http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Mar 2012

ရွှေရတု မွေးနေ့ပွဲ ဆင်နွှဲတဲ့ မေဆွိ

အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ သိန်းတန်(မြန်မာပြည်)ကို သူ့ပရိသတ်များနဲ့ ပြန်လည် ဆုံစည်းစေအောင် ဖန်တီး ပေးခဲ့တဲ့ ဇော်ဝင်းထွဋ်က မေဆွိကိုလည်း ပရိသတ်များနဲ့ ပြန်လည် ဆုံစည်းခွင့် ရအောင်နဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ အသက် ၅၀ ပြည့် ရွှေရတု မွေးနေ့ကို တပျော်တပါး ဆင်နွှဲနိုင်အောင် စီစဉ် ပေးခဲ့ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ အသက် ၅၀ ပြည့် ရွှေရတု မွေးနေ့မှာ မေဆွိက နှစ်စဉ်ပြု လုပ်မြဲ အစဉ်အလာအတိုင်း မဟာသွံဿာရ ရုပ်ရှင်တော်မြတ်ကို နေအိမ်ဖြစ်တဲ့ အမှတ် ၁ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်သို့ ပင့်ဆောင်ပြီး မိတ်ဆွေများအား ဖူးစေခဲ့ပါတယ်။

မွေးနေ့မနက်မှာ ပင့်သံဃာတော်များကို အရုဏ်ဆွမ်း ကပ်လှူခဲ့ပါ တယ်။ မေဆွိရဲ့ သီဆိုဖျော်ဖြေပွဲကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ အတွင်းမှာ ကျင်းပခဲ့ပါတယ်။ မေဆွိက စတီရီယို သီချင်းပေါင်း များစွာ သီဆိုခဲ့ပြီး အောင်မြင်မှု မှတ်တိုင်ပေါင်း များစွာလည်း စိုက်ထူခဲ့သူ ဖြစ်ပါတယ်။ အသက် ၅၀ ပြည့်ချိန်မှာ သူ့အနုပညာသက်က ၃၆ နှစ်ရှိပြီ ဆိုတဲ့အတွက် အသက် ၁၄ နှစ် သမီး အရွယ်ကတည်းက စတင် သီချင်း ဆိုခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား အဆိုကျော်များဖြစ်တဲ့ ကိုင်ဇာ၊ တူးတူးတို့နဲ့ အတွဲ ညီခဲ့သူ ဖြစ်တဲ့အပြင် ကွယ်လွန်သူ ရုပ်ရှင်မင်းသား ဇော်ဝမ်းနဲ့ တွဲ ဖက်ပြီးတော့လည်း မြန်မာသံ တေးသီချင်းပေါင်းများစွာကို  သီဆိုခဲ့သူ ဖြစ်ပါတယ်။

ဖျော်ဖြေရေး အစီအစဉ်မှာ အင်ပါယာ တေးဂီတ အဖွဲ့က တာဝန်ယူ တီးခတ်ပြီး မြန်မာသံများအတွက် ပူပူနွေး နွေး အကယ်ဒမီ ဆုရှင် မြန်မာပြည်ကျောက်စိမ်းက တာဝန်ယူတီး ခတ်ပေးပါတယ်။  မေဆွိရဲ့ ပြန်လည် သီဆိုမှုကို ကြိမ်ဖန်များစွာ ကြား ခဲ့ကြပြီဆိုပေမယ့် ပြန်လည် သီဆိုတိုင်းလည်း ပရိသတ် စွဲမက်အောင် သီဆိုနိုင်တဲ့ အဆိုကျော် ဖြစ်ပါတယ်။ သီဆို ဖျော်ဖြေပွဲများမှာ တော်တော် များများက Play Back အဖြစ်  စီဒီဖွင့်ပြီး ရှေ့က ပါးစပ်လှုပ်ကြတာ ဖြစ်ပေမဲ့ မေဆွိကတော့ ကိုယ်တိုင် သီဆိုခဲ့ပါတယ်။ မေဆွိရဲ့ ထူးခြားချက်ကတော့ တခြား အဆိုကျော်များလို ရေပုလင်း ယူလာပြီး တီးဝိုင်း နားမှာ ချကာ တစ်ပုဒ်ဆိုပြီး တိုင်း ရေသောက်တဲ့ အကျင့် မရှိခြင်းပါပဲ။ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင်တော့ မေဆွိက သက်လုံကောင်း တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

သီချင်းဆိုလိုက်၊ စကား ပြောလိုက်နဲ့ ပရိသတ်များ မငြီး ငွေ့ရအောင် သီချင်းပေါင်း အပုဒ် ၃၀ ကျော်ကို တစ်ယောက် တည်းရော၊ စုံတွဲ အဖြစ်ပါ သီဆို သွားခဲ့ပါတယ်။ ထူးထူး ခြားခြား မေဆွိနဲ့ တွဲဆိုသွား သူတစ်ဦးကတော့ ရုပ်ရှင် သရုပ်ဆောင် ဟိန်းဝေယံ ဖြစ် ပါတယ်။
စပြီး ကြေညာစဉ်က တည်းက တစ်ခါမှ သီချင်း မဆိုဖူးတဲ့ ဟိန်းဝေယံက ဘာသီချင်း ဆိုမှာလဲလို့ စိတ်ဝင် စားခဲ့ကြပါတယ်။ အဲဒီညက ဟိန်းဝေယံက မေဆွိနဲ့ တွဲပြီး မင်းကလွဲရင် ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။ ဒီသီချင်း က ဒါရိုက်တာ မောင်ခက်ပန် ရိုက်ကူးခဲ့တဲ့ နွေးသောရင်ခွင် အေးသောမေတ္တာ ရုပ်ရှင် ဇာတ်ကားမှ ဇာတ်ဝင်တေး ဖြစ်ပြီးမူရင်း အဆိုကျော်များက တူးတူးနဲ့ မီမီဝင်းဖေတို့ ဖြစ်ပါတယ်။

ဟိန်းဝေယံ ထွက်လာချိန်မှာ ပရိသတ်ကို အမှားရှိရင် ခွင့်လွှတ်ဖို့ ကြိုတင် တောင်းပန်ပေမဲ့ မေဆွိက  “သူ အလကား ပြောနေတာ၊ သီချင်းဆိုတာ ကောင်းတယ်” လို့ဆိုပါတယ်။ သီချင်းသီဆို နေစဉ်အတွင်းမှာ ထုံးစံအတိုင်း ပန်းစည်းပေါင်း များစွာကို နှစ်ယောက်စလုံး လက်ခံယူရ ပါတယ်။ သမ္ဘာရင့်ဖြစ်တဲ့ မေဆွိအတွက် မထောင်းတာပေမဲ့ အခုမှ သီချင်းဆိုပြီး သီချင်းစာသားကို အာရုံစိုက် နေရတဲ့ ဟိန်းဝေယံ အတွက် အိုးနင်းခွက်နင်း ဖြစ်သွားစေ ပါတယ်။ သီချင်းစာသား တချို့ မေ့သွားတာကို ကြုံရ ပါတယ်။ ဒါကြောင့် မေဆွိက ပရိသတ်ကို လက်ညှိုးထိုးပြီး “အမှန်ကတော့ သူကောင်းကောင်း ဆိုနိုင်ပါတယ်။ ပရိ သတ်တွေက သူ့ကိုချစ်တဲ့ဇောနဲ့ ပန်းစည်းတွေ ပေးကြတာ ဆိုတော့ သူရင်တွေခုန်ပြီး စာသားတွေ မေ့ကုန်တာပေါ့။ တော်တော် ဆိုးတယ်... ဆိုး တယ်...”လို့ကျီစယ်ပါတယ်။

မေဆွိ ပြောတာလည်း အမှန်ပါပဲ။ သူ့လို သမ္ဘာရင့် အဆိုကျော်တောင်မှ မဆိုတာ ကြာပြီဖြစ်တဲ့ သီချင်း တစ်ပုဒ်ကို ပြန်ဆိုတဲ့အခါ သီချင်းစာ သားရေးထားတဲ့ ကဒ်ကလေးကို လက်ထဲမှာ ထည့်ထားပြီး မေ့တဲ့ အပိုဒ်များကို  ပြန်ကြည့် ဆိုရတာပါ။ ဟိန်းဝေယံလို တစ်ကြိမ်တစ်ခါမှ မဆိုဖူးသေး တဲ့သူတစ်ယောက်အတွက် ရင်ခုန် စိတ်လှုပ်ရှားတဲ့ အခါမှာ သီချင်း စာသားမေ့သွားနိုင်ပါတယ်။

မေဆွိက စိုင်းထီးဆိုင်၊ စိုးပိုင် အစရှိတဲ့ အဆိုကျော်ကြီး များရဲ့ သီချင်းများကိုလည်း ပြန်ဆိုခဲ့ဖူးသူ ဖြစ်တော့ ပရိသတ်များ အမှတ်တရ ဖြစ်စေအောင် စိုင်းထီးဆိုင်ရဲ့ လေညာရပ်က အချစ်၊ စိုးပိုင်ရဲ့ ခုနစ်ထွေ မင်းသမီး ငိုပွဲ သီချင်းများကိုလည်း ပြန်လည် သီဆို သွားပါတယ်။
မြန်မာသံစဉ် အလှည့်မှာတော့ အကယ်ဒမီ မြန်မာပြည် ကျောက်စိမ်းနဲ့ တွဲဖက် ပြီး မြန်မာသံစစ်စစ် တေးတစ် ပုဒ်ဖြစ်တဲ့ စကားဝါမြေကို ဦးစွာ ဖျော်ဖြေပါတယ်။ မိခင်ကြီးနဲ့ အတူ မြစ်ကြီး ဧရာဝတီ၊ (ဒီသီချင်းက ဒေါ်မြင့်မြင့်ခင်ရဲ့ ရုပ်ရှင်တေးစ်ပုဒ် ဖြစ်ပါတယ်။)သီချင်းကို သီဆိုလိုက် တာကြောင့် အချိန်အခါနဲ့ လိုက်ဖက်တဲ့ သီချင်းရွေး ချယ်မှုလို့ ဆိုရပါမယ်။

ခေတ်ဟောင်းသီချင်း ကဏ္ဍမှာ အကယ်ဒမီ ရဲ အောင်နဲ့ တွဲဖက်ပြီး စုံတွဲသီ ချင်းတစ်ပုဒ်ကို သီဆိုတဲ့ အပြင် တခြား ခေတ်ဟောင်း တေးများကိုလည်း သီဆို ဖျော်ဖြေသွားပါတယ်။ မေဆွိက သူ့အသက် ၅၀ ပြည့်ပြီမို့ ငယ်ငယ်က ဆိုခဲ့တဲ့ ပုစွန်ဆိတ် သီချင်းကို ပြန်လည်သီဆိုရာမှာတော့ သူက ပုစွန်ဆိတ် မဟုတ်တော့ဘဲ ပုစွန်တုပ်ကြီး ဖြစ်နေကြောင်း အရွှန်းဖောက် ပြောဆိုသွားပါတယ်။ ပရိသတ်အကြိုက် မောင် သီချင်းကို လည်း သီဆိုပေးခဲ့ပါတယ်။

အသက် ၅၀ ပြည့်တဲ့ မွေးနေ့အထိမ်းအမှတ် ကိတ် မုန့်ခွဲရာမှာတော့ စင်မြင့်ပေါ်မှာ သူ့ခင်ပွန်းသည် အင်ဒရူး၊ မိခင် ဒေါ်မြင့်မြင့်ခင်၊ အစ်မများနဲ့ မိသားစုဝင်များ၊ ပါဝင် ဖျော်ဖြေကြတဲ့ အနုပညာရှင်များပါ ၀ိုင်းဝန်းကြပြီး မွေးနေ့ သီချင်းကို တပျော်တပါး သီ ဆိုကာ ကိတ်မုန့်ခွဲခဲ့ကြပါ တယ်။ စင်ပေါ်က အနုပညာ ရှင်များက ကိတ်မုန့်စားကြပြီး အောက်က ပရိသတ် မစားရ မဖြစ်ရလေအောင် စီစဉ်သူများ က ပရိသတ်များ အတွက်လည်း ကိတ်မုန့် ၆ သိန်းဖိုးကို တစ်ဦးချင်းစီ လိုက်လံဝေမျှပေးခဲ့ ပါတယ်။ ဒါကြောင့် မေဆွိရဲ့ ရွှေရတု မွေးနေ့ဟာ သူ့အတွက် အမှတ်တရ ဖြစ်စေသလို သူ့ ကို ချစ်ကြတဲ့ ပရိသတ်များ အတွက်လည်း အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ ဒီပွဲစဉ် အစအဆုံး ကို အဲဒီညမှာ Sky Net ရုပ် မြင်သံကြား အစီ အစဉ်ကနေ တိုက်ရိုက်လွှင့် ထုတ်ပေးခဲ့ပါ သေးတယ်။ ရွှေရတုမွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ ကြာ သည့်တိုင်အောင် ပရိသတ် ရင်မှာ စွဲဝင်နေတဲ့ အနုပညာရှင် အဖြစ် ရပ်တည်နိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။  

(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
 ရွှေအမြူတေမှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif