http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Mar 2012

ဝန်ကြီးဌာနအချို့ရဲ့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုသတင်း ဖော်ပြတဲ့ The Voice ဂျာနယ်ကို သတ္ထုတွင်းဝန်ကြီးဌာနက တရားစွဲ

မတ်လ ၁၂ - ၁၈ ရက်နေ့စွဲနဲ့ ထုတ်ဝေတဲ့ The Voice ဂျာနယ်၊ အတွဲ ၈ ၊ အမှတ် ၁၃ တွင် ဖော်ပြထားတဲ့ ”၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ“ ဆိုတဲ့ သတင်းတွင် သတ္ထုတွင်း ၀န်ကြီးဌာနနဲ့ စပ်လျဉ်းပြီး မမှန်မကန် ဖော်ပြမှုများ ပါဝင်နေတဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနက The Voice ဂျာနယ် ထုတ်ဝေသူနဲ့ သတင်းရေးသားသူတို့အား ဥပဒေကြောင်းအရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၂၀၁၂ မတ်လ ၁၄ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများ ဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာများတွင် ဖော်ပြထားပါတယ်။အခုတပတ်ထုတ် The Voice ဂျာနယ်တွင် အစိုးရ၀န်ကြီးဌာနအချို့ရဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် ငွေစာရင်း အလွဲသုံးစား ပြုလုပ်ထားတာတွေ၊ လိမ်လည် ဖော်ပြထားတာတွေ၊ မှားယွင်း ဖော်ပြထားတာတွေ ရှိတယ်လို့ စာရင်းစစ်ချုပ်က လွှတ်တော် ငွေစာရင်းကော်မတီကို အသိပေးခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး ”၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေး တွေ့ရှိ“ ခေါင်းစီးနဲ့ ဖော်ပြခဲ့ရာ လူအများ စိတ်ဝင်စားတဲ့ သတင်းတပုဒ် ဖြစ်ခဲ့ပြီး ယနေ့မြန်မာ အပါအ၀င် ပြည်တွင်း၊ ပြည်ပ မြန်မာသတင်းဌာများရဲ့ အင်တာနက်စာမျက်နှာများ၊ ပြည်ပ အခြေစိုက် ရေဒီယိုများကလည်း ထိုသတင်းနဲ့ ပတ်သက်ပြီး ရှုဒေါင့်မျိုးစုံနဲ့ ဖော်ပြခဲ့ပါတယ်။ ထိုသို့ ဖော်ပြရာတွင် အချို့သတင်းဌာနများအနေနဲ့ သတ္ထုတွင်းဝန်ကြီးဌာန၊ အမှတ် ၁ သတ္ထုတွင်းလုပ်ငန်းရဲ့ မုံရွာ ကြေးနီစီမံကိန်းရဲ့ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအား မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်ကို ရောင်းချခဲ့ရာ ငွေပေးချေမှုများ ပြုလုပ်တဲ့အခါ ဦးပိုင်လီမီတက်က ပေးချေရမယ့်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေခဲ့တဲ့အကြောင်းကို ထည့်သွင်း ဖော်ပြခဲ့ကြပါတယ်။ ထိုသတင်းနဲ့ ပတ်သက်ပြီး The Voice ဂျာနယ်တွင် ရေးသားရာမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးကို ကိုးကား ရေးသားထားခဲ့ပါတယ်။ထိုသို့ ဖော်ပြထားမှုနဲ့ ပတ်သက်ပြီး မတ်လ ၁၄ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် “စာနယ်ဇင်းများဟာ နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ရာ ပြည်သူ့အကျိုးစီးပွားအတွက် မျက်နှာမလိုက်၊ ဘက်မလိုက်ဘဲ မှန်ကန်တဲ့ အကြောင်းအရောအပေါ် အခြေခံပြီး တိကျမှန်ကန်စွာ အပြုသဘောဆောင် ရေးသားရမှာ ဖြစ်ကြောင်း၊ ဒါမှသာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် သုံးရပ်နဲ့ ဌာနဆိုင်ရာ အသင်းအဖွဲ့ လူပုဂ္ဂိုလ်များအနေနဲ့ မီဒီယာရဲ့ အပြုသဘောဆောင် ထောက်ပြ၊ ပြုပြင်၊ တည့်မတ်မှုများအပေါ် လေးစား တန်ဖိုးထားပြီး လိုအပ်တဲ့ တည့်မတ် ပြုပြင် ထိန်းသိမ်း အရေးယူမှုများ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ အခုလို အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်ကာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်မှာ စာနယ်းဇင်းကျင့်ဝတ်နဲ့ မညီ၊ အပြုသဘော မဆောင်၊ ဂုဏ်သိက္ခာ မရှိတဲ့ အရေးအသားများနဲ့ ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များအပေါ် မမှန်မကန် စွတ်စွဲ ရေးသားပါက တည်ဆဲ ဥပဒေများနဲ့အညီ တရားစွဲဆိုခံရမှာ ဖြစ်ကြောင်း၊ သတ္ထုတွင်းဝန်ကြီးဌာနဟာ The Voice ဂျာနယ်တွင် ဖော်ပြထားသလို ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း လိမ်လည်မှု၊ ဖုံးကွယ်မှု၊ ထိန်ချန်မှု၊ လွှဲပြောင်း ဖော်ပြမှု လုံးဝ မရှိခဲ့ကြောင်း“ ချေပရေးသားခဲ့ပြီး The Voice ဂျာနယ်တွင် ရေးသား ဖော်ပြထားတဲ့ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ စပ်လျဉ်းတဲ့ ရေးသားချက်ဟာ မှန်ကန်မှု မရှိ၊ ၀န်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်သူလူထုရဲ့ ယုံကြည်အားထားမှုကို ယုတ်လျော့ နစ်နာစေတဲ့ မမှန်မကန် စွပ်စွဲ ဖော်ပြမှု ဖြစ်တဲ့အတွက် The Voice ဂျာနယ် ထုတ်ဝေသူနဲ့ သတင်းရေးသားသူတို့ကို ဥပဒေကြောင်းအရေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။မြန်မာအာဏာပိုင်များဟာ စာနယ်ဇင်းများ ပုံနှိပ် ဖြန့်ချိတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင် ရေးဆွဲနေကာ စာပေစိစစ်ရေးအဖွဲ့အား ဖျက်သိမ်းပစ်ပြီး မကြာမီတွင် မီဒီယာလွတ်လပ်ခွင့်များ ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့သတင်းများ လွန်ခဲ့တဲ့လများအတွင်းက စတင် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုသို့ လွတ်လပ်ခွင့်များ ပေးတဲ့အခါ သက်ဆိုင်ရာ စာနယ်ဇင်းများအနေနဲ့ မိမိ ရေးသား ထုတ်ဝေ ဖြန့်ချိတဲ့ သတင်းများ၊ အကြောင်းအရာ အချက်အလက်များနဲ့ ပတ်သက်ပြီး မိမိဖာသာ တာဝန်ခံရမှာ ဖြစ်ကြောင်း၊ မမှန်မကန် ရေးသား ဖော်ပြပါက တရားစွဲဆိုခံရမှာ ဖြစ်ကြောင်း စတဲ့ သတင်းများလည်း မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာသတင်းများနဲ့ ဆက်စပ်ပြီး ကြားသိလာရပါတယ်။ အခု ရက်ပိုင်းအတွင်းမှာတော့ မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာနဲ့ သတင်းထောက်ကို သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေးက တရားစွဲတဲ့သတင်း ထွက်ပေါ်လာခဲ့ပြီး အစိုးရပိုင် သတင်းစာတွင် The Voice ဂျာနယ်အား တရားစွဲဆိုမယ့်သတင်း ရေးသားလာခဲ့ပါတယ်။မြန်မာ စာနယ်ဇင်းများနဲ့ အစိုးရတို့အကြား အမြင် မကြည်လင်မှုများဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခါစ ပါလီမန် ဒီမိုကရေစီစနစ်ကတည်းက ရှိခဲ့ပါတယ်။ ပါလီမန် ဒီမိုကရေစီစနစ်ကဆိုရင် သတင်းစာတိုက်များကို အာဏာပိုင်များ ၀င်ရောက် ရှာဖွေခဲ့ပြီး ပုံနှိပ်ရာတွင် အရေးကြီးတဲ့ ခဲစာလုံး ထည့်ထားတဲ့ ခွက်များကို မှောက်ပစ်ခြင်းကိစ္စဟာ လူပြောများခဲ့ပြီး သတင်းစာတိုက်များအတွင်းသို့ လူစုလူဝေးနဲ့ ၀င်ရောက် ရိုက်နှက်ခြင်းများလည်း ဖြစ်ခဲ့ကြောင်း ထိုခေတ်ကာလတွင် ကြီးပြင်းခဲ့သူများက ပြန် ပြောပြခဲ့ဘူးပါတယ်။ ဒီကနေ့ခေတ် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကာလမှာတော့ စာနယ်ဇင်းများကို သက်ဆိုင်ရာ အစိုးရဌာနများက တရားစွဲဆိုတဲ့ကိစ္စများ ဖြစ်ပျက်နေပါတယ်။ မီဒီယာများတွင် သတင်းဖော်ပြမှုများနဲ့ ပတ်သက်ပြီး တရားစွဲဆိုကြတာ၊ ပြန်လည် ဖြေရှင်းကြရတာတွေက မကြာခဏဆိုသလို ကြုံတွေ့ရတတ်တဲ့ အဖြစ်အပျက်များ ဖြစ်သလို ခေတ်ပြောင်း စနစ်ပြောင်းစ ကာလတွေမှာ အဆင်မပြေမှုတွေ၊ အခန့်မသင့်မှုတွေ ဖြစ်ပွားတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်များ ဖြစ်ပါတယ်။ အဲဒီလို အဆင်မပြေမှုတွေ ဖြစ်ပျက်ကြရာကနေ ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ထိခိုက်ခဲ့ရမှုများ ရှိခဲ့လို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့တဲ့ သာဓကတွေကလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနစ် အသွင်ကူးပြောင်းရေးကာလမှာတော့ ပါဝင်ပတ်သက်သူများအားလုံးရဲ့ အမျှော်အမြင် ကြီးမားမှု၊ အပြန်အလှန် လေးစားမှုများနဲ့ ယှဉ်တွဲကာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အောင်မြင်စွာ ကျော်လွှားနိုင်မယ်လို့ သုံးသပ်မိပါတယ်။   http://burmatoday.net/news.php?news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif