http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

16 Mar 2012

တရုတ် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ၀န်ကြီးချုပ် ၀မ်ကျားပေါင် ပြော

တရုတ်ပြည်အနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရေးပေါ် မလုပ်လျှင် မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးကာလက ၀ရုန်းသုန်းကားဖြစ်မှုနှင့် အသေဆိုးသေခဲ့ရမှုမျိုး ထပ်မံကြုံရဖွယ်ရှိနေသည်ဟု မတ်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် ၀မ်ကျားပေါင်က ပြောဆိုခဲ့သည်။
လက်ရှိ တရုတ်ခေါင်းဆောင်တွေအနက် တိုးတက်မှုအရှိဆုံး (progressive) သူဟု လူအများ ယူဆထားတဲ့ မစ္စတာဝမ် က “စီးပွားရေး အဆောက်အအုံ ပြုပြင်ပြောင်းလဲရုံတင် မလုံလောက်ဘူး၊ နိုင်ငံရေးအဆောက်အအုံကိုပါ ပြုပြင်ပြောင်းလဲရမယ်။ အထူးသဖြင့် ကျနော်တို့ တိုင်းပြည်နဲ့ ပါတီရဲ့ ခေါင်းဆောင်မှုပုံစံကို အရေးပေါ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်” ဟု နှစ်စဉ် ကျင်းပတဲ့ ပါလီမန် ပိတ်ပွဲတွင် ပြောခဲ့သည်။
“တရုတ် လူ့အဖွဲ့အစည်းမှာ ပေါ်ထွက်လာနေတဲ့ ပြဿနာသစ်တွေကို အခြေခံကျကျ မဖြေရှင်းဘူးဆိုရင်၊ ယဉ်ကျေးမှု တော်လှန်ရေးကာလလို ကြေကွဲဖွယ် သမိုင်းဝင်ပွဲဖြစ်ရပ်ဆိုးမျိုး ထပ်ကြုံကြရလိမ့်မယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းက မလွယ်ကူဘူး ဆိုတာ ကျနော် ကောင်းကောင်းသိပါတယ်။ ကျနော်တို့ လူထုရဲ့ စိတ်အားထက်သန်မှုမရှိဘဲ၊ ထောက်ခံမှုမရှိဘဲ၊ နိုးကြားထကြွမှု မရှိဘဲနဲ့ ပြုပြင်ပြောင်းလဲရေးဟာ အောင်မြင်နိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။
ဥက္ကဌကြီးမော်စီတုန်းက ၁၉၆၆-၁၉၇၆ ဆယ်စုနှစ်တစ်ခုကြာ စိတ်ကူးယဉ် ယဉ်ကျေးမှုတော်လှန်ရေးကို ဆင်နွှဲပြီး၊ အရင်းရှင်ဟု ခေါင်းစဉ်တပ်ထားသူများကို ရက်ရက်စက်စက် ဖြုတ်ထုတ်သတ်မှုများ ပြုလုပ်ခဲ့သည်။ ကျောင်း ဆရာ ဆရာမများ၊ ပညာတတ်များ၊ အရာရှိများအပါအ၀င် သန်းပေါင်းချီ သေဆုံးခဲ့သည်။ ၄င်းဖြစ်ရပ်ဆိုးက ယနေ့ တရုတ်မျိုးဆက်များ အထိ ခြောက်လှန့်နေဆဲဖြစ်သည်။
လက်ရှိ တရုတ်ကွန်မြူနစ်ပါတီက အစိုးရနှင့် စစ်တပ်ကို ထိန်းချုပ်ထားပြီး၊ ပါတီစုံစနစ် ရှင်သန်ခွင့်မပြုဘဲ တစ်ပါတီစနစ်ကို သံမဏိလက်သီးဖြင့် ဆုပ်ကိုင်ထားသည်။
ဝမ်ကျားပေါင်က ပါတီနှင့် အစိုးရရဲ့ အာဏာကို ခွဲဝေကျင့်သုံးဖို့ အရေးကြီးကြောင်း အထပ်ထပ်ပြောဆိုသွားသည်။ သို့သော် ဝေဖန်သူများက ၀မ်ကျားပေါင် စကားတွေက အပေါ်ယံပြောဆိုမှုတွေသာ ဖြစ်ကြောင်း၊ မကြာခင်က ရာထူးက ဖြုတ်ပစ်လိုက်တဲ့ ချုံကျင်းမြို့တော်ဝန် ပေါရှီလိုင် ရဲ့ ကိစ္စနဲ့ ဆက်စပ်နေကြောင်း ထင်ကြေးပေး ပြောဆိုကြသည်။
ဝင့်ထန်း
Source; The Nation, Bangkok Post; NY Times     http://www.maukkha.org/        

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif