http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Mar 2012

မြန်မာနိုင်ငံတွင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် ထိုင်းကဲ့သို့ မလေးရှား လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် စက်မှုဇုန် ဖွင့်လှစ်နိုင်ရန် စီစဉ်



လှိုင်သာယာ စက်မှုဇုန် နေရာအား တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံများ ကဲ့သို့ မလေးရှားနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် စက်မှုဇုန်တည်ထောင်ခွင့် ရနိုင်ရန် စီစဉ်နေကြကြောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော မလေးရှား စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
“မလေးရှားက ထိပ်တန်းစီးပွားရေး လုပ်ငန်းတွေ၊ စက်မှုကုန်ထုတ်လုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေ အပါအ၀င် စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမယ့် တစ်နေရာစီ တစ်ကွဲတစ်ပြား လုပ်တာထက် စက်မှုဇုန်တစ်ခု တည်ထောင်ပြီး မလေးရှားလုပ်ငန်းတွေ တစ်စုတစ်စည်းတည်း လုပ်နိုင်ဖို့ ကြိုးစားပြင် ဆင်နေကြတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့လို လုပ်ခွင့်ရချင်တာပါ”ဟု မလေးရှားဘဏ် တစ်ခုနှင့် စီးပွားရေးလုပ်ငန်း အချို့၏ မြန်မာပြည် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောကြားပါသည်။
ထိုင်းနိုင်ငံအနေဖြင့် ထားဝယ် ရေနက်စီမံကိန်းနှင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်နေပြီး မကြာမီ အကောင်အထည် ဖော်လာနိုင်သည့် မြ၀တီနှင့် ဘားအံစက်မှုဇုန်တို့တွင်လည်း ရင်းနှီးမြှုပ်နှံလိုကြောင်း သိရသည်။ ဂျပန် နှင့် တောင်ကိုရီးယားတို့မှာ  ရန်ကုန် တောင်ပိုင်းခရိုင်အတွင်းရှိ သီလ၀ါ ဆိပ်ကမ်းနှင့် သီလ၀ါစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လျက်ရှိပြီး မြန်ကိုကဲ့သို့ မြို့သစ်တည်ဆောက်ရေး စီမံကိန်းများလည်း ပါဝင်သည်။ တရုတ်နိုင်ငံသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ရင်းနှီးတည်ဆောက်နေပြီး အဆိုပါ ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ယူနန်ပြည်နယ်သို့ ကုန်စည်များ သယ်ယူပို့ဆောင်ရန်နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများမှ တင်သွင်းလာ သော ရေနံနှင့် မြန်မာ့ပင်လယ်ပြင်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့တို့ကို ကျောက်ဖြူမှ ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသော ပိုက်လိုင်းမှတစ်ဆင့် ၂၀၁၃ ခုနှစ်တွင် စတင်တင်ပို့မည် ဖြစ်သည်။
အရှေ့တောင် အာရှဒေသ၏ စီးပွားရေး ဦးဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် မြန်မာ နိုင်ငံတွင် စီးပွာရေးရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ပြင်ဆင်နေပြီး နိုင်ငံရေး ဆက်ဆံရေး တိုးမြှင့်သည့်အနေဖြင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Datuk Seri Anifah Aman သည် မတ်လ ၁၅ မှ ၁၇ ရက်နေ့ထိ မြန်မာနိုင်ငံသို့  လာရောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသို့ မလေးရှားဝန်ကြီးချုပ် Najib Tun Razak မကြာမီ လာရောက်မည်ဟု သိရပြီး မလေးရှားထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများပါ လိုက်ပါလာမည်ဟု သတင်းရရှိသည်။
ထို့အတူ မလေးရှားနိုင်ငံ၏ ထိပ်တန်းဘဏ်လုပ်ငန်းရှင် Mr. Dato' Sri Nazir Rarak ဦးဆောင်သောအဖွဲ့ ဖြစ်သော Asean Business Club ၀င် စီးပွားရေးလုပ်ငန်းရှင် အချို့ကလည်း ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြကြောင်း သိရသည်။
ယခုမြန်မာနိုင်ငံသို့မလေးရှား  နိုင်ငံခြားရေး ၀န်ကြီးလာရောက်ခြင်းသည် မလေးရှားဝန်ကြီးချုပ် မလာရောက်မီ ရှေ့ပြေးလာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလပိုင်းက လည်း မလေးရှား ၀န်ကြီးချုပ်ဟောင်း Dr Mahathir Mohamad's လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း Tun Abdullah Ahmad Badawi  နှင့်ဇနီးတို့ အလည်အပတ် လာရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနှင့် မလေးရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းတို့အကြား ပတ်သက် ဆက်နွှယ်နေသည့် စီးပွားရေး နယ်ပယ်များစွာရှိပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများကို အဓိက ဆောင်ရွက်လျက် ရှိကြောင်း၊ နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ ၂၀၁၁ ခုနှစ်တွင် မလေးရှားရင်းဂစ် ၂ ဒသမ ၄၃ ဘီလျံရှိပြီး ၂၀၁၀ ပြည့် နှစ်ထက် ၂၆ ဒသမ ၈ ရာခိုင်နှုန်း တိုးလာကြောင်း မလေးရှား အစိုးရ ၏ ထုတ်ပြန်ချက်အရ သိရသည်။                   http://www.news-eleven.com/index.php?option=com_content&view=article&id=12845:2012-03-18-08-29-39&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif