http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Mar 2012

စေတန်ရဲ့ ကချေသည်

ဒါရိုက်တာ ၀ိုင်းက ၂၀၁၂နှစ်ဆန်းမှာ ရုပ်ရှင် ဇာတ်ကားကြီး ၃ ကားကို ဆက်တိုက် ရိုက်ကူး နေတာပါ။
နင်စေရင် ဇာတ်ကား ရိုက်ပြီးချိန်မှာ စေတန်ရဲ့ ကချေသည် ဇာတ်ကားကို ဆက်လက်ရိုက်ကူးနေပါတယ်။ စေတန်ရဲ့ ကချေသည် ဇာတ်ကားက ပုညခင်ရဲ့ ၀တ္ထုကို ဒါရိုက်တာဝိုင်း ကိုယ်တိုင်ဇာတ်ညွှန်း ရေးသား ထားတာပါ။

ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာဝိုင်းက လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတည်းက ရေးပြီး ထားပါတယ်။ လက်ပံ ရုပ်ရှင်ဇာတ်ကား ရိုက်ချိန်မှာ အခက်အခဲ များစွာ ကြုံတွေ့တဲ့ ကာလ အတွင်း စေတန်ရဲ့ ကချေသည် ရုပ်ရှင် ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာဝိုင်းက ရေးထားတာပါ။ အဲဒီအချိန်မှာ လက်ပံထက် ကောင်းတဲ့ ဇာတ်ကားမျိုး ဒီထက် အဆပေါင်းများစွာ လုပ်နိုင်တယ် ဆိုတဲ့ စိတ်မျိုးတွေ ဒီဇာတ်ကား အတွက် ဇာတ်ညွှန်း ရေးချိန်မှာ ဖြစ်နေခဲ့ပါတယ်။ စေတန်ရဲ့ ကချေသည် ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ သက်မွန်မြင့်၊ စည်သူမောင်၊ ဇင်ဝိုင်းစတဲ့ သရုပ်ဆောင် များ ပါဝင်သရုပ် ဆောင်ထား ပါတယ်။

နေတိုးက သက်မွန်မြင့်ကို ငယ်စဉ်ကတည်းက အရုပ်တစ်ရုပ် ၀ယ်သလို ၀ယ်ထားပြီး ဖိနပ် စီးခိုင်းတာက အစ ခိုင်းစေသူပါ။ သက်မွန်မြင့်က ကြွေရုပ်လေး တစ်ရုပ်လို နေတိုးရဲ့ဘေးမှာ လုပ်ကိုင်ပေးရပါတယ်။ အရွယ် ရောက်လာတဲ့ အချိန်မှာတော့ နေတိုးက သက်မွန်မြင့်ကို လက်ထပ်ဖို့ ပြင်ဆင်ပါတယ်။ မင်္ဂလာပွဲ ကျင်းပချိန်မှာ နေတိုးရဲ့ရည်းစားဟောင်းတွေက မင်္ဂလာပွဲကို လာပြီး တစ်ယောက်တစ်မျိုး ပြောကြတာကြောင့် သက်မွန်မြင့် စိတ်ညစ်ပြီး ထွက်ပြေးပါတော့တယ်။ ထွက်ပြေးရာ လမ်းကြောင်းမှာ စက်ဘီး တစ်စီး တွေ့တာကြောင့် စက်ဘီးစီးပြီး သက်မွန်မြင့်က ထွက်ပြေးတာပါ။ သက်မွန် မြင့်ရဲ့နောက်ကိုလည်း နေတိုးက အသည်းအသန် လိုက်တော့ တာပါပဲ။ ဒီဇာတ်ဝင်ခန်းက စေတန်ရဲ့ ကချေသည် ရုပ်ရှင် ဇာတ်ကားရဲ့ဒုတိယ Tempo အမြင့်ဆုံး ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။
စေတန်က နတ်ဆိုး တစ်ကောင်ပါ။ နတ်ဆိုးကို ဖျော်ဖြေရတဲ့ ကောင်မလေး၊ နတ်ဆိုးတစ်ကောင်လို ဆိုးရတဲ့ အကြောင်းအရင်းက ဘာလဲ ဆိုတာတော့ ဒါရိုက်တာဝိုင်းက ၀ှက်ထားပါသေးတယ်။ နတ်ဆိုး တစ်ယောက် ပုံစံ သရုပ်ဆောင်ဖို့ နေတိုး အနေနဲ့ စဉ်းစား ခဲ့ပါသေးတယ်။ ၀ိုင်းက ဇာတ်လမ်းပြောပြချိန်မှာ နေတိုးက ဒီဇာတ်ကားကို လက်ခံဖို့ မဆုံးဖြတ်ပါဘူး။ ဒါရိုက်တာဝိုင်း ဘက်က ဇာတ်ညွှန်း အပြည့်အစုံ ရေးပြီးချိန် ဖတ်ကြည့်မိတဲ့ အချိန်မှာတော့ နေတိုးက တော်တော်လေး နှစ်သက်ခဲ့ပါတယ်။ ဗန့် ပုံစံ လုပ်ဆောင်ရတာ ဖြစ်ပေမဲ့ ကြည့်တဲ့ ပရိသတ်တွေရဲ့ စိတ်ထဲကို ရောက်နိုင်တဲ့ ပုံစံမျိုး၊ အဆိုးအကောင်း နှစ်ခုကို တွဲပြီး ပြတာမျိုးဖြစ်တဲ့ အတွက် နေတိုးက အမှတ်တရ တစ်ခုအနေနဲ့ လက်ခံ ရိုက်ကူးခဲ့တာပါ။ ဆိုးတဲ့ သူတစ်ယောက် အဖြစ် ဘာ့ကြောင့်ဖြစ်ရတယ် ဆိုတဲ့ ဖြေရှင်းမှုကိုလည်း ထည့်ထားပါတယ်။ “ဒီဇာတ်ကောင်ကို ကြည့်ပြီး ကြည့်တဲ့ ပရိသတ်တွေ အသိတရား တွေရသွားမယ်။ အဲဒီ အပေါ်မှာ ဆင့်ပွားပြီး ပြောင်းလဲမှုတွေ ဖြစ်သွားမယ်ဆို ရိုက်ရ ကျိုးနပ်တယ်”လို့ နေတိုးက ဆိုပါတယ်။

စေတန်ရဲ့ ကချေသည် ဇာတ်ညွှန်းပိုင်းကို  High Tech ဖြစ်အောင် လုပ်ထားတယ်လို့ ဒါရိုက်တာဝိုင်းက ဆိုပါသေး တယ်။ HD ကင်မရာနဲ့ ရိုက်ကူးပြီး ဖလင်အဖြစ် ကူး ပြောင်းမယ့် စေတန်ရဲ့ ကချေ သည် ရုပ်ရှင်ဇာတ်ကားက အချစ်ဇာတ်ကား တစ်ကားပါ။ “ကမ္ဘာပေါ်မှာ ဖလင်နဲ့ ရိုက်တာ ၁၁ ရာခိုင်နှုန်းပဲ ရှိတော့ တယ်။ ဖလင်မှ အနုပညာလား၊ အနုပညာပဲ ဖလင်နဲ့ပဲ ရိုက်ရိုက်၊ HD နဲ့ပဲရိုက်ရိုက် ကိုယ်တင်ပြချင်တဲ့ အရည် အသွေး၊ တင်ပြနိုင်မယ့် အနုပညာပေါ်မှာပဲ မူတည်တယ်။ အခုခေတ်မှာ iPhone နဲ့ ရိုက် ပြီး ဖလင်ပေါ် တင်တဲ့ ခေတ်ရောက်နေပြီ”လို့ ဒါရိုက်တာ ၀ိုင်းက HD နဲ့ ရိုက်ပြီး ဖလင်ပေါ် ကူးပြောင်းတဲ့ အကြောင်း ပြောပြပါတယ်။ အချစ်ဇာတ် ကားတစ်ကားဖြစ်တဲ့ စေတန် ရဲ့ ကချေသည် ရုပ်ရှင်ဇာတ်ကားမှာ သက်မွန်မြင့်က နေတိုး လက်ထဲကနေ တကယ် ရုန်းထွက်မှာလား၊ နေတိုးကရော သက်မွန်မြင့်ကို ဘယ်လောက် ထိ နှောင့်ယှက်နေမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ စေတန် ရဲ့ ကချေသည် ဇာတ်ကားကို ထားဝယ်ရုပ်ရှင် ထုတ်လုပ်ရေး က ထုတ်လုပ် ရိုက်ကူးတာ ဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်း က Made IN Heart ရုပ်ရှင် ဇာတ်ကားကို ၂၀၁၂ ဖေဖော် ၀ါရီလကုန်မှာ ပြေတီဦး၊ မိုးဟေကို၊ ၀တ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးမှာ ဖြစ်ပါတယ်။


ခင်လေးမြင့်
http://shweamyutay.com                                                    (ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif