http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Apr 2012

ဒုက္ခသည်တို့ နားခိုရာ ဂန္ဓာလရာဇ် နယ်စပ်မှ အပြန်



အလှူရှင်များနှင့် သံပြိုင်သီချင်းဆိုခဲ့သည့် ဒုက္ခသည်ကလေးများ
ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့သော စိုင်းဆိုင်မောဝ်၏ ‘မူဆယ်နမ့်ခမ်းလမ်း’သီချင်းထဲက မြောက်ပိုင်းလမ်း။ အဝေးကသာ ငေးမောခဲ့ရသော ရှမ်းတောင်တန်း။ စိတ်ကူးနှင့် အကြိမ်ကြိမ် သွားခဲ့ဖူးသည်။ လက်တွေ့တော့ မရောက်ဖြစ်ခဲ့။ ယခု စိတ်ကူး အိပ်မက်တွေ တကယ်ဖြစ်လာပြီ။
အဆိုတော် အယ်လ်ခွန်းရီ ဦးဆောင်သော မနောအလှ ဂီတည၊ တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းနှင့် ဦးဇော်ဝင်းအောင်တို့ ဦးဆောင်သော ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း။ ယမ်ယမ်ခေါက်ဆွဲ အလှူရှင်စသူတို့ သွားရောက်သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် တရုတ်ပြည်နယ်စပ်တို့ရှိ ကချင်စစ်ပြေး ဒုက္ခသည် များသို့ ကူညီထောက်ပံ့ရေး အစီအစဉ်ဖြင့် ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။ ဧပြီလ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ယင်းခရီးစဉ်သည် စိတ်ကူးထဲက မောတို့ဌာနေ မဟုတ်သလို သတင်းသမား တစ်ယောက် ၏ ခရီးစဉ်အဖြစ်လည်း မပီပြင်ခဲ့။
မောမြေအစ ကြုံသမျှ
ရန်ကုန်မှ ဧပြီ ၃ ရက် မွန်းလွဲ တစ်နာရီကျော်ခန့်က စတင်ခဲ့သော ခရီးစဉ်သည် လမ်းခရီးတစ်လျှောက်ရှိ အလွန်တွေ့ချင်ခဲ့သော ရှမ်းတောင်တန်းများ၊ ဂုတ်ထိပ်တံတားနှင့် ဝင်းဦး၏ ‘ကျောက်မဲအကျဉ်းသား’ထဲက ကားလမ်းနှင့် မီးရထား ခုံးကျော်တံတား ဘာမှမြင်တွေ့ခွင့်မရ။ ပြင်ဦးလွင်မြို့ထွက်ကတည်းက အမှောင်ကြီးစိုးသည့် လမ်း တစ်လျှောက် တစ်ညလုံး အိပ်၍သာလိုက်ခဲ့ရသည်။
ဧပြီ ၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် အိပ်ရာနိုးလာတော့ မျက်နှာချင်းဆိုင်က လာနေသော ကုန်တင်ကားပေါင်းမျိုးစုံ။ ဘေးဘီက အလင်းရောင်ဝိုးတဝါး အောက်က ရှမ်းတောင်တန်းများ။ မကြာမီ အေးရှားဝေါတံဆိပ် တပ်ထားသည့်လမ်းတံတားကြေးကောက် ခံသော ဂိတ်တစ်ခုသို့ ရောက်ရှိရာ ကားဆရာနှင့် ဂိတ်ကြေးကောက်ခံ သူတို့ အတော်ကြာ စကားပြောနေ ကြသဖြင့် ဆာသောဗိုက်တို့က စိတ်မရှည်ချင်တော့။ ထိုမျှနှင့်ပင် မပြီး။ ကားကို ပြောင်းပြန်ပြန်ဝင်၍ တန်ချိန်ကတ္တားနှင့်ပါ ချိန်သည်။ ကုန်တင် ကားများ ဥဒဟိုသွားလာ နေသောလမ်းတွင် လူစီးကားကို ဒီလိုလုပ်၍ ဂိတ်ကြေးကောက်သူတို့ ကို စေ့စပ်သူတို့လို့ ဆိုရမည်လား။ ချိန်လိုက်တော့ စီးလာသောကားက တန်ချိန်ကျော်နေ၍ ကျပ်တစ်သောင်းသုံးထောင် ဒဏ်ဆောင် လိုက်ရသည်တဲ့။ ဒုက္ခသည်တွေကို သွားလှူမယ့် အလှူပစ္စည်းတွေလို့ မပြောဘူးလားဟု ကားဆရာကို မေးမိတော့ ပြောလည်းမရပါဘူး။ ပေးရမှာပါပဲဟုသာ ပြန်ဖြေသည်။ ဒီလောက်များပြားစွာ သွားနေသောလမ်းတွင် ယခုလို တန်ပိုတင်သော ကားတစ်နေ့လျှင် ဘယ်နှစီး ရှိလေမည်လဲ။ ပေးဆောင်သော ဒဏ်ကြေးက ဘယ်နေရာကို ရောက်သလဲ။ နိုင်ငံတော်က ဘယ်လောက်ရလို့ ကုမ္ပဏီက ဘယ်လိုရသလဲ။ ရှည်ရှည်ဝေးဝေး စဉ်းစားနေစဉ် ‘ရွှင် လန်းချမ်းမြေ့ပါစေ ကွတ်ခိုင်မြို့’ ဆိုသော ဆိုင်းဘုတ်ကိုကျော်သွားသည်။ လွန်ခဲ့သော အနှစ် ၂ဝ ဝန်းကျင်ခန့်က အဝေးမှ လွမ်းမောစွာကြည့်ခဲ့ရသော စိမ်းစိမ်းညို့ညို့ ရှမ်းတောင်တန်းမှာ ဘာသစ်ပင်မှ မရှိသော တောင်ကတုံးမျှသာ။ ထို့နောက် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်း။ ထိုမှတစ်ဆင့် မူဆယ်မြို့။

မနောအလှအဖွဲ့မှ အလှူငွေပေးအပ်
ရောက်ပြီပေါ့မူဆယ်
မူဆယ်မြို့သည် တရုတ်ပြည် နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိသည့် မြို့ဖြစ်၍ တရုတ်နံပါတ်နှင့်ကားများ၊ တရုတ်စာများ ရေးသားချိတ်ဆွဲထားသည့် ဆိုင်နှင့် အဆောက်အဦ များက မြန်မာအငွေ့အသက်နှင့် တိုင်းရင်းသားရိုးရာ မရှိသလောက် ရှားသည်။ အချိန်က နေမွန်းတည့်ချိန် ရောက်နေပြီဖြစ်သော်လည်း ခရီးစဉ်အရ ရွှေလီသို့သွား၍ နယ်စပ်ဖြတ်ကူးရမည်မို့ ကြယ်ခေါင်သို့သွားကာ နယ်စပ်ဖြတ်ကျော် ပတ်စ်ပို့လုပ်ရန် အရင်သွားရောက်ခဲ့သည်။ ထို့နောက် ထမင်းစားသောက်ပြီး တည်းခိုရန် နေရာဖြစ် သည့် မူဆယ်မြို့ဈေးအနီး ရှမ်း နှစ်ခြင်းအသင်းတော်ကျောင်းသို့ ရောက်သည်။ ကျောင်း၌ ခေတ္တအပန်းပြေစေပြီး ရေမိုးချိုးကာ မူဆယ်မြို့တွင်း လျှောက်လည်ဖြစ်ခဲ့သည်။ စားသောက်ဆိုင်များနှင့် ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ပြောဆိုဆက် ဆံခဲ့ရသည်များအရ တရုတ်သံဝဲသော ရှမ်းလား၊ ရှမ်းသံဝဲသော တရုတ်လား ဝေခွဲမရသည်က များခဲ့ သည်။ အတော်အတန် လည်ပတ် ပြီးပြီဖြစ်၍ နားခိုရာ ရှမ်းကျောင်းသို့ ပြန်၍ ရန်ကုန်မှ လေယာဉ်ဖြင့်လိုက် လာမည်ဖြစ်သော အန်တီ အယ်လ် ခွန်းရီ၊ ဦးရှိန်ဝင်းနှင့် ဦးဇော်ဝင်း အောင်တို့အလာသာ စောင့်နေကြ ရသည်။
သတင်းသမားနှင့် အဆီးအတားများ
သူတို့ ရောက်လာချိန်တွင် စစ်ပြေးဒုက္ခသည်အရေး ကူညီလုပ်ဆောင် ပေးနေသူများ၊ သက်ဆိုင်ရာ ခရိုင်အာဏာပိုင်များနှင့်တွေ့၍ ခရီးစဉ်နှင့် သက်ဆိုင်သည်များ ဆွေးနွေးကြရသည်။ ဆွေးနွေးပြီး အဖြေထွက်လာသည်က ရှမ်းပြည်နယ် နမ့်ခမ်းမြို့အနီး ကျေးရွာများရှိ ဒုက္ခသည်စခန်းများနှင့် ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီး ရှိ ဒုက္ခသည် စခန်းများသာ မီဒီယာသမားများ လိုက်ပါသတင်းယူနိုင်ပြီး ရွှေလီဘက်ခြမ်းမှ လှည့်ဝင်ရမည်ဖြစ်သော တရုတ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ လိုက်ပါခြင်းမပြုရ ဆိုခြင်းပင်။ အစက သိထားသည်မှာ ယင်းနယ်စပ်ခရီးစဉ်တွင် ဒုက္ခသည် လေးထောင်ကျော် ရှိသောနေရာသို့ လိုက်လိုက ဓာတ်ပုံမရိုက်ရ၊ အင်တာဗျူး မလုပ်ရဟုသာ သတ်မှတ်ထားပြီး တကယ့်တကယ် လက်တွေ့တွင်တော့ ခရီးစဉ်ကို ဦးဆောင်သူများ၏ ဝန်ခံကတိပေးချက်ကိုပင် လက်မခံတော့။ လေ့လာခွင့်တောင် မရတော့သဖြင့် ပါလာသော မီဒီယာသမား ငါးဦးမှာ သတင်းမလိုက်ရ၍ ဘာလုပ်ရမည်ပင် ဝေခွဲမရ။
သူတို့ ရှင်းပြပြောဆိုချက်ကို အပြည့်အဝ နားမလည်သော်လည်း ”ခင်ဗျားတို့ ဘယ်လိုနည်းနဲ့ လိုက်လိုက် ကျွန်တော်တို့က အယုံအကြည်မရှိဘူး။ တကယ်ဒုက္ခရောက်မှာ အဲဒီမှာရှိနေတဲ့ ဒုက္ခသည်တွေပဲ”ဟု ဒေသခံဒုက္ခသည်အရေး ကူညီပေးနေသူဆိုသူက လေသံပြတ်ပြတ်နှင့် ပြော၍ ဘာမှပြန်မပြောတော့ဘဲ ကျောင်းပေါ်တက် ညအိပ် လိုက်ကြသည်။ သို့သော် ဦးဇော်ဝင်းအောင် ဦးဆောင်သော ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း ဆရာဝန်အဖွဲ့က ပစ္စည်းများက တစ်လမ်း၊ လူက ရွှေလီဘက်ကူး၍ ညအိပ်မည်ဟု ဆိုကာ ညတွင်းချင်း ထွက်ခွာသွားပြီ ဖြစ်သည်။ အိပ်ရာထက်မျက်လုံးများ မှိတ်ထားသော်လည်း လွန်ခဲ့သော အေဒီ ၈ဝဝ ခန့်က ပျူအနုပညာသံ အဖွဲ့ တရုတ်ပြည်သို့ သွားရောက်၍ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခဲ့ ပုံကို ပြန်လည်စဉ်းစားမိရင်း လောလောဆယ် နယ်စပ်က ဒုက္ခသည် အရေးကို စိတ်စနိုး စနောင့် ဖြစ်မိ သည်။
ကိုယ်တွေ့ ရင်တွင်းအနာများ
ဧပြီ ၅ ရက်နေ့တွင် မူဆယ် မြို့မှ နမ့်ခမ်းမြို့ရှိ ဒုက္ခသည်စခန်း များသို့ သွားသည်။ ဒုက္ခသည်စခန်း များမသွားမီ နမ့်ခမ်းမြို့ အုပ်ချုပ်ရေး မှူးရုံးသို့ဝင်ကာ ဒုက္ခသည် စခန်း များအခြေအနေနှင့် လမ်းခရီး အကြောင်းမေးရာ နမ့်ခမ်းမြို့အုပ်ချုပ် ရေးမှူးက နယ်မြေစိတ်မချရဟု ဆိုပြီး ရဲကားတစ်စီး ထည့်ပေးလိုက်သည်။ ပထမဦးဆုံးရောက်သည့် ဒုက္ခသည် စခန်းက နမ့်ခမ်းမြို့အနီးရှိ ရာပြည့် (ဂျော်) ဒုက္ခသည် စခန်း။ အသက် ၁၈ နှစ်အထက် ၁၅၁ဦးနှင့် ၁၈ နှစ် အောက် ၂၁၁ ဦးရှိသော ကျေးရွာ ၁၇ ရွာမှ ကချင်စစ်ပြေး ဒုက္ခသည် များ။ ကလေးငယ်နှင့် အမျိုးသမီး များသာများပြီး နာမကျန်း သက်ကြီး ရွယ်အို ယောက်ျားသား အနည်း အကျဉ်းသာရှိသော နေရာ။ ဘာကြောင့်ကလေးငယ်နှင့်အမျိုးသမီး များသာ ရှိနေရသည်လဲ။ အဘိုးအို တစ်ဦးကိုမေးတော့ ယောက်ျား တွေအားလုံး တောမှာနေကြတယ် ဟု တစ်ခွန်းသာ ဖြေသည်။
ထိုမေးခွန်းနှင့် ဆက်စပ်သည် များ ထပ်ခါထပ်ခါ မေးတော့ သူ၏ မျက်ဝန်းတို့ ဝေ့လည်လာသည်။ နှုတ်က ဘာစကားမှ ထွက်မလာဘဲ ဆို့နင့်သော မျက်ဝန်းကြောင့် မာန် လျှော့ခဲ့ရသည်။ ထို့နောက် ယင်း နေရာအနီး ပလောင်အမျိုးသား ပါတီရုံး၌ဖွင့်လှစ်ထားသော ပလောင် တိုင်းရင်းသား ကချင်စစ်ပြေးဒုက္ခ သည်များ။ အများစုက မြန်မာလို မပြောတတ်ကြ။ ရာဂဏန်းမျှရှိသော ပလောင်တိုင်းရင်းသူ တိုင်းရင်းသား များ။ ကချင်အဆိုတော် ဒေါင်းလွန်း နှင့် ရေဗက္ကဝင်းတို့၏ ကချင်လို တေးသံများကိုတော့ နားလည်သည်။ ယင်းနောက် အနီးရှိတောင် ကုန်းပေါ်မှ စိန့်သောမတ်(၂)ဘုရား ကျောင်းရှိ စစ်ပြေးဒုက္ခသည် ၂၆ဝ ခိုလှုံရာနေရာ။ ထိုဘုရားကျောင်း၌ ထူးခြားသည်မှာ ဘုရားကျောင်းနံရံ ၌ ဒုက္ခသည်များအား ဓာတ်ပုံရိုက် ခြင်း၊ အင်တာဗျူးခြင်း မပြုလုပ်ပါ ရန်နှင့် ကလေးမွေးစားလိုခြင်း၊ အလုပ်လုပ်ရန် ခေါ်ယူခြင်းမပြုလုပ် ပါရန် မေတ္တာရပ်ခံချက် ရေးသား ချိတ်ဆွဲထားသော်လည်း အလှူရှင် နှင့်ပါလာသူများအား ဓာတ်ပုံမရိုက် ပါနှင့်ဟုတော့ မတားမြစ်ကြပေ။
တဒင်္ဂအမောပြေစေတနာအလင်းများ
ထို့နောက် ကချင်ပြည်နယ် ဘက်အခြမ်းရှိ မန်ဝိန်းကြီးဒုက္ခသည် စခန်းနှစ်ခုသို့ ဆက်လက်ထွက်ခွာခဲ့ ကြသည်။ လမ်း၌ အတူပါလာ သော ရှေ့ပြေးလုံခြုံရေးရဲကားတစ်စီး မှာ အစက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်ရှိ ရွှေလီမြစ်ကူး ကြိုးတံတားအထိသာ လိုက်ပို့မည်ဟု ဆိုသော်လည်း ကချင်ပြည်နယ် မန်ဝိန်းကြီးအထိ လိုက်လာ ခဲ့သည်။ လုံခြုံရေးအရ မသွားဖို့တားမြစ်သော မန်ဝိန်းကြီးကို ကိုယ့်ဘာသာကိုယ် သွားမည်ဟု ပြောသော အန်တီအယ်လ်ခွန်းရီနှင့် ရန်ကုန်ကလာသောအဖွဲ့ကို စိတ် မချတော့၍ ဖြစ်မည်ထင်သည်။
မန်ဝိန်းကြီးရှိ ကချင်နှစ်ခြင်း အသင်းတော်၌ စစ်ပြေးဒုက္ခသည် ပေါင်း ၄၃ဝ ဦးရှိပြီး အများစုမှာ ယင်းနေရာနှင့် ခြောက်မိုင်ခန့်အကွာ တောင်ပေါ်မှ ကချင်တိုင်းရင်းသား များဖြစ်သည်။ အန်တီအယ်လ်ခွန်းရီ ဦးဆောင်သော မနောအလှအဖွဲ့က ငွေနှင့်အသုံးအဆောင်ပစ္စည်းများ၊ တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန် ဝင်းက တည်းခိုနေထိုင်စရာ အ ဆောက်အဦဆောက်ဖို့ ငွေလှူ သည်။ ယမ်ယမ်ခေါက်ဆွဲခြောက် အလှူရှင်က ခေါက်ဆွဲခြောက်များ လှူသည်။ ကချင်အဆိုတော်များ ဖြစ်သည့် အန်တီကေဂျာနူး၊ အယ်လ် လွန်းဝါ၊ ဒေါင်းလွန်း၊ ရေဗက္ကဝင်းနှင့် အမ်ဆိုင်းလာတို့က သီချင်းများဖြင့် စစ်ပြေးဒုက္ခသည်များ၏ သောက အမောများ ပြေစေသည်။
ယင်းနောက် မန်ဝိန်းကြီးရှိ စိန့် ပက်ထရစ်ဘုရားကျောင်းရှိ စစ်ရှောင် ဒုက္ခသည် ၁ဝဝဝ ကျော်ရှိသော နေရာသို့ သွားရောက်ရပြန်သည်။ ကျောင်းဆောင်ထဲ ဝင်သွား ချိန်တွင် ဒုက္ခသည်စခန်းတိုင်း၌ ထောက်ပံ့ ပစ္စည်းနှင့် အလှူငွေများပေးကာ သီဆိုဖျော်ဖြေမှုပေးသည့် မနောအလှ ဂီတအဖွဲ့ကို ဒုက္ခသည်ကလေးငယ် များက သီချင်းများဆို၍ ခရီးဦးကြို ပြုတော့ ပြောမပြတတ်သော ခံစားမှု တို့ရသည်။ ထိုမှ အပြန်ခရီးတွင် ပီတိကိုစားရုံနှင့် အားမဖြစ်၍ မူဆယ် ထိ မပြန်နိုင်ဘဲ နမ့်ခမ်းမြို့၌ပင် ထမင်း ဝင်စားကြသည်။ ထိုမှတစ်ဆင့် မူဆယ်မြို့သို့မပြန်ဘဲ ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြားရှိ ဒုက္ခသည် ၂၃၈ ဦးရှိသော နမ့်ဖက်ကာရွာ ဒုက္ခသည် စခန်းသို့ ဆက်လက်သွားရောက် သည်။ ယင်းခရီးသည် ညနေ ၃ နာရီကျော်ကတည်းက ထွက်လာ ခဲ့သော်လည်း လမ်း၌ လမ်းပြင်နေ သောကြောင့် ကားများပိတ်ကာ နမ့် ဖက်ကာ ရောက်ချိန်တွင် ဒုက္ခသည် စခန်းရှိ လူအချို့ အိပ်ရာဝင်နေပြီ ဖြစ်သည်။ မူဆယ်မြို့ ပြန်ရောက်ချိန် တွင်တော့ မြို့နေလူအများစုပင် အိပ်မောကျနေပေပြီ။
မဟာဂန္ဓာလရာဇ် သို့မဟုတ် နံရံတစ်ဖက်ဆီသို့
ဧပြီ ၆ ရက်နေ့။ ထိုနေ့တွင် လုပ်ထားသော နယ်စပ်ဖြတ်ကျော် လက်မှတ် အလဟဿမဖြစ်အောင် ရွှေလီမြို့သို့ သွားလည်ရန် ပြင်ဆင်ကြသည်။ ဧပြီ ၄ ရက် ညနေပိုင်း ကတည်းက ဦးဇော်ဝင်းအောင် ဦးဆောင်သော ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းက ထွက်ခွာသွားသော် လည်း ဧပြီ ၆ ရက်နေ့ရောက်မှ အန်တီအယ်လ်ခွန်းရီနှင့်အဖွဲ့က နောက်မှ လိုက်သွားခြင်းဖြစ်သည်။
မိမိအပါအဝင် မီဒီယာအဖွဲ့မှာ ပြည်နယ် အား/ကာမှူး၏ စီစဉ်ပေးမှု ဖြင့် မူဆယ် အား/ကာမှ သီဟသူရ ပပဝင်းတို့ အကူအညီဖြင့် ရွှေလီမြို့ တွင်လည်ပတ်ခွင့်ရသည်။ အား/ ကာ မိသားစုအနေဖြင့် လုပ်ထားသော နယ်စပ်ဖြတ်ကျော်ပတ်စ်ပို့က တစ်နှစ် သက်တမ်းရှိပြီးဂိတ်ဝင်ကြေးသုံးရာကျပ် ပေးရသည်မှအပ ဘာပြဿနာမှ မရှိ။ သို့သော် နေ့စဉ် ရွှေလီဘက် အလုပ် သွားလုပ်သူများမှာတော့ ခေါက်ချိုး ကတ်လေးများဖြင့် တစ်နေ့လျှင် ကျပ်တစ်ထောင်ပေး၍ နယ်စပ်ဖြတ် ကျော်ရသည်ဟု သိရသည်။ ဘာပဲ ဖြစ်ဖြစ် အဆင်ပြေ၍ တွက်ခြေကိုက် လို့ သွားလုပ်နေသည်ပဲ ထင်ပါသည်။
အဆိုပါ နယ်စပ်ဖြတ်ကျော် ဂိတ်ကို ကျော်လွန်လိုက်သည်နှင့် အရာရာသည် ပြောင်းလဲသွားသည်။ လမ်းတွေရဲ့ အနေအထား၊ အ ဆောက်အအုံပုံစံ။ ခြံစည်းရိုးလေး သာ ခြားထားသော်လည်း မူဆယ် နှင့် ကြယ်ခေါင်သည် ဘာမှတစ်ပြေး ညီမဟုတ်တော့။ မူဆယ်မှ ၁ဝ၅ မိုင်အထိ။ မူဆယ်မှ ကချင်ပြည်နယ် အထိ တရုတ်အက္ခရာနှင့်ကားများ ဝင်ထွက်သွားလာ နေသည်မှာများ စွာတွေ့ခဲ့ရသော်လည်း ကြယ်ခေါင်ဘက် ကူးလိုက်သည်နှင့် မြန်မာအက္ခရာနှင့်ကား များများစားစား မတွေ့တော့။ အကြောင်းစုံ မေးကြည့်တော့ ကြယ်ခေါင်နှင့်ရွှေလီကြားက ရွှေလီမြစ်ကူးတံတားလွန်၍ မြန်မာကားများ မဝင်ရဟု ပြောသည်။ စာထဲနှင့် လေ့လာထားသည်မှာလည်း ရွှေလီမြစ်သည် မြန်မာနှင့် တရုတ် တစ်ခြမ်းစီပိုင်သည်ဟုသာ လေ့လာခဲ့ဖူးသည်။ ယခုတော့ ရွှေလီမြစ်သည် ကြယ်ခေါင်နှင့် ရွှေ လီကြား မြို့လယ်ခေါင်ဖြစ်နေသည်။
ရွှေလီမြို့သည် မြန်မာနံပါတ် အက္ခရာကား အဝင်မခံသော်လည်း ဝင်မိသော ဈေးဆိုင်တိုင်း၌ မြန်မာ စကားပြောတတ်သော ဝန်ထမ်းများ သာ တွေ့ရသည်။ ဘာပဲဖြစ်ဖြစ် ရန်ကုန်ထက်စာလျှင် ပစ္စည်းတွေက ဈေးပေါသည်။ တစ်ယွမ်တန်ပစ္စည်းမှ ယွမ် ၅ဝ တန်လောက်အထိ ကိုယ့်ပါသည့်ပိုက်ဆံနှင့် မြည်းစမ်း ရုံလောက်တော့ ဝယ်နိုင်ခဲ့သည်။
ဧပြီ ၇ ရက်နေ့တွင် ယမန်နေ့ ညနေပိုင်းကတည်းက ရွာထားသော မိုးကြောင့် ရာသီဥတု မသာမယာ ဖြစ်နေသည်။ ထိုနေ့၌ မူဆယ် မြို့အနီး ရွှေလီမြစ်ဝန်းကျင်ရှိ သာ ယာလှပ မြေသြဇာကောင်းသည့် စိုက်ခင်းများ ဓာတ်ပုံရိုက်မည်ဟု တွက်ဆထား ခဲ့သော်လည်း တရုတ် -မြန်မာနယ်စပ်သို့ ထောက်ပံ့ရေး ပစ္စည်းများနှင့် ဆေးကုသွားသော ဆရာဝန်အဖွဲ့က မန်ဝိန်းကြီးဘက်မှ ပြန်ဝင်လာသည်။ မီဒီယာသမားများပါ လိုက်ခဲ့၍ လာကြိုပါရန်ပြော၍ တက်သုတ်ရိုက်လိုက်သွားခဲ့ရသည်။
မန်ဝိန်းကြီးသို့ ဒုတိယအကြိမ်
ပထမတစ်ခေါက် မန်ဝိန်းကြီးသွားစဉ်က အောင်မြင်ဖြစ်ထွန်း ကောင်းမွန်သည့်စိုက်ခင်းများအကြား က ဖြတ်သွားသော မြန်မာပြည် အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် မှ တရုတ်ပြည်အထိ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက် လိုင်းကြီးအား အတူသွားသည့်အဖွဲ့ အားနာ၍ စိတ်ကြိုက်ဓာတ်ပုံရိုက် ခွင့်မရသော်လည်း ယခု ရိုက်ခွင့်ရ သည်။ လမ်းခရီးတစ်လျှောက် လိုချင်သောပုံများကို ကားရပ်ခိုင်း၍ ဓာတ်ပုံရိုက်သည်။ ကြီးမားသော ပိုက်လုံးကြီး နှစ်ခုဖြင့် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များ တရုတ်ပြည်သို့ သွယ်တန်းရောင်းချနေသော်လည်း မူဆယ်မြို့ အလင်းရောင်ရရှိဖို့ တရုတ်ပြည်မှ လျှပ်စစ်မီးတစ်ယူနစ် ယွမ်တစ်ရာကျော်ပေးကာ ပြန်ဝယ်ရသည်ဟု ဒေသခံတစ်ဦးက ပြောတော့ မျက်စိလည်ရပြန်သည်။ မန်ဝိန်းကြီးရောက်ချိန်တွင် မနောအလှအဖွဲ့နှင့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဒုက္ခသည် မိသားစု ဝင်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်။ သွားဆရာဝန်က သွားနှင့်ပတ်သက်တာ၊ မျက်စိ ဆရာဝန်က မျက်စိ၊ နားနှာခေါင်း လည်ချောင်း၊ အရေပြားရောဂါကု၊ အခြား အထွေထွေကုအားလုံး တက်တက်ကြွကြွပင်။ ထိုအချိန်၌ မူဆယ်မှ ကူညီပေးသော ဆရာဝန် အချို့က ဓာတ်ပုံမရိုက်ရဟု ဆို၍ မီဒီယာသမား ငါးဦးစလုံးမှာ တိုင် ပင်ခြင်း မရှိကြဘဲ အားလုံးပြိုင်တူ ဆေးကုသဆောင် အပြင်ဘက်ထွက်ခွာ ခဲ့ကြသည်။
ကောင်းသောထွက်ခွာလာခဲ့ ခြင်း ဖြစ်သည်။ အန်တီအယ်လ်ခွန်းရီနှင့် အဆိုတော် အမ်ဆိုင်းလာတို့က မြန်မာ-တရုတ်နယ်စပ် သူတို့ အဖွဲ့သွားရောက်ခွင့်ရသော ဒုက္ခ သည်စခန်းများအကြောင်း ရှင်းပြသည်။ ဒုက္ခသည်များ၏ အနေအစား ဆင်းရဲပုံ၊ ထောက်ပံ့ရေးပစ္စည်းမရသော အဖြစ်၊ လမ်းခရီးတစ်လျှောက် တရုတ်ဘက်အခြမ်း၌ ရှိသော သစ်ပင်များခုတ်ပါက မြင့်မားသောဒဏ် ငွေတပ်ထားပုံနှင့် မြန်မာသစ်တုံးများကို တရုတ်အက္ခရာ တပ်ကားများဖြင့် သယ်နေသည့်မြင်ကွင်း အကြောင်းစုံ ရှင်းပြ သည်။ ထိုခရီးကို မီဒီယာသမားများ လိုက်နိုင်က ပိုအကျိုးရှိမည်ဟု အန်တီအယ်လ်ခွန်းရီက ပြောတော့ မီဒီယာတစ်ဖွဲ့လုံး မချင့်မရဲ ဖြစ်ကြရသေးသည်။
ထို့နောက် တဲတန်းအတွင်းရှိ ဒုက္ခသည်များနှင့် အေးအေးဆေးဆေး စကားပြောခွင့်ရကာ သူတို့၏ ခံစားချက်များ၊ သူတို့၏ဆန္ဒများ သိခွင့်ရခဲ့သည်။ ထိုသို့ပြောဆိုရင်း ခုချိန်မှာ ဘာအဖြစ်ချင်ဆုံးလဲ မေးတော့ တောင်ပေါ်မှာရှိတဲ့ ကိုယ့်ရွာလေးကို ပြန်ချင်သည်တဲ့။ သေချာပါသည် မိမိသည်ပင်လျှင် အိမ်မှ ထွက်လာသည်မှာ ငါးရက်ပင် ရှိသေးသည် သမီးနှင့်ဇနီးကို လွမ်းနေသည်။
၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက် နေ့ကတည်းက ကချင်ပြည်နယ်တွင် ကေအိုင်အေနှင့် အစိုးရတပ်ကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့ရာ လွန်ခဲ့သော ၆ လခန့်ကတည်းက သူတို့ အိုးပစ် အိမ်ပစ်နဲ့ ဒီနေရာ ရောက်ခဲ့သည်။ စိုးရိမ်ထိတ်လန့်မှုနှင့် မငြိမ်းချမ်းမှုတွေ ခံစားခဲ့ရသည်မှာ ၁၁လပင်ကျော်ခဲ့ပြီ။ သူတို့ ငြိမ်းချမ်းချင်မှာ သေချာသည်။
ဧပြီ ၈ ရက်နေ့ နံနက်ပိုင်း အိမ်အပြန်လမ်းတွင် ရှမ်းတောင်တန်းတွေ ကြည့်ရင်းစိုင်းဆိုင်မော့ဝ်၏ ‘မူဆယ်နမ့်ခမ်းလမ်း’ သီချင်းဖွင့်ထားသော်လည်း မန်ဝိန်းကြီး ဒုက္ခသည် စခန်းက အမျိုးသားလေးဦး ကချင်လို ဟစ်ကြွေးနေသော ‘တောင်ပေါ်က အေးချမ်းတဲ့ တစ်ချိန်ကဘဝလေး တို့ပြန်လိုချင်တယ်’ သီချင်းသံက ပဲ့တင်ထပ်နေသည်။ 
popularmyanmar.com/mpaper/archives/41139

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif