http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Mar 2012

နောက်တစ်ကြိမ် လက်ထပ်ဖို့ ဆိုတာကတော့ မသေချာတော့ဘူး ဆိုတဲ့ ဂျေလို

တတိယမြောက် ခင်ပွန်းဖြစ်တဲ့ လာတီနို အဆိုကျော် မာ့ခ်အန်သိုနီနဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်းက ကွာရှင်း ပြတ်စဲခဲ့တဲ့ အဆိုတော်၊ ရုပ်ရှင် မင်းသမီး ကမ္ဘာကျော် American Idol ပွဲစဉ်ရဲ့ ဒိုင်လူကြီး ဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်
တစ်ယောက် ချစ်သူအသစ် ဖြစ်တဲ့ ကက်စ်ပါစမတ် (အသက် ၂၄ နှစ်)ကို လက်တွဲပြီး လျှောက်လှမ်း နေရတဲ့ အချိန်မှာ သောက ဟူသမျှ လုံးဝမရှိဘဲ ကမ္ဘာပေါ်မှာ အပျော်ဆုံး ချစ်သူများ အဖြစ် ခံစား နေမိမှာ သေချာပါတယ်။

အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်ရဲ့ နာမည်ကြီး ကဏ္ဍတစ်ခုဖြစ်တဲ့ The Today Show က ဂျေလိုကို “အခု ချစ်သူနဲ့ လက်ထပ် ဖြစ်ဦးမှာလား”လို့ မေးတဲ့အခါမှာတော့ “ကျွန်မ မသိဘူး... ကျွန်မ မသိဘူး... ကျွန်မ မသိဘူး...။ စောင့်ကြည့်ကြသေးတာပေါ့။ အခုချိန်ထိတော့ ကျွန်မ ဘာမှ မပြောနိုင်သေးပါဘူး။ အခုမှ စချစ်ကြတာကိုး”လို့ ဖြေကြားခဲ့ပါတယ်။

ဂျေလိုက ခင်ပွန်းဟောင်း ဖြစ်တဲ့ မာ့ခ်နဲ့ လက်တွဲပြီး အလုပ် လုပ်ဖြစ်နေခြင်းများနဲ့ ပတ်သက်လို့လည်း ပြောပြခဲ့ပါတယ်။ “မာ့ခ်နဲ့ ကျွန်မက လက်မထပ်ခင်ကတည်းက မိတ်ဆွေတွေလေ။ နှစ်ပေါင်းများစွာ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပြီးမှ ချစ်သူတွေ ဖြစ်ခဲ့ကြတာ။ အလုပ်လည်း အတူတူ လုပ်ခဲ့ကြတယ်။ ဒါကြောင့် အခုဆက်ပြီး အလုပ်တွေ အတူတူ လုပ်နေတယ်ဆိုတာဟာ မဆန်းပါဘူး။ အဲဒါအပြင် ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး အမွှာရင်သွေးကလေးတွေ မွေးထားတာကြောင့် သူဟာ ကျွန်မ ဘ၀ထဲကနေ ဖယ်ထုတ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ကျွန်မ ဘ၀မှာ သူ အမြဲရှိနေမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဂျေလိုက ၁၉၉၇ ခုနှစ်မှာ စားပွဲထိုး တစ်ဦးဖြစ်တဲ့ အိုဂျာနီနိုအာနဲ့ လက်ထပ်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ကွာရှင်း ပြတ်စဲကာ အမျိုးသား ကချေသည် တစ်ဦးဖြစ်တဲ့ ခရစ္စဂျု့ဒ်နဲ့ ၂၀၀၁ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ ပြန်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မာ့ခ်နဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သက် ၇ နှစ်အကြာမှာ သူတို့ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၄၃ နှစ်အရွယ်ရှိ ဂျေလိုနဲ့ အသက် ၂၄ နှစ်သာရှိသေးတဲ့ ကက်စ် ပါတို့ရဲ့အသက်ကွာခြားမှုကို မိတ်ဆွေများက ဝေဖန်ကြပေမဲ့ သူတို့ နှစ်ယောက်ကတော့ ဂရုမစိုက်ကြပါဘူး။  ဇန်န၀ါရီလ အတွင်းက ကယ်လီဖိုးနီးယားပြည်နယ် ပါဆာဒီနားမှာ ဂျေလိုရဲ့ ရုပ်မြင်သံကြားအစီအစဉ်အတွက် ကျင်းပတဲ့ စာနယ်ဇင်းရှင်းလင်းပွဲသို့ ဂျေလိုနဲ့မာ့ခ်တို့ လက်ချင်းချိတ်ပြီး ပျော်ပျော်ရွှင်ရွှင် တက်ရောက်ခဲ့ကြပါတယ်။ ဂျေလိုက သတင်း ထောက်များကို “ကျွန်မတို့နှစ်ယောက် အတူတူ အလုပ်လုပ်ရတာ အရမ်းကို အဆင်ပြေတယ်” လို့ ဆိုပါတယ်။ ဒီပွဲမှာ တက်ရောက်ခဲ့တဲ့ သတင်းထောက်များက နှစ်ယောက်တွဲ ဓာတ်ပုံ ရိုက်ကြတဲ့ အခါမှာလည်း သူတို့နှစ်ယောက်က ပျော်ပျော်ရွှင်ရွှင် တစ်ယောက်ခါးတစ်ယောက်ဖက်ပြီး အရိုက် ခံခဲ့ကြတာပါ။

အသက် ၄၃ နှစ်အရွယ်ရှိ ဂျေလိုက အသက် ၂၄ နှစ်အရွယ်ရှိ ကက်စ်ပါနဲ့ ချစ်သူဖြစ်သွားကြသလို အသက် ၄၃ နှစ်အရွယ်ရှိ မာ့ခ်ကလည်း အသက် ၂၄ နှစ် အရွယ်ရှိ မော်ဒယ်လ် ရှာနွန်ဒီလီမာနဲ့ ချစ်သူဖြစ်နေကြပါပြီ။

ဂျေလိုက ပထမပိုင်းမှာ ကက်စ်ပါနဲ့ ကိစ္စကို လူသိရှင်ကြား အဖြစ် မခံပေမဲ့သူ သီဆိုတဲ့ နေရာမှာ နောက်ခံ အကနဲ့ အားဖြည့်ပေးတဲ့ ကက်စ်ပါနဲ့ အပေး အယူမျှမျှ ရှိတဲ့အပြင် လိုတာထက် ပိုပြီး ထွေးရော ယှက်တင် စင်ပေါ်မှာ ရှိနေကြ တာကို မြင်ကြရတာကြောင့် သူတို့ မေတ္တာဇာတ်လမ်း လူသိရှင်ကြား ဖြစ်လာခဲ့ခြင်းပါ။ ကက်စ်ပါနဲ့ ဂျေလိုတို့ အိမ်ရာထူ ထောင်ဖြစ် မဖြစ်ဆိုတာကတော့ အချိန် က အဖြေ ပေးပါလိမ့်မယ်။    
ရွှေအမြုတေမှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif