ရန်ကုန်မြို့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ် ရပ်ဖို့ ဆန္ဒထုတ်ဖော်သူတဦးကို ဗဟန်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး စိတ်ကျန်းမာရေး ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။
ဗဟန်းမြို့ နယ်က ကားမှတ်တိုင်တခုမှာ သားအဖနှစ်ဦးကို ရဲက မနေ့က ဖမ်းဆီး စစ်ဆေးပြီး ဖခင်ကို စိတ်ရောဂါကုဆေးရုံကို ပို့ဆောင်ခဲ့တာလို့ ဒီနေ့ ပြန်လွတ်လာတဲ့ သမီး မထက်ထက်အောင်က ပြောပါတယ်။
“ဗဟန်း ရဲစခန်းကို ဖုန်းဆက်ပြီး မေးကြည့်တော့ ကျမ အဖေ ဦးအောင်မြင့်ကပေါ့။ အဖမ်းခံထားရတာ၊ အချုပ်ခံထားရတာ ၂၄ နာရီ ကျော်သွား ပါပြီ။ အဲဒီအတွက် ဘယ်နေရာ ရောက်နေတယ် ဆိုတာကို သိချင်တယ် ဆိုတော့ စိတ်ကျန်းမာရေး ဆေးရုံမှာ ရှိတယ်လို့ ပြောပါတယ်။ ပြောတာကလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောပါ တယ်။ နာမည်မေးတာကိုလည်း မဖြေဘဲနဲ့ ဖုန်းချသွားပါတယ်။”
ဧရာဝတီတိုင်း ဘိုကလေးဇာတိ ဦးအောင်မြင့်ဟာ ဇန်နဝါရီ ၃ ရက်ကစလို့ အပြာရောင် ထောင်ဝတ်စုံကို ဝတ်ဆင် ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။ မနေ့က သမီးနဲ့အတူ ဗဟန်းမြို့နယ်မှာ ကားစောင့်နေတုန်း မြို့နယ်ရဲစခန်းကို ခေါ်ဆောင်ပါတယ်။ ကိုယ်ရေးအချက်အလက် ရယူပြီးတဲ့ အခါမှာ လွှတ်တော်က စုပေါင်းရုံးကို ခေါ်ဆောင်ပြီး ညလုံးပေါက် လူခွဲ စစ်တယ်လို့ မထက်ထက်အောင်က ပြောဆိုပါတယ်။
ဥပဒေဘာသာနဲ့ ကျောင်းပြီးပေမယ့် ဘွဲ့လက်မှတ်ရမယ်မထင်နဲ့ ဆိုတဲ့ ခြိမ်းခြောက်မှုတွေ၊ ရုန့်ရင်းတဲ့ စကားလုံးတွေနဲ့ စစ်ကြောရေးမှာ ပြောဆိုခံခဲ့ရတယ် လို့ လည်း သူက ပြောပါတယ်။
ဗဟန်း ရဲတပ်ဖွဲ့က သူတို့သားအဖကို ဖမ်းဆီးမှုဟာ ခြေကျင်းနဲ့ ထောင်ဝတ်စုံပြာ ဝတ်ဆင်ထားတဲ့ ဦးအောင်မြင့်ရဲ့ ဝတ်ဆင်မှုနဲ့ သက်ဆိုင်ဖွယ် ရှိတယ်လို့ မထက်ထက်အောင်ကပြောပါတယ်။
“ညီမအဖေက ထောင်ဝတ်စုံ အပြာဝမ်းဆက်ကို ဝတ်ထားပါတယ်။ စပို့ရှပ် အရှေ့မှာ ကျတော့ အန်အယ်လ်ဒီကို ထောက်ခံကြစို့ စာတမ်းရယ်၊ အန်အယ်လ်ဒီ တံဆိပ်ရယ် တပ်ထားပါတယ်။ အင်္ကျီအနောက်မှာ ကျတော့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပြည်တွင်းစစ် လုံးဝ ရပ်စဲရေး ဆိုပြီးတော့ စာတမ်း ၂ ခု ပါပြီးတော့ ခြေကျင်းကို တပ်ဆင်ထားပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လို နေရတယ်၊ တနေရာနဲ့ တနေရာ ပြောင်းရွှေ့တဲ့အခါမှာ ဒီလို သံခြေကျင်းတွေနဲ့ နေရတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သူပြချင်တဲ့အတွက် ဝတ်ဆင် ထားတာပါ။ ဝတ်ဆင်ထားတဲ့ ရက်ပေါင်းက ၇၀ ရှိပါပြီ။ ကျမက ဝတ်ဆင်ထားတာက ပင်နီအင်္ကျီနဲ့ အောက်က ယောထမီ ဝတ်ဆင်ထားပါတယ်။”
ဒီမနက်မှာ တော့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်ပြီး အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။ ဖခင် ဦးအောင်မြင့်နဲ့ ပတ်သက်လို့ ၂၄ နာရီ ကျော်လို့ ရဲစခန်းကို မေးရာမှာ စိတ်ရောဂါကု ဆေးရုံကို ပို့ဆောင် ထားတယ်လို့ ဖြေဆိုပါတယ်။
ဦးအောင်မြင့် ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ၂ ကြိမ် ဖမ်းဆီး ထောင်ချခံရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တဦး ဖြစ်ပါတယ်။
ဒီဗွီဘီ http://www.thithtoolwin.com/2012/03/blog-post
0 comments:
Post a Comment