နောက်လာမည့်မျိုးဆက်များအတွက် စိတ်ချလက်ချနှင့်နိုင်ငံတော်ကြီးကိုထားခဲ့နိုင်ရန်မှာ လူကြီးအားလုံး၏ ရည်မှန်းချက်ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရွှေဂုံတိုင်ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင်ကျင်းပသော တံတားနီအရေးခင်း ၂၄ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတွင် ပြောကြားခဲ့သည်။
“စိတ်ချလက်ချနဲ့ နောက်မျိုးဆက်တွေအတွက် ဒီနိုင်ငံကို ထားခဲ့နိုင်ဖို့ဆိုတာဟာ ကျမတို့ လူကြီးအားလုံးရဲ့ ရည်မှန်းချက်ဖြစ်သင့်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးအပြောင်းအလဲတွေကို လုပ်ချင်တဲ့လူတွေဟာ ကိုယ့်ကိုကိုယ်အလုပ်မရှိအောင်လုပ်တာပဲလို့ ဒီလိုပဲသတ်မှတ်ရမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
မိမိတို့နိုင်ငံတွင် အလားအလာကောင်းမွန်ပြီး မဖြစ်မြောက်လာတဲ့ အခြေအနေအများအပြားရှိကြောင်း ထို့ကြောင့် မိမိတို့အစားဝင်ပြီး မိမိတို့ထက်ပိုလုပ်နိုင်မည့်သူများ မွေးထုတ်နိုင်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းမှာလည်း အဆင့်တစ်ဆင့်ပင်ရှိသေးကြောင်း ထိုမှတစ်ဆင့် ဆက်လက်လုပ်ကိုင်စရာများကျန်ရှိနေသေး၍ အားဖြည့်ထားကြရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
“အခုမျိုးဆက်ငယ်ငယ်လေးတွေကို တွေ့ရတဲ့အခါကြတော့ ကျမ အင်မတန် သဘောကျတယ်။ သူ့ခေတ်နဲ့သူ ဒီလိုပဲ နုပျိုတဲ့ အားသစ်တွေ အားမာန်တွေဟာ တက်လာမယ်။ ဒါမှလည်းကျမတို့ဟာ နောင်တစ်ခေတ်မှာ ကိုယ့်ရဲ့လူကြီးလမ်းတောင်မဟုတ်ပါဘူး လူအိုလမ်းကို အေးအေးဆေးဆေးသွားနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်၍ပြောသည်။
ယခု မတ်လ၁၆ ရက်နေ့သည် တံတားနီအရေးခင်း၏ ၂၄ နှစ် ပြည့်နေ့ရက်ပင်ဖြစ်ကြောင်း ၎င်းတို့အနေဖြင့် ကျဆုံးသွားခဲ့သော ညီအကို၊ သူငယ်ချင်းများကို အမှတ်ရမိကြောင်း ထိုကြမ်းတမ်းသော သမိုင်းဖြတ်သန်းမှုကိုလည်း လက်ရှိလူငယ်မျိုးဆက်တွေအထိ ဆက်လက်ဖြတ်သန်းနေကြရကြောင်း ၈၈ မျိုးဆက် ကျောင်းသာခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဌေးကြွယ်ကပြောသည်။
“အန်တီပြောသလိုပါပဲ အခုဆို လူငယ်တွေလည်း ပါဝင်လာကြတယ်။ ယုံကြည်ချက်နဲ့ ဆက်မယ့်မျိုးဆက်တွေပါ။ ဒီမျိုးဆက်အားလုံးရဲ့ရုန်းကန်မှု့အပေါ်မှာ ခေတ်တစ်ခုကို ၀ိုင်းဝန်းပြီတော့ တည်ဆောက်ကြပါမယ်။ ကျနော်တို့ တည်ဆောက်မယ့်အထဲမှာ မြန်မာနိုင်ငံရဲ့ တရားမျှတဲ့ လွတ်လပ်တဲ့ နိုင်ငံရဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်မှာပါ။ ဒီခေတ်ကို တည်ဆောက်တဲ့ နေရာမှာ ကျရာနေရာကနေပြီးတော့ ကြိုးစားသွားမှာပါ” ဟု ကိုဌေးကြွယ်ကပြောသည်။
တံတားနီအရေးခင်းသည် မတ်လ(၁၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့သည့်သတင်း၊ ကျောင်းသားများအား ပစ်ခတ်ခဲ့သော သတင်းတို့ကြောင့် ဆန္ဒပြကြသော တက္ကသိုလ်ကျောင်းသားကျောင်းသူများ အင်းယားကန်ဘောင်နှင့် ပြည်လမ်းမကြားရှိ တံတားဖြူနေရာအရောက်တွင် ပစ်ခတ်နှိမ်နှင်းခံကြရရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအခမ်းအနားသို့ ကျောင်းသားသမဂ္ဂမှပေးပို့သော သဝဏ်လွှာမှ သိရသည်။
အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင် အမှာစကားများပြောကြားခဲ့ကြသည်။ထို့နောက် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။ အခမ်းအနားသို့ တက်ရောက်သူ လူဦးရေ ၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။ http://www.myitmakhamediagroup.com
0 comments:
Post a Comment