http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

သင်ရိုးညွှန်းတမ်းစာအုပ် မလုံလောက်မှုကို စက်မှုတက္ကသိုလ်ကျောင်းသားများ ဆန့်ကျင် ကန့်ကွက်

သင်ရိုးညွှန်းတမ်းစာအုပ်များမလုံလောက်မှုနဲ့ ပတ်သက်ပြီး ဆန့်ကျင် ရှုတ်ချ ကန့်ကွက်တဲ့ ကြေညာချက်တရပ်ကို စက်မှုတက္ကသိုလ်ကျောင်းသားများ ကွန်ရက်က ၂၀၁၂ မတ်လ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ထို ကြေညာချက်တွင် ကျောင်းသူကျောင်းသားများအား ကျောင်း စတင် အပ်နှံတဲ့ အချိန်ကစတင်ပြီးသင်ရိုးညွှန်းတမ်းစာအုပ်များ မ၀ယ်မနေရဆိုကာ ရောင်းချခဲ့သော်လည်း ယနေ့အချိန်အထိ လုံလောက်စွာ ပေးအပ်ခြင်း မရှိကြောင်း၊ အခုဖြစ်ရပ်ဟာ မြန်မာနိုင်ငံ ပညာရေးစနစ်ရဲ့ ကြီးမားသော ချို့ယွင်းအားနည်းချက် ဖြစ်နေကြောင်း၊ သင်ရိုးညွှန်းတမ်းစာအုပ်များကို ပထမနှစ်ဝက် စာမေးပွဲ မစစ်ဆေးမီ မတ်လအတွင်း ကျောင်းသားထုလက်တွင်းသို့ ပြည့်ပြည့်စုံစုံ ပေးအပ်ရန် တောင်းဆိုကြောင်း၊ တောင်းဆိုမှု မရရှိပါက ဧပြီလ ၃၀ ရက်နေ့တွင် ကျင်းပမယ့် ပထမနှစ်ဝက် စာမေးပွဲကို သပိတ်မှောက်မှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။

ထို့အပြင် စစ်ဘက်ဆိုင်ရာ ပညာရေးစနစ်တွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းနဲ့ သင်ထောက်ကူပစ္စည်း ပြည့်ပြည့်စုံစုံ၊ ဆရာ၊ ဆရာမ အစုံအလင်နဲ့ ဖြည့်ဆည်း ပေးထားသော်လည်း အရပ်ဖက်ပညာရေးစနစ်ကိုမူ စနစ်ကျ ချိုးနှိမ် ဖိနှိပ်ထားကြောင်း၊ အစိုးရ ကာကွယ်ရေးအသုံးစရိတ်တွင် ကျပ်ငွေ ဘီလျံများစွာ သုံးစွဲထားသော်လည်း ပညာရေးကဏ္ဍတွင်မူ မပြောပလောက်တဲ့ ငွေကြေးကိုသာ သုံးစွဲထားခြင်းဟာ အရပ်ဖက်ကျောင်းသားထုရဲ့ ပညာရေးအဆင့်အတန်းကို ရည်ရွယ်ချက် ရှိရှိ၊ စနစ်တကျ နှိမ့်ချထားခြင်း ဖြစ်ကြောင်းလည်း စက်မှုတက္ကသိုလ် ကျောင်းသားများရဲ့ ကြေညာချက်တွင် ဖော်ပြထားပါတယ်။

ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားများနဲ့ ကြို့ကုန်းရပ်ကွက်ထဲက လူငယ်တွေ ရန်ဖြစ်ရာက စတင်ခဲ့တဲ့ ၁၉၈၈ မတ်လ ကျောင်းသားလှုပ်ရှားမှုဟာ ၁၉၈၈ လူထုအုံကြွမှု ဖြစ်စဉ်ကို အစပျိုးခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ခဲ့ပါတယ်။ ထို့အပြင် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားများဟာ ကျောင်းသား လှုပ်ရှားမှုတိုင်းတွင် ပါဝင်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ၁၉၈၈ နောက်ပိုင်း အာဏာရယူလာတဲ့ မြန်မာစစ်အစိုးရဟာ စက်မှုတက္ကသိုလ်နဲ့ တက္ကသိုလ်ကောလိပ်များကို မြို့ပြများနဲ့ ဝေးလံရာအရပ်များတွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုများနဲ့ ပြည်သူလူထု ထိတွေ့မှု နည်းပါးအောင် လုပ်ဆောင်ခဲ့ကြပါတယ်။ အခု ထွက်ပေါ်လာတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားများရဲ့ ကြေညာချက်ဟာ မြန်မာစစ်ဗိုလ်ချုပ်များရဲ့ အရပ်ဖက် အုပ်ချုပ်ရေးစနစ် စတင်ခဲ့တဲ့နောက်ပိုင်း ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာတဲ့ ကြေညာချက် ဖြစ်ပါတယ်။ Burma Today Newsမှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif