http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

ရွေးကောက်ပွဲတွင် ပြည်သူများ၏ဆန္ဒအမှန်ကို ထုတ်ဖော်ပြနိုင်ပါက ပိတ်ဆို့မှုများ ရုပ်သိမ်းရန် သေချာဟု ဥရောပပါလီမန်အမတ်များကဆို

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ် မျှတပြီး ရလဒ်သည် ပြည်သူလူထု၏ ဆန္ဒ အမှန်ကို ထုတ်ဖော်ပြသနိုင်ပါက ပိတ်ဆို့ မှုများရုပ်သိမ်းရန်မှာ သံသယဖြစ်ဖွယ် မရှိကြောင်း မြန်မာနိုင်ငံသို့ လာရောက် သည့် ဥရောပပါလီမန် အမတ်များအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၂ ရက်အထိ လာရောက်ခဲ့သော ဥရောပ ပါလီမန်အမတ်များအဖွဲ့တွင် ခေါင်းဆောင် Mr Werner Langen အပါ အ၀င် အဖွဲ့ဝင် ၁၁ ဦးပါရှိပြီး မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ အဖွဲ့ဝင်တစ်ဦးက ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အဆိုပါ ဥရောပပါလီမန်အမတ်များ အဖွဲ့သည် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး အတွက် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် လာရောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ကြားဖြတ် ရွေးကောက်ပွဲတွင် ကုလ သမဂ္ဂ၊ အာဆီယံနှင့် အမေရိကန် ပြည် ထောင်စုတို့မှ စောင့်ကြည့်လေ့လာသူ များ စေလွှတ်ကာ စောင့်ကြည့်မည်ဟု မျှော်လင့်ကြောင်း Mr Werner Langen က ပြောသည်။
ယင်းအဖွဲ့သည် နေပြည်တော်တွင် သမ္မတဦးဆောင်သော အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်း စုကြည် တို့နှင့် တွေ့ဆုံ ခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအား ဥရောပသို့ လာရောက် လည်ပတ်ရန်ဖိတ်ကြားခဲ့သည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ပိတ်ဆို့မှုများအနက် မှ အချို့ကို ယခုနှစ် ဇန်န၀ါရီလက ဖြေ လျှော့ပေးခဲ့ပြီး လာမည့် ဧပြီလ ၂၃ ရက် နေ့တွင် ဥရောပသမဂ္ဂနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကျင်းပရန်ရှိ ပြီး မြန်မာနိုင်ငံအရေးကို ထည့်သွင်း ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း ပါလီမန်ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် အတွက် ကြားဖြတ်ရွေးကောက်ပွဲသာ မက လူ့အခွင့်အရေးနှင့် အပစ်အခတ် ရပ်စဲရေးကိစ္စများ မှာလည်း အရေးပါ ကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ Ms Barbara Lochbihler က ပြောသည်။
"လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်မယ်ဆို ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ဆို တာ ပြောဖို့အရမ်းစောပါသေးတယ်။ ဒါပေမယ့် ဥရောပ ပါလီမန်ကိုယ်စား လှယ်တွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို ထောက်ခံဖို့ သန္နိဋ္ဌာန်ချထားပြီးသား ပါ။ နောက်ထပ်ပိုပြီး တိုးတက်မှု တွေပဲ လိုအပ်ပါတယ်"ဟု ၎င်းက ဆိုသည်။
အဖွဲ့ခေါင်းဆောင် Mr Werner Langen ကလည်း စီးပွားရေးပိတ်ဆို့မှု များ ရုပ်သိမ်းခြင်းနှင့်ပတ်သက်ပြီး ကျေးလက်ဒေသနေ လူထု၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည်လည်း အဓိကကျ ကြောင်း ပြောသည်။
"မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက စက်မှုလုပ်ငန်းတိုးတက်မှုတစ်ခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ ကွဲပြားခြားနားမှုတွေ ကို အသုံးချဖို့လည်း လိုအပ်ပါတယ်" ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ၏တည်ထောင်စ လွှတ် တော်၏ လုပ်ဆောင်နိုင်စွမ်းနှင့် ပတ်သက် ပြီး ဥရောပ၏စံနှုန်းများအရ တိုင်း တာမည်ဆိုပါက တပ်မတော်သား ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းမှာ ခန့်အပ်ခံထား ခြင်းဖြစ်သည့်အတွက် အပြည့်အ၀ ဒီမို ကရေစီကျသည်ဟု မပြောနိုင်ကြောင်း Mr Werner Langen က ပြောသည်။
"ဒါပေမယ့် ရွေးကောက်ခံကိုယ်စား လှယ်တွေကတော့ သူတို့ရဲ့အလုပ်ကို တော်တော်လေး အလေးအနက်ထား သလို ပြည်သူကို ကိုယ်စားပြုနိုင်ဖို့လည်း အသင့်ဖြစ်နေတာကို တွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။           http://www.myanmar.mmtimes.com/2012/news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif