http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Apr 2012

ယဉ်ကျေးမှုပျောက် လာသော မြန်မာ့သင်္ကြန်


ယဉ်ကျေးမှုပျောက်လာသော မြန်မာ့သင်္ကြန်"သင်္ကြန်တန်ခူး၊ နှစ်ဦးညောင်ရေ
စာပုလွေခင်း၊ ပဉ္စင်းတော်ခံ၊
စာရေးတံနှင့်၊ မြစ်ယံပွဲကြီး
ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊
မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံး၊
ဂူလုံးသဲပုံ၊ စေ့စုံစီလျင်၊
ဤသို့ယှဉ်သား၊ အစဉ်ပြုမြဲ ဆဲ့နှစ်ပွဲတည့်" ။ ။
ဟူသော လက်ဝဲသုန္ဒြ၏ သာဓိနပျို့နှင့် အညီ မြန်မာလူမျိုးတို့သည် ရှေးအစဉ် အလာအတိုင်း တန်ခူးလတွင် သင်္ကြန်ပွဲကို ကျင်းပကြမြဲဖြစ်သည်။ ထိုပွဲကို မြန်မာ လူမျိုးများသာမက နိုင်ငံခြားဧည့်သည်များ ကပါ စိတ်ဝင်စားကြသော ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။ အလုပ်ခွင်ဝင်ရောက်နေသူ အားလုံး သည် သင်္ကြန်တွင်ပျော်သကဲ့သို့ပင်သင်္ကြန် နှင့် အတူပါလာသော အားလပ်ရက်များ ကိုလည်း မျှော်ကြရသည်။ စင်ကာပူနိုင်ငံ တွင် Web Designerအဖြစ် တာဝန်ထမ်း ဆောင်နေသူ အသက် ၂၉ နှစ်အရွယ်ရှိ မသွယ်သွယ်က
"သင်္ကြန်ရောက်ပြီဆိုရင် ဘယ်နေရာပဲရောက်ရောက်ဘယ်နိုင်ငံမှာပဲ ရှိနေနေ အိမ်ပြန်ချင်တယ်။ ကိုယ့်နိုင်ငံမှာပဲ နေချင်တယ်လေ။ ခုလည်း သင်္ကြန်ပြန်လာ ဖို့ကို ဇန်နဝါရီလလောက်ကတည်းက ခွင့်ယူဖို့ပြောထားပြီး ဖေဖော်ဝါရီလလောက် ကတည်းက လက်မှတ်ဝယ်ထားလိုက် တာ။ အနီးအနားကျမှ မသွားဖြစ်တော့မှာ စိုးလို့"ဟု ဆိုသည်။ သင်္ကြန်အားလပ်ရက်များတွင် အချို့ က ဥပုသ်စောင့်ကြသည်။ အချို့က မဏ္ဍပ် ထိုးကာ စတုဒိသာကျွေးကြသည်။အချို့က ဒုလ္လဘ ရဟန်းပြုခြင်း၊ သီလရှင်ဝတ်ခြင်း များပြုကြပြီး အချို့က မဏ္ဍပ်တွင်ရေပက် ကြတာ အချို့က ရေပက်ခံကားဖြင့် လည် ပတ်ကြသည်။ "သင်္ကန်းမဝတ်ဖြစ်တာ သုံးနှစ်လောက်ကြာပြီဆိုတော့ ရဟန်းခံချင် တဲ့ စိတ်လည်းရှိတယ်လေ။ အဖေနဲ့အမေ ကလည်း ဝတ်ခိုင်းတယ်။ ချစ်သူကလည် ဝတ်စေချင်တယ်။ အဲဒါနဲ့ ခွင့်ရတုန်းလေး အိမ်ပြန်ပြီး ရဟန်းခံဖြစ်တာ"ဟု အသက် ၂၆ နှစ်ရှိ တပ်မတော်တွင် တာဝန်ထမ်း ဆောင်နေသော ကိုကျော်ကျော်က ဆို သည်။ အသက် ၂၁ နှစ်ရှိ ဟိုတယ်မန်နေဂျာ အမျိုးသမီးငယ်တစ်ဦးကလည်း "သင်္ကြန် ဆို ခရီးပဲသွားချင်တာပါ။ ဒီနှစ်ခရီးထွက် မလို့ လုပ်ထားတာလက်မှတ်ဝယ်ရတာ အဆင်မပြေလို့ မဏ္ဍပ်ထိုင်ဖြစ်သွားတာ။ သူငယ်ချင်းတွေကလည်း အတူတူထိုင်ကြ မယ်ပြောလို့လေ"ဟု ဆိုသည်။ "အိမ်ကစတုဒိသာကျွေးလို့ကူညီ ပေး ရင်းနဲ့ပဲ အိမ်မှာနေဖြစ်တယ်"ဟု အသက် ၂၆နှစ်ရှိ မထက်ထက်လွင်က ပြောသည်။ သင်္ကြန်၏ သမိုင်းကြောင်းကိုခြေရာခံ ရသော် ဂေါတမမြတ်စွာဘုရား ဖွားမြင်ရာ ကပိဘဝတ်ပြည်နှင့် ကောလိယပြည်စပ် ကြားရှိ ဒေသဒဟနတ်ရေကန် ကပိလဝတ် ပြည်မှ မင်းသားမင်းသမီးတို့နှင့် ကောလိယ ပြည်မှမင်းသားမင်းသမီးတို့သည် ရေ ကစားကြရာ လာရောက်တွေ့ ဆုံခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရင်းနှီးဆက်သွယ်သွား ကြလေသည်။
ထိုကြောင့် "ရေသဘင်အစ - ဒေဝဒဟ"ဟု ဆိုထိုက်ပေသည်။ ထိုရေကစားသော အလေ့အထသည် မြန်မာပြည်သို့ ကူးစက်လာရာ ရိုးရိုး တန်းတန်း ယဉ်ကျေး သိမ်မွေ့ အရေပက်ခြင်း၊ အသက်ဝါသိက္ခာကြီးသော သူတို့အား ရေချမ်းဖြင့် ကန်တော့ခြင်းစသည့် အလေး အထတို့ကိုသာပြုကြမြဲဖြစ်ပေသည်။သပြေ ခက်နှင့်ရေပက်ခြင်းမှ စတင်ခဲ့ပြီး ယခုအခါ မီးသတ်ပိုက်ဖြင့် ရေပက်ခြင်းသို့ပင် ပြောင်း လဲပြီဖြစ်သည်။ "မဏ္ဍပ်မှာ ရေပက်ဖို့ ပိုက်တွေဆင်တဲ့ အခါကျရင် မီးသတ်ပိုက်က မပါမဖြစ်ပေါ့။ ခုနောက်ပိုင်းတော့ အစားအသောက်တွေပါ ကျွေးတယ်လေ။ ရေလာပက်မယ့်မင်းသား မင်းသမီးတွေကိုလည်း ငှားရသေးတယ်။ ကိုယ့်မဏ္ဍပ်မှာ ရေလာပက်အောင် ဒီလိုပဲ လုပ်ရတာပေါ့"ဟု မဏ္ဍပ်ကန်ထရိုက် ကိုဝဏ္ဏက ပြောသည်။
နိုင်ငံခြားမှ ခေတ္တပြန်လာသော မသွယ်သွယ်က "သင်္ကြန်မှာရေကစားကြ တာ ခွက်နဲ့ပဲပက်ပက်၊ ပိုက်နဲ့ပဲပက်ပက် အဓိကမဟုတ်ပါဘူး။စိတ်ညစ်စရာကောင်း တာက မိန်းကလေးတွေရဲ့ အဝတ်အစား နဲ့ အနေအထိုင်ပဲ။ အစ်မကဒီကိုပြန်လာ မယ်ဆိုတော့ ဟိုကလူတွေကသင်္ကြန် အကြောင်း မေးကြတာပေါ့။ ဒါနဲ့မြန်မာဆို တာ ဘာလဲ၊ မြန်မာ့ယဉ်ကျေးမှုဆိုတာ ဘာလဲဆိုတာကို သေချာလေးရှင်းပြခဲ့တာ ပေါ့လေ။ သူတို့က စိတ်ဝင်စားကြတယ်။ ဒါပေမယ့် အွန်လိုင်းက ဒီနှစ်သင်္ကြန် ဓာတ်ပုံတွေကိုကြည့်ပြီး မြန်မာဆိုတာ ဒါမျိုးတွေပဲလို့ ထင်သွားတော့မှာ။ အဲဒါကို အစ်မတော်တော်ရှက်မိတယ်"ဟု စိတ်ညစ် စွာဆိုသည်။ အဝတ်အစားဆိုတာ နေရာဒေသကို ကြည့်ပြီး အလိုက်အထိုက်ဝတ်ရမှာ။ နိုင်ငံ ခြားမှာဆိုရင်သူ့နေရာနဲ့သူပဲဝတ်ကြရတာ။ အဲလိုမျိုးတွေ တွေ့ချင်ရင် အဲလိုမျိုးတွေရှိ တဲ့နိုက်ကလပ်ကိုသွားကြရတယ်။တကယ် တော့သင်္ကြန်ကို အခွင့်ကောင်းယူပြီး ဒီ လိုတွေလုပ်တာ သိပ်ကိုဆိုးလွန်းပါတယ်။ ကိုယ့်ကြောင့် လူမျိုးတစ်ခုလုံး သိက္ခာကျ အောင်လုပ်သလိုဖြစ်နေတယ်ဟု ၄င်းက ဆက်လက်ပြောသည်။ မဏ္ဍပ်ထိုင်ခဲ့သူ အမျိုးသမီးငယ်တစ်ဦး က"ဒီနှစ်ရဲ့မဏ္ဍပ်တွေမှာဆိုရင် ဆယ်ကျော် သက်တွေနဲ့ အသက် ၄၀ ကျော်တွေပဲ များတယ်။ လူလတ်ပိုင်းတွေကို သိပ်မတွေ့ ရဘူး၊ သောက်မယ်၊ ပျော်မယ်၊ ကမယ် ဆိုတဲ့သူတွေက များတယ်လေ။ ဘာလို့ မူးလဲဆိုတော့ မဏ္ဍပ်ထိုင်ရင် အရက် သောက်မှရမယ်ဆိုသလို ဖြစ်နေတာပေါ့။ အရမ်းလည်း ချမ်းတယ်လေ"ဟု သူ၏ ကိုယ့်တွေ့ကို ရှင်းပြသည်။
၎င်းကဆက်ပြီး" Culture Changes တွေတအားများနေတဲ့ အချိန်ဆိုတော့လေ။ ဘာပဲလုပ်လုပ် မလွန်စေချင်ဘူး။ မလိုအပ် တာတွေလုပ်တယ်ဆိုတာ ဒုက္ခကိုဖိတ်ခေါ် နေသလို ဖြစ်နေလိမ့်မယ်။ ခေတ်ကလည်း ဖော်ဝတ်မှ ခေတ်မီတယ်လို့ထင်နေကြတော့ လဲ ခက်တယ်"ဟု ဆိုသည်။ ရေ၏ သဘောသည် မျဉ်းသား၍ အခြားမထင်သကဲ့သို့ လည်းကောင်း၊ အေးမြသောသဘော ရှိခြင်းတို့ကြောင့် လည်းကောင်း ထိုသဘောတို့ကို အစွဲပြု ကာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းတို့ကို အကြောင်းပြု၍ ရေပက်ခြင်း၊ ရေပူဇော်ခြင်း များကို ပြုလုပ်ကြမြဲ ဖြစ်လေသည်။ "ကျွန်တော်တို့ရွာရဲ့ ဓလေ့တစ်ခုဖြစ် တဲ့ ရွာကဘုရားကိုတစ်ရွာလုံးက ရေ သပ္ပာယ်ကြတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ပေါ့။ ဒါက ကျွန်တော်တို့ရဲ့ အဘိုးတွေ အဘွားတွေ လက်ဆင့်ကမ်းလာတဲ့ ဓလေ့ ပေါ့ဗျာ။ နှစ်သစ်ကူးမှာအေးချမ်းစေချင်တဲ့ သဘောလေးပေါ့"ဟု ပျဉ်းမနားမြို့တွင် နေထိုင်သော ကိုသက်နိုင်က ၄င်းရွာ၏ ဓလေ့ကို ရှင်းပြသည်။ သင်္ကြန်တွင်း အချိန်ပိုဆင်းရသော ပုဂ္ဂလိကလုပ်ငန်းတစ်ခုမှ ကိုကောင်းစံက
"နှစ်ဆန်းတစ်ရက်နေ့မှာ သူငယ်ချင်းတွေနဲ့ စုပြီး လှိုင်သာယာ ၁၄ ရပ်ကွက်က ကလေး တွေကို စတုဒိသာ ကျွေးတယ်။ မုန့်ကြာစိ သာဂူတိုက်တာ"ဟု ဆိုသည်။ ပြန်တမ်းဝင်အရာရှိတစ်ဦးဖြစ်သည့် ကိုကျော်ကျော်က "နောက်နှစ် သင်္ကြန်ကျ ရင် ဒုလ္လဘရဟန်း ဝတ်ရင်ဝတ်ဖြစ်မယ် ပေါ့။ မဝတ်ဖြစ်ရင်တော့ မဏ္ဍပ်တစ်ခုခုမှာ စတုဒိသာကျွေးမယ်လို့စဉ်းစားထားတယ်" ဟု ပြောသည်။ "ညီမကတော့ခရီးထွက်မယ်။ သင်္ကြန် မှာ ရေမကစားချင်ဘူး။ ခရီးထွက်တာက ပိုကောင်းတယ်"ဟု ဟိုတယ်မန်နေဂျာ မဆု နှင်းဝေက ဆိုသည်။ နှစ်ဟောင်းမှအညစ်အကြေးများကို စင်ကြယ်စေရန် ရည်ရွယ်လျက်ရေစင်ဖျန်း ပက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ ကြီးပြီးဆုံးခဲ့လေပြီ။ မြန်မာသက္ကရာဇ်၁၃၇၃ မှ ၁၃၇၄သို့လည်းကူးပြောင်းလာခဲ့ပြီ။ မြန် မာ့သင်္ကြန်ပွဲကြီးသည် ခေတ်စနစ်တွေ အမျိုးမျိုးကို ဖြတ်ကျော်ခဲ့သော်လည်း ယနေ့တိုင်ရှင်သန်လျက်ရှိလေသည်။ ခေတ် ရေစီးကြောင်း၏ တိုက်စားမှုကြောင့် မြန်မာ တို့၏ သင်္ကြန်ပုံရိပ်တို့သည် တဖြည်းဖြည်း နှင့်ပြောင်းလဲခဲ့ပြီး ယဉ်ကျေးမှုတို့ပျောက် ဆုံးလာခဲ့လေပြီ။ မည်သို့ပင်ဖြစ်စေ မြန်မာ့ ရိုးရာအတာသင်္ကြန်သည် ၁၃၇၅ ခုနှစ်ဆီသို့ ဆက်လက်၍ ခရီးထွက်ခဲ့လေတော့သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif