http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

ရုပ်ရှင် လုပ်ငန်းက ရုပ်ရှင် အစည်းအရုံးသို့ ငှားရမ်းထားသော ဝဇီရာ ရုပ်ရှင်ရုံ နှစ်ရုံ ဆက်မငှားတော့


ရုပ်ရှင် လုပ်ငန်းက ရုပ်ရှင် အစည်းအရုံးသို့ ငှားရမ်းထားသော ဝဇီရာ ရုပ်ရှင်ရုံ နှစ်ရုံ ဆက်မငှားတော့မြန်မာ့ ရုပ်ရှင် လုပ်ငန်းပိုင် ဝဇီရာ ရုပ်ရှင်ရုံ(၁)နှင့် (၂)အား မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ ငှားရမ်း လုပ်ကိုင်ခွင့် ပေးထားရာမှ မတ်လ ၃၁ရက် တွင် အဆိုပါ ရုံနှစ်ရုံအား မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ ပြန်လည် အပ်နှံရမည် ဖြစ်ကြောင်း မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ မတ်လ ၂၆ ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ အကြောင်းကြားစာ ပေးပို့လာကြောင်း သတင်း ရရှိသည်။
ဝဇီရာရုံ ၁နဲ့ ၂ကို ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာ့ ရုပ်ရှင် လောက သားတွေ အကျိုး အတွက် ပေးထားတာပါ။ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကနေ သတ်မှတ် ထားတဲ့ နှစ်အလိုက် ငှားရမ်းပေးတဲ့ ပုံစံပါ။
၂၀၁၁ ခုနှစ် စက်တင်ဘာမှာ စာချုပ် ပြန်ချုပ်ဖို့ ကြိုးစားပါတယ်။ အဲဒီ အချိန်မှာ ပုဂ္ဂလိက ပိုင် ပြုလုပ်ရေး ကော်မရှင်ကနေပြီး တော့ နိုင်ငံပိုင် အဆောက်အဦ တွေ ရောင်းချတဲ့ စာရင်းမှာ ဒီရုံတွေ ပါလာတော့ ကျွန်တော် တို့နဲ့ စာချုပ် ဆက်မချုပ် ဖြစ်ပါဘူး။
ဆက်ငှားချင် တယ်လို့ တင်ပြထားတာကိုဘာမှ အကြောင်းမပြန်ဘဲ နေတာ တစ်နှစ်လောက်ရှိမှ မတ်လ ၃၁ရက်က နေစပြီး ပြန်ကြားရေးပိုင် လှိုင်သာယာ မြို့နယ်က ဝဇီရာ၂နဲပ ကျောက်တံတားမြို့နယ်က ဝဇီရာ၁ ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ငှားရမ်းထားခြင်းမှ ရပ်စဲပါကြောင်းနဲ့ ဧပြီလ ၁ရက်နေ့မှာ ပြန်အပ်ပါလို့ စာပို့လာတယ်။
အဲဒီစာကို မြန်မာ့ရုပ်ရှင်လုပ်ငန်း ရန်ကုန်ရုံးခွဲကထုတ်ပြီး ကျွန်တော်တို့ ဆီမတ်လ ၂၆ရက်မှ ရောက်ပါတယ်။"ဟု လက်ရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဌ ဦးမြင့်သိန်းဖေက ပြောသည်။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ၂၉ရက်နေ့တွင် မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ ရုပ်ရှင်ရုံ ပြန်လည် အပ်နှံနိုင်ရန် ဆောင်ရွက်ချိန် ၃လပေးရန် တင်ပြခဲ့ပြီး ၃၀ရက်နေ့ နံနက်၁၁ နာရီတွင် ရုပ်ရှင်လုပ်ငန်းမှ ဦးသိန်းထွန်းအောင်နှင့် ပြန်ကြားရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စု ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာ့ရုပ်ရှင် အစည်းအရုံးကို ဆောင်ရွက်ချိန်၃လခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ ဝဇီရာ ၁ရုပ်ရှင်ရုံနှင့် လှိုင်သာယာမြို့နယ်ရှိ ဝဇီရာ၂ ရုပ်ရှင်ရုံတို့တွင် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသာ ဝန်ထမ်း စုစုပေါင်း ၄၀ ဦးရှိနေသည်။
မတ်လ ၃၁ရက်နောက်ဆုံးထားကာ မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ ပြန်လည်ပေးအပ်ရမည်ဖြစ်ခြင်းကြောင့် ဝန်ထမ်းများမှာ အလုပ်လက်မဲ့ အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု အဆိုပါ ရုံတာဝန်ခံ ဦးဌေးအောင်က ဆိုသည်။
လက်မှတ်ရောင်းသိမ်း ဝန်ထမ်းလေးတွေတချို့ မူးလဲကုန်တယ်။ငိုနေကြတယ်။ ဒါ့ပြင်စာရင်းစစ် ဦးလေးဆိုရင် အသက် ၈၀ကျော်ပါပြီ။ သူဆိုလည်း အလုပ်လက်မဲ့ ဖြစ်တော့မယ်ဆိုတဲ့အတွက် စိတ်မကောင်းဖြစ်နေတယ်။ အထူးသဖြင့် ဝန်ထမ်းလစာတိုးမယ့်လဖြစ်နေတယ်။
ကျွန်တော်တို့က ဝန်ထမ်းတွေကို လစာတိုးပေးမယ့်အချိန်မှာ ဖြစ်သွားလို့ အကုန်ဒုက္ခရောက်ကုန်ပါတယ်။ စာအရဆို ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပစ် ရမလို ဖြစ်နေ တော့ ကျွန်တော်တို့မှာ ထုံးစံအတိုင်း ဝန်ထမ်းလစာ ၃လခ ပေးပြီး ဖြုတ်ရမလို ဖြစ်နေတာပေါ့" ဟု ဝဇီရာ တာဝန်ခံ ဦးဌေးအောင်က ပြောသည်။
စာချုပ်ပါ အချက်အလက် များအရ အဆိုပါ ရုံနှစ်ရုံအား နိုင်ငံတော်အစိုးရမှ အချိန်မရွေး ပြန်လည်သိမ်းယူနိုင်ပြီး မျက်မြင် အခြေအနေတိုင်းသာ ပြန်အပ်ရမည်ဟု အချက် ပါဝင် သောကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နစ်နာမှုများစွာရှိနေကြောင်းပြောသည်။
"မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်ရုံလေးရှိတယ်ဆိုတဲ့ ဂုဏ်သိက္ခာ အတွက်ပါ။ ကျွန်တော်တို့ ဒီရုံထဲမှာ ထည့်ထားတဲ့ပစ္စည်းတွေလည်းရှိတယ်။ဒီရုံမှာ ခုံတန်းတွေလည်း အသစ်ဝယ်ထည့်ထားတာ။
အခုတိုင်းဆို မီးလုံးတစ်လုံးတောင်ဖြုတ်ခွင့်မရှိတော့ဘူး။ မတ်လ ၃၁ရက်မှာ ဘယ်လိုမှ မပြောင်းနိုင်သေးဘူး။ ဧပြီ ၁ရက်မှာ သူတို့က သော့ပိတ်မယ်လို့ ပြောတယ်။ ဒီနှစ်ရုံပေါင်း ဝန်ထမ်းတွေရဲ့ စားဝတ်နေရေး၊ အလုက်လက်မဲ့ ဖြစ်သွားမယ့်ကိစ္စ၊ ချိတ်ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေပြသဖို့ကိစ္စ ၊ချိတ်ထားတဲ့ရုပ်ရှင် ဇာတ်ကားတွေပြသဖို့ ကိစ္စ ဒုက္ခရောက်သွားမယ်။ ဒီအခက်အခဲတွေကိုစာရေးပြီး ရုပ်ရှင်လုပ်ငန်းကို ပြန်တင်ပြမယ်။
အိမ်ရှင် အိမ်ငှားတောင်မှ တစ်လကြိုပြီး အကြောင်း ကြားရတာကို သုံးလေးရက် အတွင်း ပြန်ပေးရမယ် ဆိုတာ တော်တော်လေး စိတ်မကောင်းဘူး" ဟု ဒုဥက္ကဌ ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။
ထို့အပြင် မကြာမီက အများဆန္ဒ အရ ရွေးကောက် တင်မြှောက် လိုက်သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်သစ်အဖွဲ့ ၏ အမြင်တွင်လည်း လက်ရှိ အမှုဆောင် အဖွဲ့အပေါ် ယခုကိစ္စကြောင့် အမြင်တိမ်းစောင်းမှာကို စိုးရိမ်မိကြောင်း ဦးမြင့်သိန်းဖေက ပြောသည်။
"အမှုဆောင် အသစ်အဖွဲ့ကို တာဝန် မလွှဲသေးခင်မှာ ကျွန်တော်တို့က ငါ့လက်ကလွှတ် ဖြစ်ချင်ရာဖြစ် ဆိုသလို မစားရတဲ့ အမဲ သဲနဲ့ ပက်တယ် ဆိုတာမျိုး အဖြစ် မခံနိုင်လို့ ဒီကိစ္စကို စီစဉ်ရတာပါ။
ချက်ချင်း ပြောတာနဲ့ ချက်ချင်း အပ်ရသလားဆိုရင် အမှုဆောင်အဟောင်းတွေရဲ့သိက္ခာက ရစရာမရှိတော့ဘူး။ အမှုဆောင်ဟောင်းတွေက လုပ်ချင်ရာ လုပ်သွား တယ် ဆိုတာမျိုး အဖြစ် မခံနိုင်ဘူး" ဟုပြောသည်။
အဆိုပါ ရုပ်ရှင်ရုံ နှစ်ရုံမှ ဝင်ငွေဖြင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ လည်ပတ် ရပ်တည်နေပြီး ယင်းဝင်ငွေထဲမှ ရုပ်ရှင် လောကသား များ၏ သာရေး၊နာရေုး၊ ကျန်းမာရေး၊ လူမှုရေး စသဖြင့် သုံးစွဲနေရသည်ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် ရုပ်ရှင်ရုံတစ်ရုံ ရှိသည်ဟူသော ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အကြောင်းကြောင့်တစ်ကြောင်း၊နိုင်ငံတော်သို့ လွှဲပြောင်း ပေးရ ပါကလည်း သတ်မှတ်ကာလကို ယခုထက်ပိုမိုအချိန်တိုးပေးသင့်ကြောင်း အချက်နှစ်ချက်ကို မြန်မာ့ရုပ်ရှင်လုပ်ငန်းသို့ မေတ္တာရပ်ခံတင်ပြသွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသည် မြန်မာ့ရုပ်ရှင် လုပ်ငန်းပိုင် ဝဇီရာ ရုပ်ရှင်ရုံ ၂ရုံအား ၁၉၉၉ခုနှစ် ကတည်းက ငှားရမ်းလုပ်ကိုင်ခဲ့ပြီး သုံးနှစ်တစ်ကြိမ် စာချုပ် သက်တမ်းဖြင့် လုပ်ကိုင်ခဲ့ရာ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် စာချုပ်သက်တမ်းကုန်ဆုံးသဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဆက်လက်ငှားရမ်းရန် ကြိုးစား ခဲ့သော်လည်း တစ်နှစ်နီးပါး အကြောင်းမပြန်ခဲ့ဘဲ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးပြန်လည် ရွေးကောက်ပွဲ ပြုလုပ်ပြီး ရက်ပိုင်းကာလအတွင်း အဆိုပါ ရုံနှစ်ရုံအား ပြန်လည်ပေးအပ်ရန် ရုပ်ရှင်လုပ်ငန်းက အကြောင်းကြားလာခြင်းဖြစ်သည်။ ရန်ကုန်မြို့လယ်ရှိ ရုပ်ရှင်ရုံများထဲတွင် ဘုရင်၊ဆုထူးပန် စသည့် ရုပ်ရှင်ရုံများမှာ ပုဂ္ဂလိကသို့ ရောင်းချပြီး ဖြစ်သည်။
  http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif