အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံမှ သုတေသန ပညာရှင်များသည် အလှကုန်ပစ္စည်းအချို့ ထုတ်လုပ်ခြင်း နောက်ကွယ်မှ လျှို့ဝှက်ချက်တစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ နိုင်ငံတကာ၌ ရောင်းချနေသော နာမည်ကြီး အလှကုန်ပစ္စည်း အချို့၌ အဆိပ်ရှိသည့် အပြင်းစားသတ္တုများ ပါဝင်ကြောင်း ဗြိတိန်နိုင်ငံထုတ် DailyMail သတင်းဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထပ်ဆင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကနေဒါနိုင်ငံအခြေစိုက် ကျန်းမာရေးသိပ္ပံ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော MaxHealth၏ ဖော်ပြချက်အရ နာမည်ကြီးမိတ်ကပ် တစ်မျိုးတွင် အာဆင်းနစ်၊ ဘာရယ်လီယမ်၊ ကက်ဒ်မီယမ်၊ နီကယ်၊ ခဲနှင့် သော်လီယမ်တို့ပါဝင်ပြီး အခြားနာမည်ကြီး အိုင်းလိုင်နာ တစ်မျိုး၌ ဘာရယ်လီယမ်၊ ကက်ဒ်မီယမ်၊ နီကယ်နှင့် ခဲတို့ပါဝင်သည် ဟုဆိုသည်။ နာမည်ကြီး မက်စ်ကာရာ တစ်မျိုး၌လည်း အာဆင်းနစ် ဘာရယ်လီယမ်၊ ကက်ဒ်မီယမ်၊ နီကယ်၊ ခဲနှင့် သော်လီယမ်တို့ ပါဝင်သည်ဟုဆိုသည်။ ပျမ်းမျှအားဖြင့် အလှကုန်ပစ္စည်း တစ်မျိုးစီတွင် အဆိပ်အတောက်လေးမျိုးခန့် ပါဝင်သည် ဟုဆိုသည်။ အဆိုပါ အပြင်းစားသတ္တုများကို ထုပ်ပိုးပစ္စည်းပေါ်၌ ရိုက်နှိပ် ဖော်ပြထားခြင်းမရှိ ဟုဆိုသည်။
အဆိုပါ အဆိပ်များကို အရေပြားက စုပ်ယူကာ အာရုံကြောစနစ်ကို သက်ရောက်မှု ဖြစ်ပေါ်စေနိုင်ပြီး ဟိုမုန်းဆိုင်ရာ နှောင့်ယှက်မှုများ၊ ကင်ဆာ၊ မှတ်ဥာဏ်ချို့ယွင်းခြင်း၊ စိတ်အနေအထား ပြောင်းလဲခြင်း၊ မျိုးပွားစနစ်ကို ထိခိုက်ခြင်း၊ ဖွံ့ဖြိုးကြီးထွားမှုဆိုင်ရာ နှောင့်ယှက်မှုများ ဖြစ်ပေါ်ခြင်း၊ ကျောက်ကပ်ဆိုင်ရာ ပြဿနာများဖြစ်ပေါ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အဆုတ်ထိခိုက် ပျက်စီးခြင်း၊ အရေပြားထိခိုက် ပျက်စီးခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ ဖြစ်ပေါ်စေနိုင် သည်ဟုဆိုသည်။ အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးအဖွဲ့ကလည်း အလှကုန်ပစ္စည်း အမျိုးပေါင်း ၄ဝဝ တွင် ပမာဏများပြားသော ခဲများတွေ့ရသည်ဟု ဆိုသည်။ ပျမ်းမျှအားဖြင့် အလှကုန်ပစ္စည်း တစ်ကီလိုဂရမ်တွင် ခဲ၁ဒသမ ၁၁မီလီဂရမ် တွေ့ရှိရသည်ဟုဆိုသည်။ ခဲသည် အာရုံကြောဆိုင်ရာ အဆိပ်အတောက် တစ်မျိုးဖြစ်ပြီး အချိန်နှင့်အမျှ စုပုံများပြားလာကာ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ ခဲသည် အပြုအမူဆိုင်ရာနှင့် လေ့လာသင်ယူမှုဆိုင်ရာ ပြဿနာတို့ကိုလည်း ဖြစ်ပေါ်စေနိုင်သည် ဟုဆိုသည်။ စွယ်စုံmedia groupမှကူးယူတင်ပြသည်
0 comments:
Post a Comment