http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

နေမင်းပေါ်က မုန်တိုင်းများနဲ့ ကမ္ဘာကြီးအား ရိုက်ခတ်မှု

၂၀၁၁ ဒီဇင်ဘာလနဲ့ ၂၀၁၂ နှစ်ဆန်းပိုင်းအတွင်း ဆောင်းတွင်းပိုင်းမှာ ခါတိုင်းနှစ်တွေလို နှင်းမုန်တိုင်း ကြီးကြီးမားမား မကြုံခဲ့ရသလို ကမ္ဘာအနှံ့မှာ ခါတိုင်းထက် ပိုပြီး ပူနွေးနေတာကို သတိထားမိကြမှာပါ။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာကြီးများ ပျက်စီးလေမလား၊ ဥက္ကာပျံတခုခုက ကမ္ဘာကြီးကို ၀င်တိုက်လေမလား ဆိုတဲ့ ပြောဆိုသံတွေလည်း ကြားခဲ့ကြပြီး ဖြစ်ပါတယ်။ မာယာတို့ရဲ့ ပြက္ခဒိန်ဟာ ၂၀၁၂ ခုနှစ်မှာ ကုန်ဆုံးတယ်လို့ ယူဆတာတွေ ရှိနေလေတော့ ကမ္ဘာကြီးပေါ်က ဒိုင်နိုဆောတွေ ပျောက်ကွယ်သွားတဲ့အဖြစ်မျိုးတွေ ထပ်ပြီးတော့များ ဖြစ်လေမလားဆိုတဲ့ တွေးတော သုံးသပ်မှုတွေ၊ ဖြစ်နိုင်ခြေ ပြောဆိုမှုတွေ အတော်များများလည်း ၂၀၁၁ ခုနှစ်အတွင်းမှာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်အတွင်း မရောက်လာမီ၊ ၂၀၁၁ ဒီဇင်ဘာလပိုင်းကတည်းက ကမ္ဘာ့အပူချိန် ပိုမို ပူနွေးလာတာကြောင့် သို့လော သို့လော တွေးသူတွေလည်း တွေးနေကြဦးမှာ မလွဲပါဘူး။ကမ္ဘာကြီးပေါ်ကို ရောက်လာနိုင်မလားလို့ တွေးပူခဲ့တဲ့ ကုန်တင်ကားငယ်တစီးအရွယ် ဥက္ကာပျံတခုကတော့ ကမ္ဘာကြီးနဲ့ လမင်းတို့ရဲ့ကြားကနေ ဖြတ်သန်းသွားခဲ့ပြီ ဖြစ်ကြောင်း အာကာသထဲက ပြောင်းလဲမှုတွေကို စောင့်ကြည့်လေ့လာနေသူများက လွန်ခဲ့တဲ့လများအတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဥက္ကာပျံ ဖြတ်သန်းသွားမှုက ကမ္ဘာမြေပြင်နဲ့ အာကာသထဲက ဂြိုဟ်တုတွေကို တစုံတရာ ထိခိုက်မှု မဖြစ်ခဲ့ပေမယ့် ၁၁ နှစ်တခါ ဖြစ်တတ်နေတဲ့ နေမင်းမုန်တိုင်း (Solar Storm) တွေရဲ့ အကျိုးဆက်ကတော့ ၂၀၁၁ ဒီဇင်ဘာလအတွင်းကနေ အခုချိန်အထိ ကမ္ဘာကြီးကို ရိုက်ခတ်နေဆဲ ဖြစ်ပါတယ်။ နေစကြာဝဠာ ဗဟိုပြု လည်ပတ်နေတဲ့ နေမင်းဟာ ၁၁ နှစ်မှာတခါ သာမာန်ထက် ပိုမိုတဲ့ ပေါက်ကွဲမှုတွေ ဖြစ်တတ်ပြီး အဲဒီ ပေါက်ကွဲမှုက လွင့်စင်လာတဲ့ အပိုင်းအစတွေဟာ နေမင်းကနေ ၉၃ မီလျံမိုင် အကွာအဝေးမှာ တည်ရှိတဲ့ ကမ္ဘာကြီးဆီကို တနာရီလျှင် ၄ မီလျံမိုင်နှုန်းနဲ့ ရောက်ရှိလာလေ့ရှိပါတယ်။ မတ်လ ၈ ရက်နေ့ဝန်းကျင်းက ဖြစ်ပွားတဲ့ နေမင်းပေါ်က မုန်တိုင်းဟာ မိုင် ငါးသိန်းကျော် အမြင့်ရှိပြီး မီးတောင်ပေါက်ကွဲမှုထက် အဆပေါင်း ဆယ်သန်းကျော်ထက် ကြီးမားပါတယ်။ အဲဒီလို ဖြစ်ပျက်နေမှုတွေကို အမေရိကန် အာကာသ ရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနကအမြဲ စောင့်ကြည့်နေပြီး သတိပေးချက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေပါတယ်။နေမင်းမုန်တိုင်း ဖြစ်ပေါ်ပြီးတဲ့အခါ မုန်တိုင်းက လွင့်ထွက်လာတဲ့ စီအမ်အီး (CME) လို့ ခေါ်တဲ့ ကိုရိုနယ်လ် အပိုင်းအစများ လွင့်ထွက်မှု (Coronal Mass Ejection) ဟာ ကမ္ဘာကြီးရဲ့ သံလိုက်စက်ဝန်းကို ထိခိုက်မှု ရှိသလို ထွက်ပေါ်လာတဲ့ ရောင်ခြည်ပြန့်မှုကလည်း အာကာသယာဉ်တွေနဲ့ အာကာသယာဉ်မှူးတွေအတွက် အန္တရာယ် များလှပါတယ်။ ဒါ့အပြင် လေကြောင်းပြစနစ်တွေ၊ ဂျီပီအက်စ် (GPS) ခေါ်တဲ့ လမ်းညွှန်စနစ်တွေ၊ လျှပ်စစ်ဓါတ်အားပေးမှုစနစ်တွေကိုလည်း ထိခိုက်တတ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို နေမင်းမုန်တိုင်း ဖြစ်ပေါ်လေ့ရှိတဲ့အခါတိုင်း လေကြောင်းလိုင်းတွေက လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းတာ၊ လမ်းကြောင်းပြောင်း ပျံသန်းတာတွေ ပြုလုပ်ကြသလို လျှပ်စစ်ဓါတ်အားပေးမှုစနစ်တွေကိုလည်း အမြဲ စောင့်ကြည့်နေကြရပါတယ်။ အော်ရိုရာ (Aurora) လို့ခေါ်တဲ့ ကမ္ဘာ့ မြောက်ဝန်ရိုးစွန်းဘက်က ရောင်စဉ်တန်းတွေ လှပစွာ တောက်ပမှုကို ကောင်းကင်ယံမှာ ရံဖန်ရံခါ တွေ့လေ့တွေ့ထ ရှိပါတယ်။ သို့သော်လည်း နေမင်းမုန်တိုင်း ဖြစ်ပေါ်ပြီးတိုင်းမှာ ကမ္ဘာ့နေရာတချို့ကနေ အော်ရိုရာ (Aurora) လို့ခေါ်တဲ့ ကမ္ဘာ့ မြောက်ဝန်ရိုးစွန်းဘက်က ရောင်စဉ်တန်းတွေ လှပစွာ တောက်ပမှုကို အချိန်တော်တော်ကြာအောင် မြင်တွေ့ရတတ်ပါတယ်။ နေမင်းမုန်တိုင်း ဖြစ်ပေါ်တိုင်း ကမ္ဘာ့သံလိုက်စက်ကွင်းကို ထိခိုက်စေတဲ့ ဘူမိသံလိုက်မုန်တိုင်း (Geomagnetic Storm) တွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ ကံကောင်းတာတခုက သူနဲ့ နီးစပ်နေတဲ့ ဂြိုဟ်တွေရဲ့ ဆွဲအားကြောင့် နေမင်းမုန်တိုင်းရဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့ရလေ့တော့ မရှိခဲ့ပါဘူး။ သို့သော်လည်းပဲ အခုလို ၁၁ နှစ်တခါ ကြီးကြီးမားမား ဖြစ်တတ်တဲ့ နေမင်းမုန်တိုင်းရဲ့ ပြင်အားနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပညာရှင်တွေအနေနဲ့ ကြိုတင် တွက်ချက် ခန့်မှန်းမှုတွေ ပြုလုပ်နေကြသလို ဖြစ်ပျက်လာတဲ့အချိန်မှာလည်း သတင်းထုတ်ပြန်မှုတွေ အမြဲ ပြုလုပ်နေပြီး ကမ္ဘာကြီး ပုံမှန် သက်ဝင် လှုပ်ရှားနေဖို့ သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။ ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ နေမင်းမုန်တိုင်းရဲ့ဒဏ်ကို ကမ္ဘာကြီးအနေနဲ့ ကြုံတွေ့ရဖို့ ရှိနေပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလနဲ့ မတ်လ ၈ ရက်နေ့ဝန်းကျင်က ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းထက်တော့ အတော်လေး အားပျော့တယ်လို့ ဆိုပါတယ်။
20120308 Solar Flare ABC News
သတင်း ဆောင်းပါး - နေမင်းပေါ်က မုန်တိုင်းများနဲ့ ကမ္ဘာကြီးအား ရိုက်ခတ်မှု - Mar 11 2012 05:31   http://www.burmatoday.net/news.  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif