မတ်လ ၁၅ ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်တွင် လှိုင်သာယာမြို့နယ် အတွင်းပဒန်ကျေးရွာမှ ရွာသား လယ်သမား အယောက် ငါးဆယ် ကို ဝါဝါဝင်း ကုမ္ပဏီပိုင် မြေနေရာထဲကို တရားမဝင် ဝင်ရောက်တယ်ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ သောင်ကြီး ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သတင်းရရှိပါသည်။
လှိုင်သာယာမြို့နယ်နှင့် ထန်းတပင် မြို့နယ် ကြားထဲမှာရှိတဲ့ လယ်မြေတွေမှာ အတွင်းပဒန်ကျေးရွာမှ ရွာသား လယ်သမား အယောက် ငါးဆယ်က မိုးစပါးစိုက်ပျိုးရန်အတွက် လာရောက်ပြုပြင်နေသည်ကို ဝါဝါဝင်း ကုမ္ပဏီက သူတို့ပိုင်တဲ့ လယ်မြေ ဧက ၃၀၀ ထဲကို အဆိုပါလယ်သမားတွေ ကျူးကျော်ဝင်ရောက်နေသည်ဆိုပြီး ဝါဝါဝင်း ကုမ္ပဏီမှ မန်နေဂျာ ဦးမျိုးမင်းလတ်က ရဲစခန်းကို လာရောက်တိုင်တန်းပြီး အမှုဖွင့်တဲ့အတွက် အခုလို လာဖမ်းတာလို့ သောင်ကြီး ရဲစခန်းမှူးက ပြောပါသည်။ အတွင်းပဒန် ကျေးရွာမှ လူကြီးတွေက သောင်ကြီးရဲစခန်းမှာ လာရောက် အာမခံပေးတဲ့အတွက် ညပိုင်းမှာ လယ်သမားတွေကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
"ဒီလယ်တွေက ဘိုးဘွားတွေလက်ထက်ကတည်းက လုပ်ကိုင်စားသောက်လာတဲ့ လယ်မြေတွေ။ ဒီလယ်တွေပေါ်မှာ မိုးကျခါနီးဆိုတော့ မိုးစပါးစိုက်ဖို့ ပြင်ဆင်နေတာကို အဖမ်းခံရတာပါ။ သူတို့က ပိုင်ဆိုင်မှု သတ်မှတ်ခြင်းတို့ ဘာမှလဲ ကျနော်တို့ကို သူတို့ပိုင်တဲ့အကြောင်း ဘာမှမပြောပဲနေတော့ မိုးစပါးပြန်စိုက်ဖို့ ကျနော်တို့က ပြင်ဆင်နေတာပါ။ အဲတာကို ကျနော်တို့ကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်ဆိုတော့ ဘယ်လိုပိုင်ဆိုင်မှုနဲ့ တရားစွဲတာလဲ ဆိုတာကို စခန်းရောက်တော့ ကျနော်တို့ ဖြေရှင်းပါတယ်။ ဒီလယ်တွေမှာ မိုးစပါးစိုက်ဖို့ကို အင်းစိန်မြို့နယ် ဘဏ်ခွဲကနေ ချေးငွေ ထုတ်ပေးပြီးသားပါ။ ကျနော်တို့ စိုက်ဖို့ပြင်နေတဲ့ လယ်တွေကို ဖျက်ဆီးပစ်မယ်လို့ ပြောပါတယ်။ လာဖျက်ဆီးရင်တော့ ဖျက်ဆီးမည့်သူကို တရားပြန်စွဲမယ်” လို့ ပိုင်နက်ကျူးလွန်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ လယ်သမား ဦးမြင့်သိန်းက ဘားမားဗီဂျေ မီဒီယာကို ပြောပြခဲ့ပါသည်။
"ဝါဝါဝင်း ကုမ္ပဏီက အစိုးရနဲ့ ခြိမ်းခြောက်ပြီးတော့ အစိုးရက သိမ်းတယ်ဆိုပြီး ဒီလယ်တွေကို သိမ်းယူသွားတာပါ၊ လျော်ကြေးအနေနဲ့ လယ်သမား လေး၊ ငါးဦးလောက်ကို နည်းနည်းပါးပါး ပေးလိုက်ပြီး ကျန်တဲ့လျော်ကြေးတွေ အများကြီး ကျန်တာကို မပေးဘဲ ဒီအတိုင်း သိမ်းလိုက်တာပါ။ အခုကိစ္စကို ILO ကို တိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရင်ဆိုင်ဖို့ လိုအပ်လာရင်လဲ ရှေ့နေ ငှားပြီးတော့ ရင်ဆိုင်သွားမှာပါ။" လို့ လယ်သမားအရေး လိုက်ပါကူညီပေးနေသူ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
အလားတူပဲ လှိုင်သာယာမြို့နယ် အပြင်ပဒန်ကျေးရွာက လယ်သမားတွေကိုလဲ ရွှေသံလွင် ကုမ္မဏီက တရားစွဲဆိုထားတဲ့အတွက် ဒီကနေ့ မတ်လ ၁၆ ရက်နေ့တွင် တရားရင်ဆိုင်နေရတယ်လို့ သိရှိရပါသည်။
ဘားမားဗီဂျေ http://www.thithtoolwin.com/2012/03/blog-post

0 comments:
Post a Comment