http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

1 May 2012

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နောက်ပြန် လှည့်သွားမည် မဟုတ်ဟု သမ္မတ ပြောကြား



အစားထိုးပြောင်းလဲလိုက်သည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အမျိုးသားလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆို နေကြစဉ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၀ ဦးတို့ကို ယခုလ ၂၂ ရက်နေ့က အစားထိုးပြောင်းလဲခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ကျယ်ကျယ် ပြန့်ပြန့် ချမှတ် ထား ခဲ့သော ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်ချိန်၊ နိုင်ငံတော် သမ္မတကြီးကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ
ဂ-ငယ်ကွေ့ နောက်ပြန်လှည့်သွားမည် မဟုတ်ပါဟု အာမခံ၍ ပြောဆိုနေချိန်၊ ထိုသို့သော အချိန်မျိုးတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၃ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးကိုမတက်ဘဲ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ လေသည်။
ဖွဲ့စည်းပုံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာဆိုရန် ဒေါ်စုကြည်၏ပါတီက ငြင်းဆိုလိုက်ရာ ယခုလအတွင်း ကျင်းပခဲ့သော သမိုင်းဝင်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရေစီခေါင်းဆောင် အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီးနောက် ပထမဆုံး အကြိမ် အစိုးရနှင့်တင်းမာမှုတစ်ခုပင်ဖြစ်သည်။
စစ်တပ်၏ တိုက်ရိုက်အုပ်ချုပ်မှုကို မနှစ်က အဆုံးသတ်ခဲ့ပြီးနောက် ဆက်တိုက် လုပ်ဆောင် ခဲ့သောထူးခြားလှသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြုသည့်အနေ ဖြင့် အီးယူနိုင်ငံက ဆင်းရဲနွမ်းပါးသော မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသည့် တားဆီးပိတ်ဆို့မှု အားလုံးနီးပါးကို တစ်နှစ်တာ ဆိုင်းငံ့ထားရန် အီးယူကဆုံးဖြတ်လိုက်ချိန်တွင် ယခုကဲ့သို့ ကိစ္စ ပေါ်လာ ခဲ့ခြင်းဖြစ်သည်။
အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော အီးယူအဖွဲ့ နိုင်ငံ ခြားရေးဝန်ကြီးများ၏ ထုတ်ပြန်ကြေညာချက်တွင် လွန်ခဲ့သောနှစ် အတွင်း မြန်မာ နိုင်ငံ၏ သမိုင်းဝင် အပြောင်းအလဲများကိုကြိုဆိုကြောင်း ထုတ်ဖော်ခဲ့ကြပြီး လူဇင်ဘတ် အစည်းအဝေးတွင် လူပုဂ္ဂိုလ် ၅၀၀ နီးပါးနှင့် ကုမ္ပဏီ ၈၀၀ ကျော် အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံထားရန် သဘောတူညီခဲ့ကြသည်။
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် သူ၏ပါတီ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီးနောက် မြန်မာ နိုင်ငံနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ဆက်ဆံရေးသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီ သီတင်းပတ်များအတွင်း သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော ပြုပြင်ပြောင်းလဲရေး အစိုးရ အပေါ် ယုံကြည်မှုတိုးပွားလာခြင်းကို ပြသခဲ့ပြီး အီးယူကိုတားဆီးပိတ်ဆို့မှု ဆိုင်းငံ့ပေးရန် ထောက်ခံပြောဆိုခဲ့သည့်ပြင် ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာ ခရီးထွက်ရန်လည်း စီစဉ်ခဲ့သည်။
"ကျွန်တော်က စီးပွားရေးကျွမ်းကျင်သူ မဟုတ်လို့ ဒါတွေက မြန်မာအပေါ် ဘယ်လိုသက် ရောက်မှုတွေဖြစ်လာမယ်ဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံ စီးပွားရေးအတွက် အရေးပါတယ်လို့ ထင်ပါတယ်"ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။
သမ္မတဦးသိန်းစိန်ကလည်း မကြာမီက ဂျပန် နိုင်ငံသို့ အလည်အပတ် ရောက်စဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ နောက်ကြောင်းပြန်လှည့်မည်မဟုတ်ပါ ဟု အာမခံပြောဆိုခဲ့သည်။
"ဂ-ငယ်ကွေ့ နောက်ပြန်လှည့်လိမ့်မယ် မဟုတ်ပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်နေရာ ယူ/မယူ ဆိုတာကတော့ ဒေါ်စုကြည်ရဲ့ သဘော အတိုင်းပါပဲ"ဟု ယခင်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သော သမ္မတက သတင်းထောက်များကို ပြောကြောင်း မိုင်နိချိရှင်ဘွန်း သတင်းစာကို ကိုးကား၍ သိရှိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ ပါဝင် ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင် အနိုင်ရခဲ့သော အဓိကအတိုက်အခံ ပါတီ NLD က မတင်မကျ ဖြစ်နေသော အခြေအနေနှင့်ပတ်သက်၍ သမ္မတကြီးထံ တိုက်ရိုက်ပန်ကြားစာရေးသား၍ ကျမ်းသစ္စာပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို 'ကာကွယ်စောင့်ရှောက်ပါမည်' အစား 'လေးစား လိုက်နာပါမည်'ဟု ပြောင်းလဲပေးရန် ပန်ကြားခဲ့သည်။
အငြင်းပွားဖွယ်များဖြင့် ပြည့်နှက်နေခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော NLD ပါတီသည် အာဏာပိုင်များက ပါတီမှတ်ပုံတင် ဥပဒေပါစကားရပ်အချို့ကို ပြောင်းလဲ ပြင်ဆင်ပေးခဲ့ပြီးနောက် နိုင်ငံရေး ပင်မရေစီး ကြောင်းထဲသို့ မနှစ်က ပြန်ဝင်လာခဲ့သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်ရေးမှာ သူ၏ နိုင်ငံရေးဘ၀တွင် ဦးစားပေးအလုပ်ကြီးတစ်ခု ဖြစ်ပါသည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောထားခဲ့ပြီးဖြစ်သည်။
ဧပြီ ၂၃ ရက်နေ့က ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးသို့ အခြားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။
ထိုင်းနိုင်ငံ အခြေစိုက် ဗဟိုဖွံ့ဖြိုးရေးအဖွဲ့မှ မြန်မာ့ အရေးဆန်းစစ်လေ့လာသူ ဦးအောင်သူငြိမ်း က ကျမ်းသစ္စာစကားပိုဒ်ပြင်ဆင် ပေးရန် NLD ၏ ရပ်တည်ချက်ကြောင့် NLD ခြေလှမ်းမှားသွားပြီဟု ဝေဖန်ခဲ့သည်။
"NLD လွှတ်တော် တက်သင့်ပါတယ်။ လွှတ်တော်ထဲမှာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ရေး ဗျူဟာတွေကို အဆိုတင်သွင်းနိုင်တာပဲ။ ဒီစကားပိုဒ်က ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကိုယ်တိုင်ပါနေတာဖြစ်တော့ သမ္မတအနေနဲ့ ဘယ်လိုမှ ပြောင်းလဲမပေးနိုင်ပါဘူး"ဟု ဦးအောင်သူငြိမ်း က ပြောသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့် မြန်မာအစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်သူပုန်အုပ်စုများနှင့် ယာယီငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိခဲ့သည်။
မြောက်ပိုင်း ကချင်ပြည်နယ်တွင်မူ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ရှိသည်။
အပြောင်းအလဲကို စိုးရိမ်ကြီးစွာ သတိနှင့် စောင့်ကြည့်နေကြသူများထံမှ ဖိအားများကို ရင်ဆိုင်နေရဖွယ်ရှိသော ပြုပြင်ပြောင်းလဲရေး သမားများကို အားပေးထောက်ခံလိုသော ဆန္ဒကြောင့်လည်းကောင်း၊ လက်ရှိအပြောင်းအလဲမှာ ဆက်လက်ရှင်သန်နိုင်စွမ်းမှ ရှိပါ မည်လော ဟူသော စိုးရိမ်မှုများကြောင့်လည်းကောင်း အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံ အပေါ်တွင် ချမှတ်ထားခဲ့သော ပိတ်ဆို့အရေး ယူမှုများကို လျှော့ပေါ့ပေးလျက်ရှိသည်။
အမေရိကန်ထံမှ အစမ်းသဘော လျှော့ပေါ့ ရေးခြေလှမ်းများ လုပ်ဆောင်ခဲ့ပြီးနောက် ယခု တစ်ခါ အီးယူ၏ဆုံးဖြတ်ချက်သည် သဘာဝ ရင်းမြစ် ကြွယ်ဝလှသော မြန်မာနိုင်ငံသို့ ဥရောပ ကုမ္ပဏီကြီးများ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာစေရန် တံခါးဖွင့်ပေးလိုက် သကဲ့သို့ ရှိလေသည်။
"မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ ခြေလှမ်းတွေကို သမ္မတဦးသိန်းစိန်က လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကို ကမ္ဘာက အပြုသဘောတုံ့ပြန်တာဟာ လျှော်ကန်သင့်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်"ဟု ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
"ဒါပေမယ့် ဒီအပြောင်းအလဲတွေဟာ နောက်ကြောင်းပြန်မလှည့်နိုင်တော့တာတော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ပိတ်ဆို့အရေးယူ မှုတွေကို အပြီးအပိုင်ရုပ်သိမ်းဖို့ထက် ယာယီဆိုင်းငံ့ထားခြင်းဟာ မှန်ကန်ပါတယ်"ဟု ကင်မရွန်က ပြောသည်။
"မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ နောက်တစ်နှစ်အတွင်း အတော် ခရီးရောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီ အချိန်ကျရင်တော့ ယခုဆိုင်းငံ့ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်သုံးသပ်ကြမှာ ဖြစ်ပါတယ်"ဟု အီတလီနိုင်ငံခြားရေး ၀န်ကြီးဂီလီယို တာဇီက ပြောကြားခဲ့သည်။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif