http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Mar 2012

ရန်အောင်နှင့် နတ်သမီးများ

ရန်အောင်က သရုပ်ဆောင်မှု ထူးချွန်တဲ့ အတွက် အမျိုးသား သရုပ်ဆောင်ဆု ၆ ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
သရုပ်ဆောင်မှု ကောင်းရုံသာမက သရုပ်ဆောင် မဖြစ်ခင်ကတည်းက အဆိုတော် မာမာအေ ဖွင့်လှစ်ခဲ့တဲ့ အဆို သင်တန်းကိုလည်း တက်ရောက်ခဲ့သူ ဖြစ်တာကြောင့် အဆိုကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်စွမ်း ရှိပါတယ်။ မြန်မာ သံစဉ်များကို နှစ်သက် မြတ်နိုးသူ ဖြစ်သော်ငြားလည်း ခေတ်အလိုက် ခေတ်ပေါ်သံစဉ်များ ကိုလည်း သီဆိုနိုင်သူပါ။

ထူးချွန်သူများ အတွက် ပွဲများစီစဉ်ပေးရမယ်ဆိုရင် အိတ်စိုက်ပြီး လုပ်ပေးတတ်တဲ့၊ ရန်အောင်ကို ချစ်တဲ့ ရာမ ရှိစဉ်တုန်းက ရန်အောင့် အတွက် “ရန်အောင်နှင့် ချစ်သူများ”ဆိုတဲ့ ပွဲတစ်ခုကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာ ရှိတဲ့ MCC ခန်းမမှာ ကျင်းပပေးခဲ့ဖူးပါ တယ်။ ရန်အောင်နဲ့ အတူ အဲဒီ ခေတ်ကာလတုန်းက နာမည်ကျော် အမျိုးသမီး သရုပ်ဆောင် မှန်သမျှ ပါဝင် ဆင်နွဲခဲ့ကြပါတယ်။

ရာမ ကွယ်လွန် သွားပြီး တဲ့နောက်မှာ ရန်အောင်က အဲဒီလို ပွဲမျိုးတစ်ခု သီဆိုဖျော် ဖြေချင်စိတ် ရှိခဲ့ပေမဲ့ စနစ်တကျ လိုက်လုပ်ပေးမယ့်သူ၊ စီစဉ်ပေးမယ့်သူ၊ စိတ်တိုင်းကျ မတွေ့တာကြောင့် နှစ်တော်တော်ကြာအောင် သူ့ဆန္ဒကို အကောင်အထည် မဖော် နိုင်ခဲ့ပါဘူး။
၂၀၁၁ ခုနှစ် နိုဝင်ဘာ လလောက်က ရန်အောင် စိတ်ကူးထားတဲ့ ပွဲကို အကောင်အထည်ဖော်တော့ မယ်လို့ သတင်းတွေ ထွက် ပေါ်လာခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ မှန်းထားတယ် ဆိုပေမဲ့ ပွဲဖြစ်မလာခဲ့ဘဲ ဇန်န၀ါရီလကို ရွှေ့သွားခဲ့ပါ တယ်။ ကျင်းပမယ့်နေရာကလည်း မူလသတင်းကြား ထားတဲ့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ မဟုတ်တော့ဘဲ အင်းလျားလိတ်မြက်ခင်းပြင်မှာ လုပ်တော့မလိုလို၊ MCC မြက်ခင်းပြင်မှာ ဖြစ် တော့မလိုလို ထွက်ပေါ် လာခဲ့ ပါတယ်။ နောက်ဆုံးမှာတော့ MCC  မြက်ခင်းပြင်မှာ ဖြစ်သွားခဲ့ပါတယ်။ ဒီပွဲဖြစ် မြောက်ရေးအတွက် IB Gas ကုမ္ပဏီနဲ့ MDG တို့က ပံ့ပိုး ပေးခဲ့ကြပါတယ်။ အတီးပိုင်းမှာတော့ Hibird နဲ့ မြန်မာပြည် ကျောက်စိမ်းတို့က တာဝန် ယူကြပါတယ်။

ရန်အောင်က သူ့ရှေ့မှာ ဖြစ်ပေါ် ထွန်းကားခဲ့တဲ့ သရုပ်ဆောင်ကြီးများကို အစဉ်အမြဲ လေးစားသူ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီး သရုပ်ဆောင်ကြီးများကို မိခင်သဖွယ် သဘောထားပြီး စောင့်ရှောက်တတ်သူပါ။ မန္တလေးမြို့က ရုပ်ရှင်မင်း သမီးကြီး ဒေါ်မေရှင်၊ ၀ဏ္ဏကျော်ထင် အကယ်ဒမီများရှင် ဒေါ်ကြည်ကြည်ဌေးတို့ မကွယ်လွန်မီကာလများက အမြဲတမ်းကြည့်ရှုစောင့်ရှောက် ခဲ့သူလည်း ဖြစ်ပါတယ်။

အခု သူ့ပွဲလုပ်မယ်ဆို တော့ ရုပ်ရှင်လောကရဲ့ မိခင် ကြီးများ ဖြစ်တဲ့ ဒေါ်မြင့်မြင့် ခင်၊ ဒေါ်ဝါ၀ါဝင်းရွှေ၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဒေစီကျော်ဝင်း၊ ဒေါ်ချိုပြုံး၊ ခင်သီတာထွန်း တို့ကိုလည်း ဒီပွဲမှာ တစ်တပ် တစ်အား ပါဝင် စေချင်သလို ပရိသတ်ကိုလည်း ပြချင်တယ်။ ဒါကြောင့် မင်းသမီးကြီးများကို ချဉ်းကပ်ပြီး ပူဆာတော့ မင်းသမီးကြီးတွေကလည်း သူတို့ တတ်နိုင်တဲ့ဘက်က ပါဝင်မယ်လို့ ကတိ ပြုခဲ့ကြပါ တယ်။ ဒေါ်ခင်သန်းနု တစ် ယောက်သာ ကျန်းမာရေး အခြေအနေ အရ မပါဝင်နိုင် ခဲ့ပါဘူး။

“ရန်အောင်နှင့် နတ်သမီးများ”လို့ အမည်ပေး ထားတဲ့ ဖျော်ဖြေပွဲကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက် နေ့ညမှာ MCC မြက်ခင်းပြင်မှာ ကျင်းပတော့ မင်းဓမ္မလမ်း တစ်ခုလုံး ကားရောင်စုံများနဲ့ ပိတ်ဆို့သွားတဲ့ အထိ အားပေးခဲ့ကြပါတယ်။

ပွဲမတိုင်ခင်မှာ စာနယ် ဇင်းရှင်းလင်းပွဲလုပ်တော့ ရန် အောင့်ပွဲကို ကူညီ စီစဉ်ပေးတဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က “ဒီပွဲမျိုး နောက် ငါးနှစ်အတွင်း ပေါ်ပေါက်စရာ အကြောင်းမရှိဘူး”လို့ ရဲရဲ  ကြီး အာမခံ ခဲ့ပါတယ်။ သူ့ စကားကို ဂျာနယ်များကလည်း ဖော်ပြခဲ့ကြတာကြောင့် ပြောတဲ့အတိုင်း မဖြစ်လာရင် အရှက် ကွဲစရာပါပဲ။
စင်မြင့်အကျယ် ပေတစ်ရာခန့် ဆောက်ထားပါ တယ်။  ဘေးအစွန်မှာ ကြည့်ရတဲ့ ပရိသတ်များအတွက် သာမက နောက်နားကနေ ကြည့်ရတဲ့ ပရိသတ်များ ထင်ထင်ရှားရှား ကြည့်နိုင်အောင် စင်မြင့်အလယ်မှာ LED အကြီးစားကြီး ထောင်ထားတဲ့ အပြင် စင်ရဲ့ဝဲယာမှာလည်း LED နှစ်လုံးစီနဲ့ ပြသ ပေးထားတာကြောင့် ဘယ် နေရာကပဲ ကြည့်ကြည့် မမြင် ရဘူး ဆိုတာ မရှိရအောင် စီမံ ထားခြင်းပါပဲ။

ပွဲစချိန်မှာ ဒါရိုက်တာ မောင်မျိုးမင်းက ရန်အောင်ရဲ့ ငယ်ဘ၀ဖြစ်စဉ်များကို LED ပေါ်မှာ ပုံများနဲ့ ရှင်းလင်း ပြောကြားပေးပြီး ပရိသတ်ရှေ့ စင်မြင့်အောက်နဲ့ ပရိ သတ်များကြားကနေ ဘင်ခရာအဖွဲ့များ၊ ပန်းပွားအက အဖွဲ့များ၊ တီးမှုတ်ကခုန်ထွက် လာကြပါတယ်။ စင်ပေါ်မှာ က မြန်မာနိုင်ငံရဲ့ထိပ်သီးအက အဖွဲ့များဖြစ်တဲ့ Uranium, Life & Dance နဲ့ Jade Dragon အဖွဲ့တို့က စည်းချက် အလိုက် ကပြနေကြပါတယ်။ သူတို့ကြားမှာမှ ပရိသတ်များ ချစ်တဲ့ ရန်အောင်ကို ဘွားခနဲ မြင်တွေ့လိုက်ရပါတယ်။ ပွဲရဲ့ အဖွင့်ဟာ ကြက်သီးမွေးညင်း ထလောက်အောင် အောင်မြင် သွားပြီမို့ နောက်ပိုင်း အစီ အစဉ်များဟာလည်း ကောင်း တော့မယ်လို့ ကြိုတင် ယုံကြည်မိပါတယ်။

“ရန်အောင်နှင့် နတ်သမီးများ”လို့ဆိုထားတဲ့ အတိုင်း ရန်အောင်ရှေ့မှာ ပေါ်ထွန်း ခဲ့တဲ့ မင်းသမီးကြီးများ ဖြစ်တဲ့ ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ဝါ၀ါ ၀င်းရွှေတို့က အစ ဒီခေတ် နောက်ဆုံးပေါ် ကလေးဖြစ်တဲ့ ၀တ်မှုံရွှေရည်အထိ ပါဝင် ဖျော်ဖြေ သွားကြပါတယ်။ ရုပ်ရှင် မရိုက်တော့ဘူး ဆိုတဲ့ နန္ဒာလှိုင်ကို တွေ့ရသလို၊ ထက်ထက် မိုးဦးကိုလည်း တွေ့ရပါ တယ်။ အခမ်းအနား စီစဉ် တင်ဆက်သူများလို့ ကင်ပွန်း တပ်ရမယ့် သူများကတော့ သရုပ်ဆောင် ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ပါပဲ။ သူတို့ပြက်လုံး များက တစ်ခါတစ်ရံမှာ နား မခံသာအောင် ရှိပေမဲ့ ပရိသတ်များ ချမ်းချမ်းစီးစီးမှာ တ၀ါးဝါး ရှိစေခဲ့ပါတယ်။

မင်းသမီးတိုင်းက ရန်အောင်နဲ့ တွဲပြီး သီချင်းတစ်ပုဒ် စီ ဆိုသွားကြတာ ဖြစ်တာ ကြောင့် မင်းသမီးကြီးများ အလှည့်မှာ ဘယ်လို ပုံစံနဲ့ ထွက်လာမလဲလို့ စိတ်စောမိ သူများအတွက် အလှည့် အပြောင်းတစ်ခု လုပ်ပေးပါ တယ်။

နန်းတွင်း ပုဏ္ဏားတော် များအသွင် ၀တ်ဆင်လာတဲ့ လူရွှင်တော်နှစ်ဦးက ရန်အပေါင်းကို အောင်မြင်စေတဲ့ မင်းတရားကြီး ရန်အောင်  မိဖုရားကြီးများနဲ့ အတူ ထွက်တော်မူလာမှာမို့ ရွာစား မြန်မာပြည်ကျောက်စိမ်းက ထွက်တော်မူစည် တီးစေဖို့ ဆင့်ခေါ်ပါတယ်။
စင်ရဲ့ဝဲဘက်မှာ ရှိတဲ့ မြန်မာပြည်ကျောက်စိမ်း တီး ၀ိုင်းက ဘုရင်မင်းမြတ်များ ထွက်တော်မူရာမှာ တီးတဲ့ ထွက်စည်ကို တီးခတ်ပေးရာ စင်ရှေ့ကနေ ကျိုင်းကိုင်၊ သိုင်းကိုင်များနဲ့ ဘုရင်အဖြစ် ၀တ်ဆင်ထားတဲ့ ရန်အောင် ထွက်လာပါတယ်။ စင်မြင့် ပေါ်မှာတော့ မိဖုရားကြီးများ အဖြစ် ဒေါ်မြင့်မြင့်ခင်၊ ဒေါ်ဝါ၀ါဝင်းရွှေ၊ ဒေါ်ဒေစီ ကျော်ဝင်း၊ ဒေါ်ချိုပြုံး၊ ခင်သီတာထွန်းတို့က သလွန် ညောင်စောင်း အသီးသီးမှာ အပျိုတော်များ ခစားလျက် နေရာ ယူထားကြပြီး ဖြစ်ပါ တယ်။

မြန်မာသံ စစ်စစ်နဲ့ ကျက်သရေ မင်္ဂလာရှိစွာ ပေါ်ထွက်လာတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီနည်းနဲ့ ရန်အောင်က သူ့ပွဲမှာ ပါဝင်စေချင်တဲ့ သူ့မာမီကြီး များကို ပွဲထုတ်ပေးခဲ့ပါ တယ်။ မင်းသမီးကြီးများထဲ မှာ သူတို့ပင်ကိုသံနဲ့ သီ ချင်းဆိုနိုင်သူတွေ ရှိသလို ရုပ် ရှင်ထဲကအတိုင်း အဆိုတော် များရဲ့ နောက်ခံအဆိုနဲ့ ဆိုကြ ရသူတွေလည်း ရှိပါတယ်။  သူတို့နဲ့အတူ ရန်အောင် ပထမ ဆုံး ဖျော်ဖြေပေးတဲ့သီချင်း ကတော့ ရွှေအင်းဝ ဖြစ်ပါ တယ်။ ရန်အောင်နဲ့အတူ မင်း သမီးကြီးများက တစ်ပိုဒ်စီ သံပြိုင်ဝင်ဆိုကြပါတယ်။ နောက်တစ်ပုဒ်က ရွှေမန်းဆီ သို့ ဖြစ်ပါတယ်။ ဒီသီချင်း တွေက ပွဲလာကြည့်တဲ့ ပရိ သတ်ရာနှုန်းပြည့်နီးပါး ရပြီး သားသီချင်းတွေ ဖြစ်တာ ကြောင့် အားလုံးလိုက် ဆိုဖြစ် ကြပါတယ်။

မင်းသမီးကြီးတွေကိုတော့ ရန်အောင်က ဒီနှစ်ပုဒ် နဲ့သာ သီဆိုပြီး နားစေပါ တယ်။ ပွဲလာကြည့်သူ အများစုက အမျိုးသမီး ပရိသတ် များပါ။ အသက် ၇၀ ကျော် အမျိုးသမီးကြီး တော်တော် များများကိုလည်း တွေ့ရပါ တယ်။

ပရိသတ်များထဲက ရန် အောင်ကိုသာမက ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့ကိုလည်း လက်ဆောင် ပစ္စည်းတွေ၊ ဆုတော် ငွေတွေ ချီးမြှင့်ကြပါတယ်။ ဒီပွဲကို Sky Net က ထုတ် လွှင့်မှာဖြစ်လို့ ကင်မရာပေါင်း များစွာနဲ့ ရိုက်ကူးနေပါတယ်။  ဘယ်သူတွေ ဘယ်လိုပဲ ရိုက် ရိုက်၊ ဖင်ပေါ်မတတ် စကတ် တိုတိုဝတ်ထားတဲ့ ကလေးမ များကတော့ ဂရုမစိုက်ပါဘူး။  ပန်းကလေးတစ်ပွင့် တက် ပေးပြီး အတူပါလာသူက ရန်အောင်နဲ့ ဓာတ်ပုံတွဲရိုက်တာ လည်း သီချင်းတိုင်းမှာလိုလို ပါပဲ။ စင်ပေါ်မှာ နောက်ခံ အကအဖွဲ့တွေက လူပေါင်း များစွာနဲ့ ကနေတာကတစ် မျိုး၊ ရှေ့မှာ တပ်ပေးထားတဲ့ လှေကားကနေ လက်ဆောင် ချီးမြှင့်ဖို့ တက်လာတဲ့ မချော တွေက တရုန်းရုန်း။ ရန်အောင်နဲ့ မင်းသမီးတွေမှာ တော်တော် သတိထားပြီး လှုပ်ရှား နေရတာကို တွေ့ရ ပါတယ်။ မနိုင်ကြတော့တဲ့ အဆုံး လှေကားရင်းမှာ လုံခြုံ ရေးချပြီး နှစ်ဦးချင်းသာ တက်ဖို့ မေတ္တာရပ်ခံရပါ တယ်။

ဒီနှစ် ရန်ကုန်ဆောင်းက မအေးဘူးလို့ ပြောနေကြပေမဲ့ MCC မြက်ခင်းပြင်မှာတော့ တော်တော်အေးပါ တယ်။ ပရိသတ်ကလည်း ဇွဲ ကောင်းကောင်းနဲ့ နေရာက မထတမ်း ကြည့်ကြတာကို တွေ့ရပါတယ်။ ည ၁၂ နာရီခွဲမှ ရန်အောင်နဲ့အတူ အမျိုး သမီးသရုပ်ဆောင် အားလုံး ထွက်လာပြီး နဂါးနီ သီချင်း ကို သံပြိုင်ဆိုကာ ပွဲသိမ်းခဲ့ကြပါတယ်။

အောင်မြင်မှုအတွက် ကျွန်တော်တို့  ရန်အောင်ကို ၀မ်းသာအားရချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ ဒီပွဲမျိုး နောက် ၅ နှစ်မှာ မပေါ်စေရဘူးဆို ပေမဲ့ ကျွန်တော်ကတော့ ဒီ ပွဲမျိုးကို ခဏခဏကြည့်ချင်မိတာ အမှန်ပါပဲ။
ရွှေအမြုတေမှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif