http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 May 2013

မဟာဆန်ကြောင့် စိတ်ပူရတယ်


မေ ၁၅ ကနေ ၁၇ အတွင်း မြန်မာနိုင်ငံ အနောက်ဖက်ကမ်းရိုးတန်း၊ ဧရာဝတီတိုင်း အနောက်ခြမ်း၊ ရခိုင်ကမ်းရိုးတန်း တို့ကို မုန်တိုင်း မဟာဆန် (MAHASEN) ၀င်ရောက်နိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး  နောက်ဆုံးရ မုန်တိုင်းသတင်းတွေကို စောင့်မျှော်နေသူ အများအပြား ရှိနေပါတယ်။

စိုးရိမ်စိတ် အများဆုံးဖြစ်နေသူတွေထဲမှာ ရန်ကုန်နေပြည်သူတွေ၊ ယခင်နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဒေသကလူတွေ ထိပ်ဆုံးက ပါပါတယ်။

တချို့ကတော့ မုန်တိုင်းဝင်ဖွယ်ရှိတယ်ဆိုတဲ့ ဒေသတွေကို ရောက်နေသူ ဆွေမျိုးများ၊ မိတ်ဆွေများအတွက် ပူပန်နေတာပါ။

“ကျွန်မအဒေါ်က စစ်တွေကို သူ့ညီမ နေမကောင်းလို့ သွားကြည့်တယ်၊   တစ်ခုခုဖြစ်မှာကို အရမ်းစိတ်ပူနေမိတယ်” လို့ သာကေတမှာနေတဲ့ မသီတာ ကပြောပါတယ်။

အခုရက်ပိုင်း  ရန်ကုန်မြစ်အတွင်းမှာ အရင်ရက်တွေကထက်ပိုပြီး လေတိုက်နူန်းများနေပါတယ်။
ဒါကြောင့် ရန်ကုန် ဒလ ခရီးသည်တွေလည်း သတိထားနေကြတယ်လို့ ဒလမြို့ခံတွေက ဆိုပါတယ်။

“ဒလကနေတဆင့် ရန်ကုန်ကို ကုန်ဝယ်တက်တာကို အခုရက်ပိုင်းမုန်တိုင်းသတင်းကြောင့် အန္တရာယ်ဖြစ်မှာစိုးလို့ မတက်တော့ဘူး။
အရင်ရက်ကတည်းက ကုန်ပိုဝယ်ထားလိုက်တယ်။ ရန်ကုန် ဒလ သင်္ဘော စီးရမှာကိုလည်း စိတ်မချလို့ တခြားသူတွေကိုလည်း ဒီရက်ပိုင်း အရေးတကြီးကိစ္စမရှိဘဲ မသွားဖို့ပြောထား ရတယ်” လို့ ကော့မူးမြို့မှာ နေထိုင်တဲ့ ဒေါ်တင်ထွေးက ဆိုပါတယ်။

ရန်ကုန် ဒလ သင်္ဘောဆိပ်မှာ ခရီးသည်လည်း ဒီနေ့ကစပြီးအနည်းအငယ်လျှော့သွားပါတယ်။
အခု အချိန်ထိတော့ အမြန်လိုတဲ့ခရီးသည်တွေက သမ္ဗာန်စီးပြီးသွားနေကြတုန်းပါပဲ။

“အခုတော့ဘာမှမဖြစ် သေးဘူး ပေါ့၊ ဒါပေမဲ့ ဒီထက်ပိုပြီးလေကြမ်းလာရင် အန္တရယ်ရှိနိုင်တယ်ဗျ၊
မနေ့ကမနက်ပိုင်းဆို မိုးအရမ်းရွာတာကြောင့် ကူးတို့သင်္ဘောတွေတောင်မကူးဘဲ ရပ်ထားရတယ်။
 သမ္ဗာန်စီးတာကတော့ပိုပြီးအန္တရယ်များတာပေါ့” လို့ ဒလ ရန်ကုန် သွားတဲ့ခရီးသည်တစ်ဦးကဆိုပါတယ်။

MAHASEN မုန်တိုင်းဝင်မယ့်သတင်းကြောင့် တစ်ချို့တွေကလည်း အစားအသောက်နဲ့ရေကို အိမ်မှာ ကြိုပြီးဖြည့်ထားကြတာမျိုးလည်းရှိပါတယ်။

“မုန်တိုင်းက ဒီဖက်ကို မထိဘူးဆိုပေမဲ့ နာဂစ်တုန်းကလိုဖြစ်မှာကို စိတ်ပူတယ်၊
အဲဒါကြောင့်အိမ်မှာ အထားခံမယ့်အစားအသောက်တွေကို နည်းနည်းဝယ်ပြီးစုထားတယ်။
ကိုယ့်အိမ်ကို မထိခိုက်လည်း တစ်ကယ်လို့အနီးအနားမှာ လိုအပ်ရင်လည်း ပြန်ပြီး ကူညီနိုင်အောင်လို့ တော့လုပ် ထားပါတယ်”  လို့ ရန်ကုန်မြို့ခံ ကိုလှရွှေကဆိုပါတယ်။

“သဘာဝဘေးကြောင့်ဒုက္ခရောက်မှာကိုစိတ်ပူတယ်။ မုန်တိုင်းဝင်ရောက်ခဲ့ရင်လည်း ဘယ်သူမှ သေကြပျက်စီးမှုတွေနဲ့မကြုံရပါစေနဲ့…
အားလုံးကျန်းမာပြီး အသက်ရှည်ဖို့ဘုရားမှာ ဆုတောင်းပေးပါတယ်” လို့ အသက်(၇၀)အရွယ်ရှိတဲ့ အဖွားသိန်းကပြောပါတယ်။

မုန်တိုင်း မဟာဆန် ဘယ်ခြေလှမ်း လှမ်းမယ်ဆိုတာကိုတော့ အားလုံးစောင့်ကြည့်နေရဦးမှာပါပဲ….။




0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif