http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Mar 2012

ရန်ကုန်စည်ပင်နယ်နိမိတ် လျှပ်စစ်ဆိုင်ကယ် အရေးယူမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် လျှပ်စစ်ဆိုင်ကယ် (လျှပ်စစ်စက်ဘီး) များ စီးနင်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကာ တိုင်းဒေသကြီးအစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ လျှပ်စစ်ဆိုင်ကယ် (အများအခေါ်) လျှပ်စစ်စက်ဘီးကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ပြင်ပတွင်သာ စီးနင်းခွင့် ပြုထားပြီး စီးနင်းရန် လိုင်စင်ကို ရန်ကုန်တိုင်းဒေသကြီး က.ည.န တောင်ပိုင်းခရိုင်ရုံး (သန်လျင်) နှင့် မြောက်ပိုင်းခရိုင်ရုံး (အင်းစိန်) တွင်သာ လိုင်စင် ထုတ်ပေးလျက် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြောက်ပိုင်းခရိုင်ရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သိမ်းဆည်းထားသော လျှပ်စစ်ဆိုင်ကယ် အစီး ၃၀ ကျော်ရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် ရန်ကုန်မြို့တွင်း မောင်းနှင် စီးနင်းသော လျှပ်စစ်စက်ဘီးများ ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲအရာရှိက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် လျှပ်စစ်ဆိုင်ကယ်စီးနင်းခွင့် လျှောက်ထားရာ တောင်ပိုင်းခရိုင်ရုံးတွင်သာ အစီး ၂၀ ခန့် လိုင်စင် ထုတ်ပေးထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လိုင်စင်ထုတ်ပေးထားခြင်း မရှိသော်လည်း လိုင်စင်မရှိသော လျှပ်စစ်စက်ဘီးများစွာ မြင်တွေ့ကာ စီးနင်းမှုများ ရှိကြောင်း ယင်းရုံးထံမှ သိရသည်။ လျှပ်စစ်စက်ဘီး ဝယ်ယူမှုများမှာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လျှပ်စစ်စက်ဘီးများ လိုင်စင်ထုတ်ပေးမည်ဟု ပြောကြားခဲ့သည့် နောက်ပိုင်း မြင့်တက်ခဲ့ကြောင်း တောင်ဥက္ကလာပ မြို့နယ်တွင် လျှပ်စစ်စက်ဘီးရောင်းချသူ တစ်ဦးက ဆိုသည်။ “အဲဒီတုန်းက အရောင်းအဝယ် တော်တော်ဖြစ်သွားတယ်။ အခုတော့ စီးရင်ဖမ်းမယ် ဆိုလို့ ဝယ်မယ့်သူတောင် မရှိတော့ဘူး”ဟု ၎င်းက ရှင်းပြသည်။

လျှပ်စစ်စက်ဘီးများမှာ ဘက်ထရီကို အားသွင်းထားပါက မိုင် ၃၀ ခန့်သာ အသုံးပြုနိုင်ပြီး မိုင် ၃၀ ပြည့်ပါက သူ့အလိုလို ရပ်တန့်သွားကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိကြောင်း၊ ခေတ်မီ၍ အချိန်ကုန်လူပင်ပန်း သက်သာသော စက်ပစ္စည်း ဖြစ်ကြောင်း လျှပ်စစ်စက်ဘီး ဝယ်ယူသူတစ်ဦးက ဆိုသည်။ အဆိုပါ လျှပ်စစ်စက်ဘီးများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်ရုံးနှင့် မြောက်ပိုင်းခရိုင် အင်းစိန်ရုံးတို့တွင် မှတ်ပုံတင် ဆောင်ရွက်ကာ စီးနင်းနိုင်သော်လည်း မြောက်ပိုင်းခရိုင်ရုံးတွင် လျှောက်ထားသူ မရှိသေးကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ပြင်ပ သန်လျင်၊ မှော်ဘီ၊ ထန်းတပင် စသည့် မြို့နယ်တို့တွင် စီးနင်းနိုင်ကြောင်း က.ည.န တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေအခန်း (၁)၊ ပုဒ်မ (၂) အပိုဒ် (က) အရ မော်တော်ယာဉ်ကို စက်အားဖြင့် ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားဖြင့် ဖြစ်စေ အားလုံးကိုလည်းကောင်း၊ အချို့တစ်ဝက်မျှ သော်လည်းကောင်း အသုံးပြု၍ ပြည်သူများဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်သွားလာသည့် သို့မဟုတ် မောင်းနှင်သွားနိုင်သည့် ယာဉ်များ ပါဝင်သည်ဟု ဖော်ပြထားသည်။ ယင်းဥပဒေ၏ အခန်း(၂) ပုဒ်မ (၃)တွင် မည်သည့် မော်တော်ယာဉ်မဆို မှတ်ပုံတင်မထားသော၊ မှတ်ပုံတင် ခေတ္တရပ်စဲထားသော၊ ဖျက်သိမ်းထားသော၊ သက်တမ်း ကုန်ဆုံးပြီးသော မော်တော်ယာဉ်ကို ပြည်သူတို့ဆိုင်ရာ နေရာတစ်ခုခုတွင် မည်သူမျှ မမောင်းနှင်စေရ၊ မောင်းနှင်ခွင့်မပြုရဟု သတ်မှတ်ထားပြီး လိုက်နာမှုမရှိပါက ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်ကြောင်း ယင်းဥပဒေအရ သိရှိရသည်။ 
http://www.thithtoolwin.com/2012/03/blog-post_

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif