ပြည်ထောင် စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်အား
ထောင်ဒဏ် စီရင်ခြင်းအပေါ် အယူခံ အဆင့်ဆင့် တင်သွင်းသွားမည်ဟု သိရသည်။ လှည်းကူး မြို့နယ် တရားရုံးမှ ချမှတ်လိုက်သည့် ပြစ်ဒဏ်နှင့် ပတ်သက်ပြီး ဦးအေးလွင်က မေလ ၂၉ ရက်နေ့၌ ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးသို့ အယူခံလွှာ တင်သွင်းထားပြီး ဇွန်လ ၁၄ ရက်နေ့တွင် တရားရုံးက ပထမအကြိမ် ကြားနာခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောကြားခဲ့သည်။ “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်ကို ပါတီမှ ထုတ်ပယ်သင့်၊ မသင့် ဆုံးဖြတ်ရန်အတွက် အယူခံ အဆင့်ဆင့် တင်သွင်းပြီးမှ ရရှိလာသည့် ရလဒ်အပေါ်၌သာ ဆုံးဖြတ်မည်” ဖြစ်ကြောင်း ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဦးအေးလွင်ကို လှည်းကူးမြို့နယ် တရားရုံးက မေလ ၂၂ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ်နှစ်လ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက်တွင် ၎င်းတို့ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဇွန်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးအေးလွင်ကို ထုတ်ပယ်ရန် သင့်မသင့်ကို အယူခံတင်သွင်းပြီးမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ အမှုမှာ ၂၆-၇-၂၀၁၁ ရက်နေ့တွင် ဦးအေးလွင်သည် ပါတီတာဝန်ဖြင့် နေပြည်တော်သို့အသွား လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမှတ် (၃) အမြန်လမ်းမကြီး လမ်းဆုံတိုးဂိတ်၌ ဝန်ထမ်းနှင့် နှစ်ဦးနှစ်ဖက် စကား အချေအတင်ဖြစ်ရာမှ မေ ၂၂ ရက်နေ့တွင် တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်နှစ်လ ကျခံရခြင်းဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။ ယင်းပါတီသည် ဧပြီ ၁ ရက် နေ့တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။
www.yoyarlay.com/local-news/local-news/l-local-news/27363-2012-06-22-08-33-59






0 comments:
Post a Comment