အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကိုယ်စားလှယ်တွေ အားလုံး သတိပြုရမှာက မဲစာရင်းတွေနဲ့ ပတ်သက်လို့ အမှားအယွင်းတွေ အတော်ကို များပါတယ်။ နည်းနည်းနောနော မဟုတ်ပါဘူး။ ရာနဲ့ထောင်နဲ့ချီပြီးတော့ မှားယွင်းနေတာတွေ ရှိပါတယ်။ အဲဒါတွေကို အမြန်ဆုံး ပြုစုရပါမယ်”ဟု ပြောကြားခဲ့သည်။
“ပြည်သူလူထုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အားကိုးတယ်။ ထောက်ခံတယ်။ ဒါပေမယ့် ဒီအားကိုးမှု၊ ထောက်ခံမှုတွေနဲ့ တန်အောင်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ပြရမယ်ဆိုတာ ပြောချင်ပါတယ်။ ကျွန်မတို့ ပုဂ္ဂိုလ်ရေး တစ်ဦးတစ်ယောက်အတွက် လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်မတို့ ဘယ်ကိုယ်စားလှယ် အနိုင်ရရေးအတွက် လုပ်နေတာမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် လုပ်နေတာပါ။ အဲဒီတော့ ကျွန်မတို့က ဒီမိုကရေစီ အဖွဲ့ကြီးဆိုတော့ သဘောထား ကွဲလွဲမှုတွေ ကိုလက်ခံပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သဘောထားခြင်း မတူတာ၊ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း မတူတာတွေ ဒါတွေအားလုံးကို ကျွန်မတို့ လက်ခံပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ဒီမိုကရေစီအဖွဲ့ကြီး ဖြစ်လို့ကို ဘယ်လိုပဲ ကွဲပြားမှုရှိနေပါစေ နောက်ဆုံးတော့ အများ ရဲ့ဆုံးဖြတ်ချက်အရ မူပေါ်မှာ အခြေခံပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရပါမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး ဦးဥာဏ်ဝင်းက လည်း ရွေးကောက်ပွဲဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ခံများက ရွေးကောက်ပွဲ အောင်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ http://www.news-eleven.com/i
0 comments:
Post a Comment