http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Apr 2012

သမ္မတကြီး ဦးသိန်းစိန်နှင့် နက်နဲသော အသွင်ကူးပြောင်းမှု ဖြစ်စဉ်


president-Thein-Seinပြီးခဲ့သည့် ရက်ပိုင်းက နာမည်ကျော် တိုင်းမ် မဂ္ဂဇင်းတွင် မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်အား ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် သြဇာ လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်ကို စာဖတ်သူများ သိရှိထားနှင့်ပြီ ဖြစ်ပါလိမ့်မည်။ အဆိုပါ သတင်းတွင် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆမိသည့် အချက်မှာ "သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာ အစိုးရအဖွဲ့က အကောင်အထည် ဖော်ဆောင် လုပ်ဆောင် လျက်ရှိသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များသာ အကယ်၍ အောင်မြင်မှု ရရှိခဲ့မည် ဆိုပါက ကမ္ဘာ့ပေါ်တွင် ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင် ကူးပြောင်းနိုင်သည့် မော်ဒယ် တစ်ခု အဖြစ် သတ်မှတ် ခံရနိုင်သည်" ဟူသော သုံးသပ်ချက် ပင်ဖြစ်သည်။ အဆိုပါ သုံးသပ်ချက်ကို ကြည့်လျှင် သမ္မတကြီး ဦးသိန်းစိန်သည် မည်သို့မျှ ထင်မထားခဲ့သော၊ တစ်နည်းအားဖြင့် မည်သူမျှ မမျှော်လင့်ထားသော လုပ်ငန်းစဉ်ကို ခဲရာ ခဲဆစ် အကောင်အထည် ဖော်လျက်ရှိပြီး ၎င်းနှင့် ၎င်းအစိုးရ၏ ကြိုးပမ်းမှုများက နိုင်ငံတကာကို အံ့အားသင့်လျက် ရှိစေသည် ဟူသော အချက်မှာ ရှင်းရှင်း လင်းလင်း ပင်ဖြစ်ပါသည်။
မှန်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က အသစ် ပေါ်ထွန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် များကို နယ်ပယ် အသီးသီးတွင် ထူးထူး ခြားခြား မြင်တွေ့လာရသည်မှာ များစွာ စိတ်ဝင်စားစရာ ကောင်းပါသည်။ အစိုးရ၏ ကြိုးပမ်းမှုများကြောင့် တစ်ချိန် တစ်ခါက ရန်သူ နိုင်ငံ သဖွယ် သဘော ထားရှိခဲ့ကြသည့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ (အီးယူ) တို့သည်ပင် စီးပွားရေး ပိတ်ဆို့မှုများကို တဖြည်းဖြည်းချင်း စတင် ဖယ်ရှားပေးပြီး မြန်မာနှင့် မဟာမိတ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းလျက် ရှိသည်ကို တွေ့ရပါသည်။ သမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာ အစိုးရအဖွဲ့က ယနေ့ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ် များစွာ ရှိသည့်အနက် စိတ်ဝင်စားစရာ အကောင်းဆုံး အရေးကိစ္စ နှစ်ခုမှာ မြန်မာ ပြည်သူလူထု အများစု၏ ထောက်ခံမှုကို ရရှိထားသူ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ(NLD) တို့နှင့် ယုံကြည်မှု တည်ဆောက်ပြီး ၎င်းတို့အား လွှတ်တော် သုံးရပ် ဟူသည့် တံခါးပေါက်ကြီးများမှ တစ်ဆင့် နိုင်ငံရေး ဖြစ်စဉ်ထဲသို့ တရားဝင် ဝင်ရောက်လာအောင် ကြိုးပမ်းခဲ့မှုနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ထာဝရ တည်တံ့မည့် ငြိမ်းချမ်းရေး တည်ဆောက်မှု တို့ပင် ဖြစ်သည်။ ပထမ ကိစ္စမှာ တစ်ချိန်က တစ်ဖက်နှင့် တစ်ဖက် ရန်သူသဖွယ် သဘောထားခဲ့ ကြသူများကို ဒီမိုကရေစီ နည်းလမ်း တကျ တရားဝင် သဘောထား ကွဲလွဲခွင့်၊ ငြင်းခုန်ခွင့် ရရှိမည့် အခြေအနေသို့ ရောက်အောင် ဖန်တီး ပေးခြင်း ဖြစ်ပြီး ဒုတိယ ကိစ္စမှာ ပြည်ထောင်စုကြီး တစ်ခုလုံး တည်တံ့ရေး အတွက် မတူညီသော တိုင်းရင်းသား လူမျိုးများအကြား တူညီသော ရည်မှန်းချက် ပေါ်ထွန်းအောင် ဖန်တီးခြင်းပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုပါက စနစ်ဟောင်းနှင့် ကာလ ကြာရှည်စွာ အသားကျ နေသူများနှင့် စနစ်သစ်ကို လိုလားသူများ အကြား အချိုးတကျ မဟုတ်သည့် မျှခြေတစ်ခု ရရှိရန် သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့က သိမ်မွေ့ နက်နဲစွာ အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။ ဤနေရာတွင် စနစ်ဟောင်းနှင့် အသားကျနေသူ၊ စနစ်သစ်ကို လိုလားသူ၊ တစ်နည်းအားဖြင့် Anti-Reform သမားများရော Pro-Reform သမားများ အနေဖြင့် အဆိုပါ သိမ်မွေ့ နက်နဲမှုကို သိနိုင်ရန် မိမိတို့၏ ရှုထောင့်များကို ပြောင်းရွှေ့ ကြည့်သင့်သည်ဟု အကြံပြု လိုပါသည်။ ထိုသို့ ပြောင်းရွှေ့ ကြည့်ပါက ဖြစ်နိုင်ခြေမှာလည်း မည်၍ မည်မျှ အတိုင်းအတာ အထိရှိနေသည်ဟူသော အချက်ကို ရှင်းလင်းစွာပင် တွေ့မြင်ရမည် ဖြစ်သည်။ အထူးသဖြင့် အသွင် ကူးပြောင်းရေး ဖြစ်စဉ်တွင် အဓိက အနှစ်သာရမှာ စနစ် (System) ဖြစ်ပြီး 'အာဏာ' မဟုတ်သည်ကို အထူး သတိပြုသင့်ပြီး အခြေခံ ဥပဒေ ပါအချက်များ အတိုင်း အစစ ရာရာ ဖြစ်ပေါ်ကာ ဆန့်ကျင်ဘက် အင်အားစုများ အကြား သရေဟူသော အဖြေထွက်အောင် လုပ်ဆောင်နိုင်လေ သမ္မတကြီး ဦးသိန်းစိန် အစိုးရ၏ အသွင် ကူးပြောင်းရေး ဖြစ်စဉ် အောင်မြင် လေဟုပင် သတ်မှတ်ရမည် ဖြစ်ပါကြောင်း ဖော်ပြလိုက်ပါသည်။ 
www.yoyarlay.com/local-news/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif