http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

16 Mar 2012

စာမသင်ယူနိုင်တာ ၀မ်းနည်းပါတယ် ဟားဗတ်က ဆရာကြီးရေ

(မိတ်ဆက်။ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်က ကျောင်းသား ၇၀ ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Economics 10 စာသင်ချိန်ကို ကျောခိုင်းခဲ့ကြပါတယ်။ Economics 10 ကို သင်တဲ့ ပါမောက္ခ Greg Mankiw ဟာ အရင်းရှင်စနစ်ရဲ့ ဖခင်ကြီး အဒမ်စမစ် (Adam Smith) ရဲ့ စီးပွားရေး သီအိုရီတွေကိုပဲ အသားပေးသင်ပြီး၊ အဒမ်စမစ်သီအိုရီနဲ့ အပြိုင် Keynes သီအိုရီလို စီးပွားရေး သီအိုရီတွေကိုကျတော့ သင်မပေးဘဲ၊ ဘက်လိုက်တာကြောင့်လို့ ဆိုပါတယ်။ အတန်းမတက်ရတဲ့အကြောင်းကို ကျောင်းသားတွေက ပါမောက္ခ Greg Mankiw ဆီကို အောက်ပါအတိုင်း အိတ်ဖွင့်ပေးစာတစောင် ရေးလိုက်ကြပါတယ်)
သို့
လေးစားရပါသော ပါမောက္ခ Mankiw
ယနေ့မှာ ကျွန်ုပ်တို့ အတန်းမတက်ကြတော့ပါ။ အကြောင်းမှာ ဆရာသင်ကြားသော Economics 10 ၏ စီးပွားရေးဘာသာရပ် မိတ်ဆက်သင်ရိုညွန်းတန်းတွင် ပါဝင်နေသည့် ဘက်လိုက်မှုများအပေါ် ကျွန်ုပ်တို့၏ မကျေနပ်ကြောင်း ပြသလိုရင်းဖြစ်ပါသည်။ အဆိုပါ ဘက်လိုက်မှု၏ အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ကျောင်းသားများအတွက်သာမက၊ တက္ကသိုလ်အတွက်၊ လူ့အဖွဲ့အစည်းအတွက်ပါ စိုးရိမ်မိပါသည်။
ဟားဗက်တက္ကသိုလ်၏ ဘွဲ့ကြိုမောင်မယ်များဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် Economics 10 အချိန်များတွင် ကျယ်ပြန့်သော စီးပွားရေးမိတ်ဆက်သဘောတရားများကို သင်ကြားခွင့်ရမည်ဟု မျှော်လင့်ချက်ပြီး၊ ထိုမှတဆင့် ကျွန်ုပ်တို့၏ အသီးသီး၏ အထူးပြုဘာသာရပ်များဖြစ်သည့် စီးပွားရေး၊ အုပ်ချုပ်ရေး၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သိပံ္ပဘာသာရပ်၊ လူမှုရေးရာ မူဝါဒ စသဖြင့် ဘာသာရပ်အသီးသီးတွင် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ခဲ့ကြပါသည်။
သို့သော်လည်း အမှန်တကယ် သင်ကြားရသောအခါ သင်ရိုးသည် ယနေ့ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်း စီးပွားရေးမညီမျှမှုများနှင့် ပြသနာများကို သက်ဆိုးရှည်စေသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည့် စီးပွားရေး အယူအဆဘက်ကိုသာ အထူးဇောင်းပေး ရပ်ခံထားပြီး၊ ယင်းအယူအဆတွင်ပင် ဘောင်သတ်ထားသည်ကို တွေ့ရှိရပါသည်။
သဘာဝကျသော၊ ပညာရပ်ဆန်ဆန် ဘောဂဗေဒဘာသာရပ် လေ့လာရေးဟူသည် အကျိုးဘက်သာမက၊ စီးပွားရေးပုံစံ အမျိုးမျိုးတို့၏ အားနည်းချက်များအပေါ်မှာလည်း ဝေဘန်ဆန်းစစ်ဆွေးနွေးမှုမျိုးဖြစ်ရပေမည်။သို့သော်လည်း ကျွန်ုပ်တို့၏ စာသင်ချိန်များတွင် ကျမ်းရင်းများကို မသင်ရုံသာမကနှင့် ပညာရပ်ဆိုင်ရာ စာစောင်များမှ ဆောင်းပါးများလည်း ကြုံတောင့်ကြုံခဲဖြစ်နေပြီး၊ ခေတ်ပြိုင် အော်တာနေးတစ်ဖြစ်သော ချဉ်းကပ်မှုများကို မသင်ရသလောက်ဖြစ်နေပါသည်။ အဒမ်စမစ် (Adam Smith) ၏ စီးပွားရေးသီအိုရီသည် မှန်ကန်ကြောင်း၊ အခြေခံကျကြောင်း၊ သင်ကြားပေးသည်ကလွဲ၍ ကိန်း (Keynes) ၏ သီအိုရီကို ကျွန်ုတို့အား သင်ကြားပေးခြင်းမရှိပါ။
အထူးသဖြင့် ကျောင်းသား ၇၀၀ ၏ စီးပွားရေးလေ့လာမှုတွင် အခြေခံဖြစ်လာမည့် စီးပွားရေးဘာသာရပ်မိတ်ဆက် သင်ရိုး ညွန်းတမ်းတရပ်သည် တဘက်စောင်းနင်း သင်ကြားမှုမျိုးဖြစ်မသွားစေရန် အလေးဂရုပြုရန် လိုအပ်ပါသည်။ ဟားဗတ်ကျောင်းသား တော်တော်များများသည် Economics 10 အတန်းနှင့် ရှောင်လွဲ၍မရနိုင်ပါ။ စီးပွားရေး ဘာသာရပ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပံ္ပဘာသာရပ်၊ လူထုရေးရာပေါ်လစီတို့ကို လေ့လာလိုက်စားသူများအတွက် လိုအပ်သလို၊ လူမှုရေးဆိုင်ရာ ဘာသာရပ် ကျောင်းသားများလည်း စီးပွားရေးမိတ်ဆက် သင်ရိုးကို သင်ကြားရပါသည်။
အရင်နှစ်တွေက ပါမောက္ခ Steven Margolin သင်ကြားခဲ့သော စီးပွားရေးဘာသာရပ်အပေါ် ဝေဖန်ရေးအမြင် Critical Perspectives on Economics အတန်းချိန်လည်း ကျွန်ုတို့ နှစ်တွင်မှ မရှိတော့ပါ။ တခြား ဘာသာရပ် အသီးသီးကို လေ့လာလိုက်စားနေကြသည့် ကျောင်းသား တော်တော်များများလည်း သက်ဆိုင်ရာ ဘာသာရပ်များ၏ အစိတ်အပိုင်းတရပ်အဖြစ် စီးပွားရေးဘာသာရပ်အပေါ် ဝေဖန်ဆန်းစစ်သောအမြင်အားဖြင့် နားလည်မှုမျိုးကိုပဲ လိုလားကြပါသည်။
ထို့်အပြင် Economics 10 သင်ရိုးတွင် တခြားသင်ရိုးများကို ချဲ့ထွင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အခြေခိုင်အောင် သင်ကြားမပေးဘဲ တဘက်သတ်အမြင်တခုတည်းကို အတင်းအကျပ်ရိုက် သွင်းထားသည်ဖြစ်၍ နောက်ဆက်တွဲ သင်ယူရမည့် စီးပွားရေးပညာရပ်များကို ထိထိရောက်ရောက် သင်ကြားနိုင်ရေး အခက်တွေ့နိုင်ပါသည်။ ကျောင်းသားများဘက်မှ မကျေနပ်ချက်ကို ပြသခြင်းသည် Economics 10 အတန်းချိန်ကို မတက်ချင်၍မဟုတ်သလို၊ စီးပွားရေး ဘာသာရပ် တခုလုံးကို မသင်ချင်၍လည်း မဟုတ်ပါ။
ဟားဗတ်ဘွဲ့ရများသည် ကမ္ဘာတလွှားတွင် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများတွင် အရေးပါ သူများဖြစ်လာပြီး၊ အစိုးရပေါ်လစီများကို ပုံဖော်သူများဖြစ်သည်။ အကယ်၍ ဟားဗက် တက္ကသိုလ်ကြီးက ကျောင်းသားများကို ကျယ်ပြန်သော၊ ဆင်ခြင်တုံတရားနှင့် စီးပွားရေးပညာရပ်များကို သင်ကြားမပေးခဲ့လျှင် သူတို့၏ လုပ်ဆောင်ချက်များသည် ကမ္ဘာ့ဘဏ္ဍာရေးစနစ်တခုလုံးအပေါ် ဒုက္ခပေးနိုင်ပါသည်။ စီးပွားရေးဝရုန်းသုန်းကား နောက်ဆုံး ၅ နှစ်တာကာလက ယင်းအချက်၏ လုံလောက်သော သက်သေပင်ဖြစ်သည်။
ယနေ့တွင်ကျွန်ုပ်တို့သည် စာသင်ခန်းမှ ထွက်ပြီးသကာလ အဆင့်မြင့်ပညာရေးပေါ် ကော်ပိုရေးရှင်းတွေက လက်ဝါးကြီးအုပ်ထားမှုကို ဆန့်ကျင်သည့်အနေဖြင့် ကမ္ဘာလုံးချီဖြစ်နေသော (Occupy) လှုပ်ရှားမှု၏ တစိတ်တပိုင်းအဖြစ် ဘော်စတွန်တမြို့စာ ကျယ်ပြန့်သော ဆန္ဒပြသမားများနှင့် သွားရောက်ပူးပေါင်းကြပါမည်။
အီကိုနော့မစ် ၁၀ ၏ တဖက်စောင်းနင်းဖြစ်မှုသည် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး မညီမျှမှု၏ သင်္ကေတ၊ အားပေးအားမြှောက်ပြုနေသဖြင့် စီးပွားရေး သီအိုရီများကို ဆရာစားချန်သည့် အတွက်ရော၊ စီးပွားရေးမညီမျှမှုအပေါ် ဆန္ဒပြသူများကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် ယနေ့မှာ အတန်းမှာခွာပြီး ဆန္ဒပြသမားများနှင့် ပူးပေါင်းကြပါတော့မည်။
ပါမောက္ခ Mankiw ခင်ဗျာ၊ ရှင့်
ကျွန်ုပ်တို့၏ စိုးရိမ်သောကနှင့် အတန်းမတက်ရသည့်ကိစ္စအပေါ် အလေးအနက်ထားဖို့ တောင်းဆို အပ်ပါသည်။
တည်ကြည်စွာဖြင့်
Economics 10 ကျောင်းသူကျောင်းသားများ
ဟားဗတ်တက္ကသိုလ်                                 http://www.maukkha.org/index.php

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif