http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2012

ထိုင်း ထိပ်တန်း အထည်ချုပ်စက်ရုံများ ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၌ လာရောက်မြှုပ်နှံရန် ပြင်ဆင်နေ

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်းရှိ ထိပ်တန်း အထည်ချုပ် စက်ရုံများသည် ၎င်းတို့ ၏လုပ်ငန်းများကို မြန်မာနိုင်ငံ အတွင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံ လည်ပတ်မည်ဖြစ်ရာ ပြည်တွင်းရှိ အထည်ချုပ် လုပ်သားများအတွက် အလားအလာ ကောင်းသည့် Labour Market ပေါ်ပေါက်လာနိုင်သည် ဟု အထည်ချုပ်လုပ်ငန်းရှင် အချို့ က သုံးသပ်ပြောကြားသည်။
ထိုင်းနိုင်ငံ၏ထိပ်တန်း အထည်ချုပ်စက်ရုံ အနည်းဆုံးခြောက်ခုသည် ယခုနှစ်နှောင်းပိုင်းတွင် ၎င်းတို့စက်ရုံများကို မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် စီစဉ်ထားပြီး စက်ရုံတစ်ခုစီအတွက် ရင်းနှီးမြှုပ်နှံငွေမှာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၀ သန်းရှိသဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဟု ထိုင်းနိုင်ငံထုတ် နေးရှင်းသတင်းစာတွင် ဖော်ပြထားသည်။
“အခုအချိန်မှာ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံဖို့ ပြည်ပနိုင်ငံတွေ တော်တော်များများ စိတ်ဝင်စားကြတယ်။ ဂျပန်တို့၊ ကိုရီးယားတို့၊ ဟောင်ကောင်တို့ ကလည်း လာရောက် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတယ်။ ပြည်ပနိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှုများလာလေ လုပ်သားတွေ ခံစားခွင့်လည်း အရင်ထက် ပိုလာနိုင်ပါတယ်။ အဲဒီအခါကျရင် Labour Market ဖြစ်သွားပြီ။ စက်ရုံတစ်ရုံကပေးတဲ့ လစာ ကို လုပ်သားက မကြိုက်ရင်၊ တခြား စက်ရုံကပိုပေးရင် သူတို့အတွက် ရွေးချယ်စရာတွေ များသွားတာပေါ့။ ထိုင်းက လာရောက်ရင်းနှီးမြှုပ်နှံသူတွေက လက်ရှိလုပ်သားတွေကို ပေးနေတဲ့ လုပ်ခလစာနှုန်းထားထက် ပိုပေးရင် ကျွန်တော်တို့ကလည်း လုပ်သား မြဲဖို့အတွက် သူတို့လိုပဲ လိုက်တိုးပေးကြရမှာပါ”ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။
အဆိုပါစက်ရုံများမှ မြန်မာ လုပ်သား ၃၀၀၀ ခန့်ကို ခန့်အပ် သွားမည်ဟု ဖော်ပြထားသည်။ ထိုင်းနိုင်ငံတွင် လုပ်သားများ၏ အနည်းဆုံး တစ်နေ့လုပ်ခကို ဘတ်၃၀၀အဖြစ် တိုးမြှင့်မည့် အစီအစဉ်ကြောင့် နိုင်ငံ အတွင်းရှိ အထည်ချုပ် လုပ်ငန်းကြီး ၁၅ ခု အခြားဒေသတွင်း နိုင်ငံများသို့ ပြောင်းရွှေ့ရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားစေသည်ဟု ပြောကြားခဲ့ကြောင်း နေးရှင်းသတင်းစာတွင် ပါရှိသည်။
ရွှေ့ပြောင်းလာမည့် အထည်ချုပ် စက်ရုံများကြောင့် ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်များ အနေနှင့်လည်း ပြိုင်ဆိုင်မှုများ ရှိလာနိုင်ပြီး ပြည်ပလုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ရှိ၊ မရှိနှင့် ပတ်သက်၍ “ပြည်ပကလာပြီး ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ ပူးပေါင်းဖို့က ညှိလို့ရမှ ပူးပေါင်းလုပ်လို့ရမှာပါ” ဟု ဦးမြင့်စိုးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံမှ အထည်ချုပ် စက်ရုံများ ပြောင်းရွှေ့လာသဖြင့် အထည်ချုပ် လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါများ လာနိုင်သော်လည်း တိုက်ရိုက် အော်ဒါရရှိမှသာ လုပ်ခလစာကောင်း ကောင်းပေးနိုင်မည် ဖြစ်ကြောင်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်နွယ် က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တည်ဆောက်မည့် စက်ရုံများသည် အခြားဒေသတွင်း နိုင်ငံများမှ စက်ရုံများနှင့် နှိုင်းယှဉ်လျှင် အကြီးဆုံးဖြစ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင်ပြည်တွင်းစား သုံးမှုဈေးကွက်လည်း ကြီးမားစွာ ရှိနေသလို တတိယနိုင်ငံများကို တင်ပို့မှုအတွက် အခြေစိုက်ရာနေရာ တစ်ခုဖြစ်နေသည့်အတွက် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနေရာ တစ်ခု ဖြစ်သည်ဟု ထိုင်းအထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လတ်တလော လုပ်ခလစာများမှာ ထိုင်းနိုင်ငံ ထက်သုံးပုံတစ်ပုံခန့်လျော့နည်းနေ ပြီး လုပ်ခလစာ ဈေးသက်သာမှုကြောင့် ထိုင်းအထည်ချုပ်လုပ်ငန်းများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာ ရခြင်းဖြစ်သည်။               http://www.news-eleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif