်အစိုးအဖွဲ့နဲ့ ကိုယ့်အုပ်ချုပ်မှု လုံခြုံဖို့ကိုသာ အဓိကထား စဉ်းစားလေ့ရှိတယ်။ အဲဒါဟာ ဥပဒေပြုမယ့်သူတွေအတွက် အဓိကအကျဆုံး အခြေခံအယူအဆပဲ လို့ မြင်တယ်။
အဲဒါနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့က ပြန်ပြီးတော့ လေ့လာသုံးသပ်မယ်ဆိုရင် တရားဥပဒေ စိုးမိုးရေးနဲ့ ပက်သက်ပြီး အခြေခံရမယ့် မူတွေ အများကြီးရှိတယ်။ အဲဒီအထဲကနေပြီးတော့မှ အရေးပါတဲ့ အချက်တွေ ကို ပြောရမယ်ဆိုရင် ဥပဒေရဲ့အထက်မှာ မည်သူမှ မရှိစေရဘူး။
ဥပဒေပြဌာန်းလိုက်တဲ့ သူတွေ ကိုယ်-က ဥပဒေရဲ့ အောက်မှာပဲရှိရမယ်။ အဲဒီဥပဒေကို ကျင့်သုံး မယ့် အစိုးရ အဖွဲ့ဟာလည်း ဥပဒေရဲ့ အောက်မှာပဲရှိရမယ်။
ဒါဟာတရားဥပဒေစိုးမိုးရေးနဲ့ ပက်သက်တဲ့ အခြေခံ အကျဆုံးအချက်ပဲ။ သီးခြားကင်း လွတ်ခွင့်ရနေမယ် ဆိုရင် အဲဒီနိုင်ငံမှာတရားဥပဒေစိုးမိုးမှု ကင်းလွတ်နေတယ် လို့ပဲ ပြောရမယ်။ နောက်တစ်ခါ အရေးကြီးတဲ့ အချက်တစ်ချက်က All person are innocent until proven guilty ပြစ်မှုကျူးလွန်ကြောင်း သက်သေ ထင်ရှား မပြနိုင်သရွေ့ အပြစ်ကင်းစင်သူဟု မှတ်ယူရမည်။
အဲဒါဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို မထိခိုက်အောင် အကာအကွယ်ပေးထားတဲ့ အခြေခံမူပဲ။ ဒါက တရား ဥပဒေရဲ့ အခြေခံမူ ဖြစ်တဲ့ သံသယအကျိုးကို တရားခံက ခံစားစေရမည်လို့ အခိုင်အမာ
ပြဌာန်းထားတယ်။
အဲဒါနဲ့ ပက်သက်ပြီးတော့ အထင်ရှားဆုံးသာဓက တစ်ခုအဖြစ် ၁၉၇၅ ခုနှစ် နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဆိုတာ စကတည်းက အာဏာ သိမ်း ပြီးတဲ့အချိန်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး ထူထောင်တယ်။
ပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဦးဆောင် ပါတီဖြစ်သည် ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ စိတ်ကြိုက်ပြဌာန်းတယ်။ ပြဌာန်းပြီးတဲ့ အချိန်မှာ နိုင်ငံရေး သဘော ထား ကွဲလွဲတဲ့သူတွေကို အရေးယူဖို့အတွက် အရင်ဆုံး ကျွန်တော်တို့က ပုံမှန်အားဖြင့်ဆိုရင် ပြစ်မှု ဆိုင်ရာ ဥပဒေတွေ ရှိတယ်။
အဲအပြင်မှာမှ ထပ်ပြီးတော့ နိုင်ငံတော်က ရောင်စုံလက်နက်ကိုင်တွေ ကြီးထွားနေတဲ့ခေတ်မှာ အရေးပေါ် အခြေအနေကြေညာပြီးတော့ အရေးပေါ်စီမံချက် အက်ဥပဒေဆိုတာပြဌာန်းထားပြီးသားရှိတယ်။
အဲဒီမှာမှ ထပ်ပြီးတော့ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်
ရှောက်သည့် ဥပဒေ ဆိုပြီးတော့ ၁၉၇၅ ခုနှစ်မှာ ထပ်ပြီးတော့ပြဌာန်းတယ်။
လူတစ်ယောက်ဟာ နှောင့်ယှက်ဖျက်ဆီးလိုသူ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို ဘယ်သူက ဆုံးဖြတ်ပေး သလဲဆိုတော့ တရားဥပဒေဆိုင်ရာခုံရုံးတွေက ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အာဏာ ကျင့်သုံးတဲ့သူတွေက ဆုံးဖြတ်တာ။
ဒါက တရားဥပဒေဆိုင်ရာ တရားရုံးတွေရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့ အုပ်ချုပ်ရေးဆိုင်ရာ အာဏာ ပိုင်တွေက ဆုံးဖြတ်တဲ့ ကိစ္စပဲ။ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဆိုတာက မကျရောက်သေးဘူး. ဒီလူ က နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးနိုင်တယ်ဆိုတဲ့ သံသယနဲ့ လူတစ်ယောက်ကို ဘာတစ်ခု မှ ပြစ်မှု ထင်ရှားကြောင်း သက်သေ မပြဘဲနဲ့ ဖမ်းဆီးချုပ်နှောင်ဖို့ ပြဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။
ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ လက်ရှိအစိုးရ နဲ့ သဘောထားကွဲလွဲတာနဲ့ တစ်ပြိုင်နက် တရားရုံး မတင်ဘဲနဲ့ ပြစ်မှုကျူးလွန်ကြောင်းသက်သေမပြနိုင်ဘဲနဲ့ အချိန်မရွေးဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ရှိနေ တယ်။ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဆိုပြီးတော့ နိုင်ငံသားတွေအတွက် ဘေးအန္တရာယ်ကျရောက်တဲ့ ဥပဒေဖြစ်လာတယ်။
အဲဒါဟာ ဥပဒေရဲ့ အခြေခံမူနဲ့တိုက်ရိုက်ဆန့်ကျင်တဲ့ ဥပဒေဖြစ်တယ်။ ရုံးတင်စစ်ဆေးခြင်း၊ တရားရုံး ရဲ့ခွင့်ပြုချက်မရဘဲ ၂၄ နာရီထက်ကျော်လွန်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်း မရှိစေရလို့ အခြေခံမူကိုလည်း ချိုးဖောက်ပြီးတော့ အုပ်ချုပ်ရေး အဖွဲ့အစည်းကနေပြီးတော့ စိတ်ကြိုက်ကျင့်သုံးနိုင်တဲ့ ဥပဒေ။
ဒီဥပဒေကို ပြန်သုံးသပ်လို့ ရှိရင် သူဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်မှုအပေါ်မှာ အခြေခံပြီးပြဌာန်းသလား၊ ကိုယ့်ကိုကိုယ်နိုင်ငံတော်လို့ သတ်မှတ်ပြီး တော့ နိုင်ငံတော်လုံခြုံရေးအတွက်ဆိုပြီး ပြဌာန်းတဲ့ ဥပဒေလား ဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ရှုမြင်နိုင်မှာ ဖြစ်ပါတယ်။
အခု ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်တော့မယ်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး
ပြုပြင်ပြောင်း လဲရေးလုပ်ပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့က ဥပဒေပြုဖိုချည်းပဲစည်းစားနေတာထက်ကို တည်ဆဲဥပဒေတွေကို ပြန်သုံးသပ်ဖို့က အရေးကြီးတယ်။
အဲဒီတည်ဆဲဥပဒေတွေဟာ ဒီမိုကရေစီစံချိန်၊ စံညွှန်းတွေ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ စံချိန်စံညွှန်း တွေနဲ့ ညီညွတ်မှုမရှိ၊ မရှိ အဲဒါ ကျွန်တော်တို့ သုံးသပ်ဖို့ လိုတယ်။ ကျွန်တော်ဒီမှာ တရားဥပဒေစိုးမိုး ရေးနဲ့ ပက်သက်လို့ နောက်ထပ်အရေးကြီးတဲ့ ဆိုရိုးစကားရှိတယ်။
အပြစ်ရှိတဲ့သူ ၁၀ ယောက်လွတ်ချင်လွတ်သွား ပါစေ။ အပြစ်မရှိတဲ့သူတစ်ယောက်ကို အရေးမယူမိဖို့။ အပြစ်ရှိ တဲ့သူ ၁၀ ဦးကို လွှတ်ပေးခြင်းထက် အပြစ်မရှိ သူတစ်ဦးကို အပြစ်ပေးခြင်းက ပို၍ဆိုးတယ်ဆိုတဲ့ ဥပဒေဆိုရိုး စကားတစ်ခုရှိတယ်။
အဲဒါအရဆိုရင်လည်း ဒီဥပဒေရဲ့အခြေခံဟာ လွတ်လပ်ခွင့်၊ နိုင်ငံသားတွေရဲ့၊ အပြစ်မရှိ သူတွေရဲ့ လုံခြုံမှုတွေကို အာမခံချက်ပေး ထားတဲ့ အခြေခံမှုဖြစ်တယ်။
အဲသလို ကောင်းမြတ်တဲ့အခြေခံတွေကို လျစ်လျူရှုပြီးတော့ အပြစ်ရှိသူ တစ်ယောက်ကို ဖမ်းလို့မမိရင် မိသားစုကိုဖမ်းလာတာမျိုး။ ဒါဟာ တစ်နည်းအား ဖြင့်ပြောရင် နိုင်ငံတော်အခွင့်အာဏာကို ကျင့်သုံးပြီး
တော့ ပြန်ပေးဆွဲတာပဲ။
ကာယကံရှင် လာအဖမ်းခံမှ မိသားစုကို လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးဟာ နိုင်ငံတော်ပြန်ပေးဆွဲမှုပဲ။ အဲသလို အခြေအနေမျိုးဟာ တစ်ချိန်တုန်း က ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ တရားဥပဒေစိုးမိုးရေးဦးတည်နေတဲ့အချိန်မှာ ဥပဒေပြုအဖွဲ့အစည်းတွေအနေနဲ့ရော၊ ဥပဒေကို ဖော်ဆောင်ကျင့်သုံးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ရော အလေးအနက်ထားရမယ့် ဆင်ခြင်ရမယ့် ကိစ္စတွေလိုပဲမြင်တယ်။
ကျွန်တော်တို့က ပြီးခဲ့တဲ့ ကိစ္စတွေအားလုံး ပြန်ပြောနေတာတွေက သင်ခန်းစာယူဖို့၊ ဒါတွေကို ပြုပြင်ဖို့ အဓိကထားတင်ပြနေတာဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးလို့ပြောရင် မလိုက်နာနိုင်တဲ့ ဥပဒေတွေ၊ မပြဌာန်း မဖြစ်လို့ ပြဌာန်းလိုက်ရတာမဟုတ်ဘဲနဲ့ မလိုအပ်ဘဲနဲ့ ပြဌာန်းတဲ့ ဥပဒေတွေဟာ အဲဒီ ဥပဒေ တွေမပြဌာန်းခင် တုန်းက ဥပဒေချိုးဖောက်တဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူဆိုတာ မရှိဘူး။
ဥပဒေ တစ်ခုပြဌာန်းလိုက် ကာမှ လူတွေဟာ ဥပဒေချိုးဖောက်တဲ့သူ၊ ပြစ်မှုကျူးလွန်သူတွေအဖြစ် ကျရောက်သွားရတာဟာ ဥပဒေပြုခြင်း ကြောင့်ဖြစ်သွားတဲ့ အန္တရာယ်။
အဲဒီတော့ ဥပဒေတွေပြုဖို့ဆိုတာထက်ကို တည်ဆဲဥပဒေတွေကို အသက်ဝင် အောင်၊ တည်ဆဲဥပဒေတွေကို အာဏာသက်ရောက်အောင် လုပ်ဖို့ကိုလည်း ကျွန်တော်တို့က အလေးအနက် အာရုံစိုက်သင့်တယ်။
အဲသလိုမဟုတ်ဘဲနဲ့ လုံခြုံအခြေခံနဲ့၊ လုံခြုံရေးဆိုတဲ့နေရာမှာ မိမိ သို့မဟုတ် မိမိအဖွဲ့အစည်းရဲ့ လုံခြုံရေး ကို နိုင်ငံတော်လုံခြုံရေး ဆိုင်းဘုတ်တပ်ပြီးတော့ ပြဌာန်းထားခဲ့တဲ့ ဥပဒေတွေဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ ဥပဒေတွေဖြစ်တယ်။
ဒါကြောင့် ဥပဒေပြု တော့မယ်ဆိုရင် ဥပဒေမပြုခင်မှာ ကိုယ်ဟာ ဘယ်အခြေခံကနေစပြီးတော့ စဉ်းစား သလဲ။
လွတ်လပ်မှုအခြေခံ ကနေစဉ်းစားစလား၊ လုံခြုံရေး အခြေခံကနေစပြီးစဉ်းစား သလားဆိုတာကို ပြတ်ပြတ် သားသား လေ့လာသုံးသပ် ဖို့၊ ဆန်းစစ်ဖို့ လိုတယ်။
ပြီးတော့ တည်ဆဲဥပဒေတွေကရော အုပ်ချုပ်သူတွေရဲ့ လုံခြုံရေးအတွက် အထောက် အကူပြုဖို့ ရေးဆွဲ ထားတဲဥပဒေတွေလား၊ နိုင်ငံတော်ရဲ့ လုံခြုံရေးကို တကယ်လိုအပ်လို့ပြုစုထားတဲ့ ဥပဒေတွေ လားဆို တာ ပြန်သုံးသပ်ဖို့လိုတယ်။
အဲဒါမှသာလျှင် လူထုက လိုက်နာနိုင်မယ့်၊ လူထုက လေးစားနိုင်မယ့် ဥပဒေ တွေဖြစ်လာမယ်။ တရား ဥပဒေစိုးမိုးရေးကို တကယ်အကောင်အထည်ဖော်မယ်ဆိုရင် လူထုမလိုက်နာနိုင်တဲ့၊ ၀န်ထုတ်ဝန်ပိုးဖြစ်နေ တဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့က အရေးကြီးတယ်။
ပြီးတော့မှ အသစ်တွေပြုရမယ်ဆိုရင် လည်း နိုင်ငံသားတွေ ရဲ့ လွတ်လပ်ခွင့်ကို အခြေခံပြီး စဉ်းစားတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ဥပဒေပြုမှသာလျှင် တကယ့်ကို လူထုအကျိုးပြုမယ့်ဥပဒေတွေ၊ နိုင်ငံတော်အတွက် အကာအကွယ်ပြုတဲ့ ဥပဒေတွေ ပေါ်ပေါက်ပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကိုကိုကြီး ~
စာရေးသူ ဦးကိုကိုကြီးသည် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်ပြီး HGP ဒီပလိုမာ ရယူ ခဲ့ဖူးသူဖြစ်ပြီး ၁၉၈၈ ခုနှစ်က နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် ( IR) အထူးပြုဖြင့် နောက်ဆုံး နှစ်
ကျောင်းသားအဖြစ်တက်ရောက်သင်ကြားခဲ့သူဖြစ်သည်။
0 comments:
Post a Comment