“ရွှေလောင်းရွာက မြစ်ဘေးမှာ တည်ရှိပြီး ရေကြောင်းတည့်တည့် ကျတဲ့နေရာဟာ သီတာလမ်းမကြီး ဖြစ်တဲ့အတွက် သီတာလမ်းက ရွာရဲ့အသက်သွေးကြောပဲ။ သီတာလမ်းမကြီး ကြံ့ခိုင်မှု မရှိရင် ရွှေလောင်းကျေးရွာလည်း ကြံ့ခိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ရွှေလောင်းကျေးရွာ ကြံ့ခိုင် တောင့်တင်းဖို့အတွက် သီတာလမ်းမကြီး ကြံ့ခိုင်ဖို့ အဓိက လိုအပ်ပါတယ်” ဟု ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။ ထိုကဲ့သို့ သီတာလမ်းမကြီးသည် ရွှေလောင်းကျေးရွာ၏ အသက်သွေးကြော ဖြစ်သောကြောင့် ကမ်းပြိုကျသော အချိန်နှင့် မရှေးမနှောင်းတွင် ရွှေလောင်းသူ၊ ရွှေလောင်းသားများက ကိုယ်ထူကိုယ်ထ ကမ်းဆယ်ရန် ကြိုးစားခဲ့ကြောင်း၊ ထိုကဲ့သို့ ကမ်းဆယ်ရန် ကြိုးစားခဲ့သည်မှာ တစ်လကျော်ခန့် ကြာမြင့်ခဲ့ပြီး ငွေကျပ် သိန်း ၆၀ နီးပါး ကုန်ကျခဲ့သော်လည်း အောင်မြင်မှု လုံးဝမရှိခဲ့သဖြင့် ယခုနှစ် မိုးရာသီတွင် ရွှေလောင်း ကျေးရွာအတွက် ရေဘေးအန္တရာယ် ကျရောက်မည်ကို စိုးရိမ်နေရကြောင်း NLD အောင်နိုင်ရေးအဖွဲ့မှ သိရသည်။
ရွှေလောင်းကျေးရွာသည် (၁၉၈၉-၉၀) ခုနှစ်ခန့်က အနီးနား ကျေးရွာဖြစ်သော ကကတိုက်မှ ဖြတ်တာကျိုး၍ ရေဘေးနှင့် ကြုံခဲ့ရဖူးကြောင်း၊ ရွှေလောင်းကျေးရွာရှိ ဘုရား၊ ပုထိုး၊ စေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီတာလမ်းနှင့် မေတ္တာလမ်းရှိ အိမ်များ တစ်ဝက်ကျော် ရေမြုပ်ခဲ့ပြီး ရွှေလောင်း သစ္စာလမ်းနှင့် တိုးချဲ့ကွက်သစ်ရှိ အိမ်များသည် လုံးလုံး နစ်မြုပ်ခဲ့ကြောင်း၊ ၎င်းရေဘေး အကျိုးဆက်အနေဖြင့် မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရခြင်း၊ ဝမ်းရောဂါ ဆန်ဆန် ဖြစ်ခြင်း၊ လေးဘက် နာဖြစ်ခြင်း၊ နေထိုင်မကောင်းသည့်အခါ ဆေးကုစရာနေရာ မရှိခြင်း၊ အိမ်မွေးတိရစ္စာန်များ ထားစရာမရှိသဖြင့် သေကျေပျက်စီးခြင်း၊ ကလေးငယ်များတွင် ရောဂါများဝင်ပြီး ဆေးမကုရသဖြင့် သေဆုံးကြရခြင်း၊ စာသင်ကျောင်းများ ပိတ်ထားရခြင်း စသည့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းရေဘေးသည် တခြားကျေးရွာမှ တာကျိုးသဖြင့် အနည်းငယ် သက်သာခဲ့ခြင်း ဖြစ်ကြောင်း၊ယခုအခါ သီတာလမ်းမကြီး ကျိုးသွားပါက လူနေအိမ်များ၊ ရွှေလောင်းကျေးရွာရှိ အိမ်ခြေ ၁၅၀၀ ကျော်နှင့် လူပေါင်း ၈၀၀၀ ကျော်အတိဒုက္ခ ရောက်နိုင်ကြောင်း ဒေသခံ အချို့က ပြောသည်။
www.yoyarlay.com






0 comments:
Post a Comment