http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Mar 2012

ကုသဖို့ခက်တဲ့ အမြင်အာရုံလွှာကွာခြင်း

ကောင်းမွန်သော အမြင်အာရုံပိုင်ဆိုင်နိုင်ခြင်းသည် လူတစ်ယောက် ဖြစ်တည်မှုအတွက် အရေးကြီးဆုံး လိုအပ်ချက်များတွင်တစ်ခုအပါအ၀င်ဖြစ်သည်။ အသက်ငယ်ရွယ်စဉ်က မည်သို့ပင်အမြင်အာရုံကောင်းခဲ့သော်လည်း အသက်အရွယ်ရလာသည့်အခါတွင် အမြင်အာရုံချို့တဲ့လာကာ မျက်စိမှုန်လာသည့်အနေအထားကို လူတိုင်းကြုံတွေ့ကြရသည်။
အမြင်အာရုံနှင့်ပတ်သက်ပြီး ဖြစ်ပွားသည့် မျက်စိရောဂါများအ နက် အသက်အရွယ်ကြီးသူများတွင် ရုတ်တရက်  ကြုံတွေ့နိုင်သည့် အမြင်အာရုံလွှာကွာခြင်း (Retinal Detachment) မှာ အထူးဂရုပြုရန် လိုအပ်သည့်အခြေအနေတစ်ခုဖြစ်သည်ဟုသိရသည်။ အမြင်အာရုံလွှာ(Retina)ဟူသည်   မျက်လုံး၏အနောက်
ဘက်အတွင်းပိုင်းတွင်ရှိ  အလွန့်အလွန်သေးငယ်ပါးလွှာသော တစ်ရှူးဖြစ်သည်။  အမြင်အာရုံလွှာကွာခြင်းအမျိုးမျိုးရှိသည့်အနက် အဓိကအဖြစ်များဆုံးမှာ အမြင်အာရုံလွှာစုတ်ပြဲခြင်း(Retinal Break)မှတစ်ဆင့် ဖြစ်ပွားသည့် အမြင်လွှာကွာခြင်းအပြင် အမြင်လွှာစုတ်ပြဲခြင်းမရှိဘဲ    အမြင်အာရုံလွှာကွာခြင်းလည်း ဖြစ်ပွား တတ်ကြောင်းသိရသည်။
“လူရဲ့မျက်လုံးထဲမှာ ဂျယ်လီရည်လိုမျိုးအရည်(Vitreous)တွေရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အဲဒီဂျယ်လီရည်လိုမျိုး အရည်တွေက မစေးပျစ်ဘဲ ပိုပြီး အရည်ဆန်(Liquification) လာပါတယ်။   အကြောင်းအမျိုးမျိုး ကြောင့် အမြင်အာရုံလွှာအနည်းငယ်စုတ်ပြဲသွားရင် အပြဲရာကတစ်ဆင့်အရည်တွေဟာ  ၀င်ရောက်
သွားပြီး   အမြင်အာရုံလွှာကွာကျ တတ်ပါတယ်။ အမြင်အာရုံလွှာပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် အမြှေးပါးလေးဖြစ်ပေါ်လာပြီး အဲဒီအမြှေးပါးလေးကဆွဲလို့လည်း ကွာတတ်ပါတယ်။ နောက်တစ်ခုက အရည်ပျစ်တဲ့စနစ်ချို့ယွင်းမှုကြောင့်   အရည်တွေစုလာပြီးအ မြင်လွှာကွာတတ်ပါတယ်” ဟုမျက်စိအထူးကုဆရာဝန်တစ်ဦးက ပြော
သည်။
အမြင်အာရုံလွှာကွာခြင်းမှာ များသောအားဖြင့် အသက်ကြီးသူများတွင်အဖြစ်များပြီး မျက်စိအဝေးပါဝါမျက်မှန်တပ်ဆင်ရသူများ၊  မျက်စိအတွင်းတိမ်ခွဲစိတ် ထားသူများ၊  မျက်စိအတွင်းမှန်ဘီလူး အမှေးပါးထူခြင်းကိုလေဆာဖြင့်  ဖောက်ထားသူများသည် အခြားသူများထက်ဖြစ်နိုင်ခြေများတတ်သည် ဟုသိရသည်။ ၎င်းအပြင်
မျက်စိကို တုံးသောအရာဝတ္ထု (ဥပမာ-တင်းနစ်ဘောလုံး)နှင့် ပြင်းပြင်းထန်ထန်ထိခိုက်မိခြင်း၊ လက်နှင့်ရိုက်မိခြင်း၊ ချွန်ထက်သောအရာဝတ္ထုနှင့်  ထိခိုက်မိခြင်း၊  အိတ်ခ်ျ
အိုင်ဗီရောဂါ ပိုးကြောင့်မျက်စိတွင် ဆိုက်တိုမိုင်ဂလို   ဗိုင်းရပ်စ်ပိုးကြောင့်သော်လည်းကောင်း၊ အခြားသော ရောဂါစုများကြောင့်သော်လည်းကောင်း  အမြင်အာရုံလွှာ ကွာခြင်းများ ဖြစ်ပွားတတ်သည် ဟုဆိုသည်။
အမြင်အာရုံလွှာကွာခြင်းမှာ ရုတ်တရက်   ဖြစ်ပွားနိုင်သည့် အတွက်  တချို့သူများမှာအမြင်လွှာ   ကွာမှန်းမသိမှုများရှိပြီး အမြင်အာရုံလွှာကွာပြီဆိုပါက မြင်
ကွင်းထဲတွင်အမှုန်များ ရွေ့နေခြင်း၊ လျှပ်စီးလက်သကဲ့သို့မြင်ရခြင်း၊ မြင်ကွင်းပြောင်းလဲခြင်း၊အမြင်အာရုံကျခြင်းများဖြစ်တတ်သည်ဟုသိရသည်။
အမြင်အာရုံလွှာကွာခြင်းကို လေဆာဖြင့်ကုသခြင်း (Photocoagulation)၊ အအေးဓာတ်ဖြင့်ကုသခြင်း(Cryotherapy)၊ ရာဘာကွင်းကဲ့သို့သောကွင်းလေး
များဖြင့်  မျက်လုံးအိမ်ကိုပတ်၍ ကုသခြင်း(Scleral Buckling)ဂက်စ်ထည့်၍ကုသခြင်း(Pneumoretinopaxy) များဖြင့် ကုသနိုင်သည်ဟုသိရသည်။
အမြင်အာရုံလွှာကွာခြင်းကို ကုသရာတွင် ကျွမ်းကျင်သူမျက်စိ အထူးကု ဆရာဝန်မှာနည်းပါးသည့်အရေအတွက်သာရှိပြီး စက်ပစ္စည်းများ၏အကူ အညီလည်းလိုအပ်သည်ဟုသိရသည်။ “အမြင်အာရုံလွှာ အပေါ်ပိုင်း ကွာတယ်ဆိုရင် အောက်ဘက်ကို မမြင်ရတော့ဘူး။ အောက်ပိုင်းကွာတယ်ဆိုရင် အပေါ်ဘက်ကို မမြင်ရတော့ဘူး။ မျက်စိအမြင်တွေ ပုံမှန်မဟုတ်တာကို သတိထားမိတာနဲ့ ကျွမ်းကျင်တဲ့ မျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ စောစောကုသခံလေ
ကောင်းလေဖြစ်ပါတယ်။ အမြင်လွှာကွာပြီဆိုတာ စောစောသိပြီး စောစောကုသနိုင်ရင် ရလဒ်လည်းကောင်းနိုင်ပါတယ်။ အကြာကြီးထားတယ်ဆိုရင် မျက်စိလုံးဝ ကွယ်သွားတဲ့အထိဖြစ်တတ်ပါတယ်” ဟုအဆိုပါမျက်စိအထူးကုဆရာဝန်ကပြောကြားသည်။
မျက်စိအမြင်အာရုံကောင်းစေရန်အတွက် ဗီတာမင်အေဓာတ်ကြွယ်ဝသောအစိမ်းရောင်အသီးအနှံများ၊ မုန်လာဥနီ၊ ရွှေဖရုံသီးစသည်များကိုများများစားပေးရန်လိုအပ်သည်။ အမြင်အာရုံလွှာသည် ဦးနှောက်အာရုံကြောနှင့်တိုက်ရိုက် ဆက်စပ်နေသဖြင့် ကုသရန်ခက်ခဲသည့်အနေအထားရှိပြီး လူငယ်များတွင်အမြင် လွှာကွာခြင်းဖြစ်မှုမှာ စိတ်သောက(Trauma) ကြောင့်လည်း ဖြစ်ပွားတတ်သည်ဟု သိရသည်။
လူဦးရေတစ်သောင်းတွင်  တစ်နှစ်လျှင်တစ်ဦးသာ ဖြစ်ပွားနိုင်သည့် အနေအထားရှိသည်ဟု နိုင်ငံတကာစစ်တမ်းများ၌ ဖော်ပြထားသည့် ဖြစ်တောင့်ဖြစ်ခဲအမြင်အာရုံလွှာကွာခြင်းမှာ မြန်မာနိုင်ငံတွင်လည်းဖြစ်ပွားနေမှုရှိသဖြင့် အမြင်အာရုံပိုင်းချို့ယွင်းမှုဖြစ်သည်နှင့် အချိန်မီကုသနိုင်ရန်အတွက် ကျွမ်းကျင်ဆရာဝန်နှင့်အမြန်ဆုံး တိုင်ပင်ကုသရန် အရေးကြီးလှပေသည်။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif