http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Mar 2012

အစိုးရ၀န်ထမ်းများကို အပိုဆောင်းငွေ ကျပ်သုံးသောင်း၊ နေ့စားလုပ်သားများရဲ့ တနာရီလုပ်ခ ကျပ်တထောင် တိုးမြှင့်ပေးမယ်။

မန်မာအာဏာပိုင်တွေက အစိုးရ၀န်ထမ်းတွေကို ၂၀၁၂ ဧပြီလ တရက်နေ့မှ စတင်ပြီး ပုံမှန်လစာငွေအပြင် အပို ထောက်ပံ့ကြေးငွေ ကျပ်သုံးသောင်းစီနဲ့ အစိုးရဌာနများတွင် လုပ်ကိုင်နေတဲ့ နေ့စားအလုပ်သမားများအား တနာရီလုပ်ခငွေ ကျပ်တထောင် တိုးမြှင့်ပေးမှာ ဖြစ်ကြောင်း မြန်မာရုပ်သံလွှင့် အစီအစဉ်တခုက ၂၀၁၂ မတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် ကြေညာသွားခဲ့ကြောင်း သိရှိရပါတယ်။ မြန်မာပြည်သူ့လွှတ်တော်က ၀န်ထမ်းများရဲ့ လစာငွေ တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်း တခဲနက် ဆုံးဖြတ်ပြီးနောက် မြန်မာအစိုးရက လောလောဆယ် အခြေအနေမှာ ၀န်ထမ်းများကို လစာတိုးမြှင့်ပေးဖို့ မဖြစ်နိုင်ကြောင်း လွှတ်တော်အား ပြန်လည် ရှင်းလင်း တင်ပြခဲ့ပါတယ်။ ထိုသို့ တင်ပြပြီးနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၀န်ထမ်းများရဲ့လစာငွေ တိုးမြှင့်နိုင်ရေးကိစ္စ အကောင်အထည်ပေါ်အောင် ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောဆိုတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုသို့ ဖြစ်ပျက်ခဲ့ကြပြီးနောက် မြန်မာ အစိုးရ၀န်ထမ်းများအား ပုံမှန်လစာအပြင် အပိုထောက်ပံ့ကြေးငွေ ကျပ်သုံးသောင်း ပေးမှာဖြစ်ကြောင်းနဲ့ အစိုးရနေ့စားလုပ်သားများအား တနာရီလုပ်ခငွေကို ကျပ်တထောင် တိုးမြှင့်ကာ ကျပ် နှစ်ထောင့်တရာအဖြစ် သတ်မှတ်ကြောင်း မြန်မာအစိုးရက ၂၀၁၂ မတ်လ ၁၄ ရက်နေ့တွင် ကြေညာလိုက်ပါတယ်။
မြန်မာအစိုးရ၀န်ထမ်းတွေဟာ ၁၉၇၀ ကျော် ကာလများမှစတင်ကာ လစာငွေ မလောက်ငမှုများနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ ထိုသို့ မလောက်မင ဖြစ်ကြပြီးတဲ့နောက် အစိုးရ၀န်ထမ်းများဟာ အစိုးရပိုင်ပစ္စည်းများ ခိုးထုတ် ရောင်းချခြင်း၊ လာဘ်စားခြင်း အပါအ၀င် နည်းလမ်းပေါင်းစုံနဲ့ အပိုဝင်ငွေ ရှာဖွေကာ ရုန်းကန် လှုပ်ရှားခဲ့ကြရပါတယ်။ ၁၉၈၀ ကာလများမှာတော့ ကက္ကသိုလ်ဘွဲ့ရများ အပါအ၀င် မြန်မာလူငယ်များဟာ လာဘ်လာဘ ရရှိတဲ့ အစိုးရဌာနများတွင် အလုပ်အကိုင်ရရှိရန်အတွက် လုံးပန်းလာခဲ့ကြရသလို ပြည်ပကို သင်္ဘောသားအဖြစ် အလုပ်လုပ်ကိုင်ကြတဲ့ လူငယ် အများအပြားလည်း ရှိလာခဲ့ပါတယ်။ဒီကနေ့ မြန်မာအစိုးရလုပ်ငန်းများနဲ့ ဆက်နွယ်ပြီး အလုပ် လုပ်ကြရသူများအဖို့ ၀န်ထမ်းတွေကို လက်ဖက်ရည်ဖိုး လို့ ခေါ်တဲ့ အပိုကြေးငွေ ပေးပြီး လုပ်ကိုင်ကြရတာဟာ ပုံမှန်လို ဖြစ်နေပါတယ်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူများ၊ ပြည်ပနိုင်ငံများတွင် နေထိုင်နေကြတဲ့ မြန်မာတိုင်းရင်းသားများ မြန်မာပြည်ကို ပြန်ကြရတဲ့အခါမှာလည်း အကောက်ခွန်၊ လူဝင်မှု ကြီးကြပ်ရေး အပါအ၀င် လေဆိပ်ဝန်ထမ်းများကို လာဘ်ငွေပေးကြရတာကလည်း လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။ ဒီနှစ်ပိုင်း မြန်မာပြည်ကို ပြန်သွားခဲ့သူများရဲ့ အဆိုအရ လေဆိပ်မှာ တင်းကြပ်မှုတွေ လျော့ပါးသွားခဲ့ကြောင်း ပြောပြခဲ့သလို လာဘ်ငွေအနည်းအကျဉ်း ပေးရမှုကလည်း ရှိနေကြောင်း ပြောပြပါတယ်။လစာငွေ မလောက်ငမှုကို အခြေခံ ပေါ်ပေါက်လာခဲ့တဲ့ အကျင့်ပျက် လာဘ်စားမှုနဲ့ ပြည်သူပိုင်ပစ္စည်းများ ကိုယ်ကျိုးသုံးမှု၊ အာဏာအလွဲသုံးစားမှုတွေဟာ မြန်မာပြည်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပျက်နေဆဲ ဖြစ်ပြီး အခုလို အပိုထောက်ပံ့ကြေးငွေ တိုးမြှင့်ပေးမှုဟာ ယာယီ ဖြေရှင်းမှုမျှသာ ဖြစ်ကာ မြန်မာလူ့အသိုင်းအ၀ိုင်းအတွင်း နက်နက်ရှိုင်းရှိုင်း စူးနစ်နေတဲ့ ကိုယ်ကျင့်တရား ပျက်ယွင်းမှုကတော့ အချိန်ယူကာ စနစ်တကျ ဖြေရှင်းကြရမယ့် ပြဿနာကြီးတရပ် ဖြစ်ပါတယ်။ အစိုးရရဲ့ အပိုထောက်ပံ့ကြေးငွေ ပေးမယ့် ကြေညာချက်ဟာ ၀န်ထမ်းတွေရဲ့ အပူမီးတချို့ကို ငြိမ်းသတ်နိုင်မှာ ဖြစ်သော်လည်း လစာငွေ တိုးမြှင့်ခြင်းနဲ့အတူ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကုန်ဈေးနှုန်း တိုးမြင့်လာမယ့်အရေးကို မဖြေရှင်းနိုင်ရင် အပိုထောက်ပံ့ကြေးငွေ ပေးတဲ့ကိစ္စဟာ ငွေကြေးဖောင်းပွမှု တိုးလာကလွဲပြီး ဘာမှ အကျိုးသက်ရောက်မှု ရှိနိုင်မှာ မဟုတ်ပါဘူး။ မြန်မာအစိုးရဟာ ငွေကြေးစနစ် ပြောင်းလဲမှုလုပ်ငန်းကို နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် ငွေကြေးဆိုင်ရာ ပြဿနာများကို ယခင်ကာလများထက် ပိုမို တည်ငြိမ်စွာ ဖြေရှင်းလာနိုင်ဘွယ်တော့ ရှိပါတယ်။                      http://burmatoday.net/news.php?new 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif