http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Mar 2012

မြင်းလိမ္မာလေးကောင်နှင့်တူသော လူလိမ္မာလေးယောက်

“သံဝေဇနိယေသု ဌာနေသု သံဝေဂေါနာမ ဘဝိတဗ္ဗော”
သံဝေဇနိယေသု= သံဝေဂဖြစ်သင့်ကုန်သော ၊ဌာနေသု= အရာဌာနတို့၌၊ သံဝေဂေါနာမ= ကြောက်လန့် တုန်လှုပ်ထိတ်လန့်ခြင်း သံဝေဂမည်သည်ကို၊ ဘဝိတဗ္ဗော= ဖြစ်သင့်၏။ဟု ဘုရားရှင် ဟောတော်မူအပ်သော ဒေသနာတော်အရ မိမိတို့ အသိဥာဏ်ကပ် သတိချပ်ပြီး သံဝေဂယူသင့်တဲ့အရာကို သံဝေဂယူ အသိဥာဏ်ဖြစ် ပွားဖို့ လိုပါတယ်။

ကြိုတင်စဉ်းစားတွေးခေါ် မြော်မြင်ပြီး သံဝေဂယူ၊ အသိဥာဏ်ဖြစ်ပွားထားရင် လောကဓံအကြောင်းတစ်ခုခုနဲ့ တွေ့ကြုံရင်ဆိုင် ထိပ်တိုက်တွေ့လာတဲ့အခါ အလွန်အကျွံ တစ်ဖက်စောင်းနင်းမဖြစ်အောင် ထိန်းနိုင် သိမ်းနိုင်ကြ ပါတယ်။လူရယ်လို့ဖြစ်လာပြီဆိုရင် သတ္တဝါရယ်လို့ဖြစ်လာရင် ဇာတိဓမ္မရတယ်လို့ဆိုရပါမယ်။ ဇာတိဆိုတဲ့ မွေးဖွားခြင်းခန္ဓာရလာခြင်းဟာ မရဏဓမ္မလို့ခေါ်တဲ့ သေဆုံးခြင်း မှာအဆုံးသတ်မှာပါ။ သံဝေဂဖြစ်ဖို့အတွက် မြတ်စွာဘုရားရှင်ဟောကြားထားတဲ့ “မြင်းလိမ္မာလေးကောင်”တရားလေးကို ပြောပြချင်ပါတယ်။

မြင်းလိမ္မာယဉ်ကျေးအောင်ဆုံးမသွန်သင်ပေးတတ်တဲ့ မြင်းထိန်ဆရာကြီးတစ်ယောက်ရှိပါတယ်။ ထိုမြင်းထိန်း ဆရာကြီးက တစ်နေ့တော့ လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမဖို့အတွက် မြင်းတစ်ကောင်ကို ဆွဲထုတ် ခေါ်ဆောင် လာခဲ့ပါတယ်။ ခေါ်လာပြီး သူ့လက်ထဲမှာ အဆင်သင့်ပါလာတဲ့ ကြိမ်နဲ့ရိုက်ဆုံးမဖို့ ကြိမ်ကိုရွယ်လိုက် တဲ့အခါ ကြိမ်ရိပ်ကိုမြင်ရုံနဲ့ ခေါ်ဆောင်လာတဲ့ မြင်းကလေးဟာ “သြော် ငါရဲ့ သခင်ဟာ ငါ့ကို တကယ်ရိုက် တော့မှာပါလားဆိုတဲ့”အသိဥာဏ်ဝင်လာပြီး အစစအရာရာ ယဉ်ကျေးအောင်သိမ်မွေ့အောင် နေသွားပါတယ်။ အဲဒီမြင်းလေးကို ဆာယာဒိဋ္ဌ မြင်းလိမ္မာလို့ခေါ်ဆိုရပါတယ်။ တကယ်မရိုက်ရသေးဘဲ ရွယ်လိုက်တဲ့ အရိပ်ကို မြင်ရုံနဲ့ အလိမ္မာဝင် အသိ ဥာဏ်ရှိပြီး ယဉ်ကျေးသိမ်မွေ့သွားတဲ့ မြင်းကလေးလို့ မှတ်သားထားရပါမယ်။

နောက်ထပ်မြင်းတစ်ကောင်ကို မြင်းထိန်းဆရာကြီးက ဆွဲထုတ်ခေါ်ဆောင်လာပြန်တယ်။ ဒုတိယအကြိမ် ခေါ်ဆောင်လာတဲ့မြင်းကျတော့ အရှင်သခင် ရိုက်ရန်ရွယ်တဲ့ ကြိမ်ရိပ်ကိုမြင်ရုံနဲ့လည်းပဲ အသိဥာဏ်ဝင် လိမ္မာ ယဉ်ကျေးသိမ်မွေ့ခြင်းမရှိပါဘူး။ ဆိုးမြဲဆိုးတုန်း မိုက်မြဲ မိုက်တုန်း ပါပဲ။ ဒါနဲ့ အရှင်သခင်က တစ်ဆင့်တိုးပြီး မြင်းရဲ့ အမွှေးတွေကျွတ်အောင် ရိုက်ဆုံးမတဲ့အခါကျမှ အသိဥာဏ်ဝင်လာတယ်။ “သြော် ငါ့ရဲ့အရှင်သခင်ဟာ  မညှာမတာ ငါ့ကို အမွှေးကျွတ်အောင် ရိုက်ဆုံးမတာက ငါမလိမ္မာလို့ ငါမယဉ်ကျေးလို့ မသိမ်မွေ့လို့ လိမ္မာ ယဉ်ကျေးအောင် သိမ်မွေ့အောင် ငါ့အပေါ်စေတနာ မေတ္တာထားပြီး ဆုံးမတာပါလား”လို့ အသိဥာဏ်ဝင် ယဉ်ကျေး သိမ်မွေ့ လိမ္မာသွား တဲ့မြင်းကို “လောမဝေဓ” မြင်းလိမ္မာလို့ခေါ်တယ်။ အမွှေးကျွတ်အောင် ရိုက်ဆုံးမမှ လိမ္မာတဲ့ မြင်းကလေးလို့ အဓိပ္ပါယ်ရပါတယ်။

တတိယမြင်းကိုလည်းဆွဲထုတ်လာပြန်တယ်။ ကြိမ်ရိပ်ပြဆုံးမတယ်။ မလိမ္မာဘူး၊အမွှေးကျွတ်အောင် ရိုက်ဆုံးမ တယ်။မလိမ္မာဘူး။ ဒါနဲ့တစ်ဆင့်တက်ပြီး အရေစုတ်ပြတ်အောင် ရိုက်ဆုံးမတဲ့အခါကျမှ သတိရ အသိဥာဏ်ဝင် ကာ ငါရဲ့ အရှင်သခင်ဟာ ငါ့အပေါ် ယခုလို မညှာမတာရက်ရက်စက်စက် အရေစုတ်ပြတ်အောင် ရိုက်လေခြင်း ယခုလိုရိုက်ကလည်း ငါမလိမ္မာလို့ ရိုက်တာပါလား။ ငါလိမ္မာရင် သူရိုက်ဖို့ ဘယ်လိုပါ့မလဲ။ ငါမလိမ္မာလို့ လိမ္မာ အောင် သူရိုက်ဆုံးမတာပဲလို့ အသိဥာဏ်ဝင် လိမ္မာသွားတဲ့ မြင်းရဲ့နာမည်ကိုတော့ “စမ္ပဝေဓ”မြင်းလိမ္မာလို့ ခေါ်ပါတယ်။ အရေစုတ်ပြတ်အောင်ရိုက်မှ လိမ္မာတဲ့မြင်းလို့ အဓိပ္ပါယ်ရပါတယ်။

စတုတ္ထမြင်းတစ်ကောင်းကို ဆုံးမရန် ခေါ်လာပြန်ပါတယ်။ ရှေးမြင်းများနည်းတူ ကြိမ်ရိပ်ပြဆုံးမတယ်။ မလိမ္မာဘူး။ အမွှေးကျွတ်အောင် ရိုက်ဆုံးမတယ်။ မလိမ္မာပြန်ဘူး။ အရေစုတ်ပြတ်သတ်အောင်ဆုံးမတယ်။ မလိမ္မာပြန်ဘူး။ နောက်ဆုံး အရိုးကွဲအောင် ဆုံးမလိုက်မှ လိမ္မာသွားတဲ့ ယဉ်ကျေးသွားတဲ့ မြင်းရဲ့နာမည်ကိုတော့ “အဋ္ဌိဝေဓ” မြင်းလိမ္မာလေးလို့ ခေါ်ဆိုရပါမယ်။ အရိုးကွဲအောင်ရိုက်ဆုံးမမှ လိမ္မာတဲ့မြင်းကလေးပေါ့။

ထိုနည်းတူစွာ လောကကြီးထဲမှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသူတစ်ယောက်နဲ့ကြုံလိုက်တယ်ဆိုရင်ပဲ သူဘာကြောင့်သေဆုံး သွား တာလဲ လို့ စဉ်းစားကြည့်လိုက်တယ်ဆိုရင်ပဲ အော် ဘဝခန္ဓာရလာလို့ ဘဝခန္ဓာရရင် သေရမှာ အမှန်ပဲ။ သူမှဘဝခန္ဓာရတာမဟုတ်ဘူး။ ငါလည်းဘဝခန္ဓာရထားတာတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ တစ်နေ့ကျရင် သူ့လိုပဲ မုချသေရမှာပဲ။ ဒီတော့ မသေခင်ကြိုတင်ပြီးတော့ လုပ်စရာရှိတဲ့ ဒါန သီလ သမထ ဝိပဿနာတရားတွေကို ကြိုတင်ကြိုးစားလုပ်ထားမှဖြစ်မယ်လို့ သတိဝင် ဥာဏ်ယှဉ် သံဝေဂထင်သွားတဲ့ပုဂ္ဂိုလ် ကို သေတာကို ကြားသိရရုံနဲ့ သံဝေဂထင်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် ပထမ ဆာယာဒိဋ္ဌိ မြင်းလိမ္မာနဲ့တူပါ တယ်။

နောက်ပုဂ္ဂိုလ်တစ်ယောက်ကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သေဆုံးသွားသူတစ်ယောက်ကို ကြားလိုက်ကြုံလိုက်ပေမယ့် သံဝေဂထင် သတိမရသေးဘူး။ သွားမြဲ လာမြဲ အလုပ်အကိုင်မပျက် ဆက်လက် သူ့ရည်မှန်းချက်ပန်းတိုင် လှမ်းကိုင်နိုင်ရန် ချီတက်နေတုန်းပါပဲ။ ဒါနဲ့ တစ်နေ့တော့ မမျှော်လင့်ဘဲ သူ့ လုပ်ဖော် ကိုင်ဖက်တစ်ယောက် သူနဲ့အတူ အလုပ်သွားရင်း သူ့ရှေ့မှာ ကားတိုက်သေဆုံးသွားပါတယ်။ သွေးသံရဲရဲ အရှင်လတ်လတ် ဘာရောဂါမျှမရှိဘဲ ရုတ်တရက် ကောက်ခါငင်ခါ သေဆုံးသွားတာကို သူပြော ငါပြော သတင်း ကြားတာမဟုတ်ဘဲ လက်တွေ့ သူကိုယ်တိုင်မြင်လိုက်တော့မှ ကြောက်လန့်တုန်လှုပ်သွားပါတယ်။ အော်… သေတယ်ဆိုတာ သူပြော ငါပြော တစ်ဆင့်စကား ကြားရတာ မဟုတ်ဘူး။ ငါ့ရှေ့မှာ လတ်တလော သေဆုံးသွား တာကို ငါ့ကိုယ်တိုင်တွေ့မြင်ရပါလား။ စောစောက ငါ့အထင်မှာ အသက်ကြီးမှ ရောဂါရမှ တဖြည်းဖြည်း သေတယ်ထင်တာ။ ယခုတော့ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ အချိန်နာရီပိုင်းအတွင်းမှာ လတ်တလော ချက်ချင်း သေနိုင်ပါလား။ယခုငါသေသွားရင် ဒါနလည်းမရှိ သီလလည်းမရှိ ဘာဝနာ ဝိပဿနာလဲ မရှိ။ဒီအတိုင်းသာသေသွားရင် အပါယ် ဒုက္ခ လမ်းကြောင်းမိမှာ သေချာတယ်။ ဒီတော့ ငါမသေခင်မှာ ဒါန သီလ ဘာဝနာ ဝိပဿနာတရားများကို အတတ်နိုင်ဆုံး ဖြစ်အောင် အားထုတ်သွားတဲ့ ပုဂ္ဂိုလ်ကတော့ ဒုတိယလောမ ဝေဓ မြင်းလိမ္မာနဲ့ အလားသဏ္ဍာန် တူပါတယ်။ ကိုယ်တိုင်သေခြင်းတရားကို ကြုံတွေ့ မြင်ရမှ သံဝေဂရသူလို့ ဆိုလိုပါတယ်။

တတိယပုဂ္ဂိုလ်ကျတော့ သူများသေတာ ကြားရရုံနဲ့လည်း သတိသံဝေဂ မရသေးဘူး။ သူ့ရှေ့မှာ ဗုန်းခနဲ သေသွားတာကို တွေ့မြင်ရုံနဲ့လည်း သံဝေဂ မရသေးဘူး။ လောကကြီးထဲ ပျော်လို့ ပါးလို့ကောင်းတုန်း။ ဒါနဲ့ တစ်နေ့တော့ သူ့ရဲ့ မိသားစုထဲမှ ပုဂ္ဂိုလ်တစ်ယောက်ယောက် မကျန်းမမာဖြစ်ကာ သေဆုံးသွားပါတယ်။ သူရဲ့ မိသားစုထဲက တစ်ယောက်ယောက်သေဆုံးသွားပါမှ ထိတ်လန့်တုန်လှုပ်သွားပါတယ် ။ အော်..သေတယ်ပြော နေကြတယ်။ ကြားနေရတယ်။ တွေ့နေရတယ်။ စောစောကသေတာ သူစိမ်းပုဂ္ဂိုလ်တွေ သေနေကြတာကို တွေ့ရ ကြုံရတယ်။ အခုတော့ ငါရဲ့ သွေးသားထဲက အရင်းနှီးဆုံး အနီးကပ်ဆုံးသူ သေဆုံးသွားခြင်းပါလား။ သူစိမ်းတွေတုန်းက ငါ့စိတ်တွေ ဘာမှမတုန်လှုပ်ခဲ့ဘူး။ ယခုတော့ သွေးသားတော်စပ်သူမို့ ငါ့စိတ်တွေ တုန်လှုပ် ကြောက်လန့်လာတယ်။ သူတို့သေသလို ငါလည်း တစ်ချိန်ကျရင် မုချဧကန် မလွဲသေရမှာပါလားလို့ အတွေး ပေါက် သံဝေဂဥာဏ်ရောက်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ တရားဘာဝနာများကို အချိန်ရှိခိုက် လုံးလစိုက်ပြီး အားထုတ်ခဲ့ပါတယ်။ ကိုယ်အမူအရာ နှုတ်အမူရာ နူးညံ့သိမ်မွေ့ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ကျတော့ တတိယ စမ္ပဝေဓ မြင်းလိမ္မာနှင့်တူတယ်လို့ ဆိုရမှာပါ။

စတုတ္ထပုဂ္ဂိုလ်ကျတော့ သူများသေတာ ကြားရုံနဲ့လည်း သတိသံဝေဂ မရဘူး။ ကိုယ့်ရှေ့မှာ ဗုန်းခနဲလဲ သေသွား တာတွေ့လည်း သတိ သံဝေဂ မရသေးဘူး။ သူရဲ့သွေးသားထဲက တစ်ယောက်ယောက် သေဆုံးသွားလည်း သတိသံဝေဂမရသေးဘူး။ သူများသေတာ ငါသေတာ မဟုတ်ဟုဆိုပြီး ပျော်လို့ ပါးလို့ကေင်းတုန်း။ သောက်လို့ စားလို့ကောင်းတုန်း။စည်းစိမ်ခံစားလို့ကောင်းတုန်း။ ဒါနဲ့ တစ်နေ့နေ့ကျတော့ သူကိုယ်တိုင် ရောဂါဖြစ်ပြီး အိပ်ယာထဲလဲပြီး အားအင်တွေဆုတ်လျော့ ခြေမသယ်နိုင် လက်မသယ်နိုင် အစာရေစာ မဝင် ရှိလာတဲ့အခါ သတိသံဝေဂ ဝင်လာတယ်။ စဉ်းစားမိလာတယ်။ အော်..သေခြင်းတရားဆိုတာ တကယ်အရှိတရားပါလား။
အဟုတ်တကယ်သေပါလား။အဟုတ်တကယ် နာပါလား။ အဟုတ်တကယ် အိုပါလား။သူများတွေ ဘဝခန္ဓာရလို့ အိုတဲ့အခါ နာတဲ့ အခါ သေတဲ့ အခါ ငါဘာမှ သံဝေဂ မရခဲ့ပါလား။ သတိမထားမိခဲ့ပါလား။ ယခုတော့ ငါကိုယ်တိုင် ဘဝခန္ဓာရထားတဲ့အတိုင်း အိုနေရ နာနေရ ပါလား။ မကြာခင်ကာလမှာ ငါကိုယ်တိုင် မုချဧကန် သေရတော့မှာပါလား။ ဒီတော့ မသေခင်ကာလလေးမှာ လုပ်နိုင်သမျှ ပွားများ ရှုမှတ်သင့်တာတွေကို ရှုမှတ် ဆင်ခြင်အားထုတ်မှပဲဆိုပြီးသံဝေဂဥာဏ်ဖြစ်ပြီး ခန္ဓာမှာ ပေါ်လာသမျှ တရားဓမ္မများကို ရှုမှတ်ဆင်ခြင် သံဝေဂ ဥာဏ်ထင်လာအောင် အားထုတ်ကျင့်ကြံ ရှုမှတ်နိုင်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ကျတော့ စတုတ္ထ အဋ္ဌိဝေဓ မြင်းလိမ္မာနဲ့ တူတယ်လို့ ဆိုရမှာပါ။

ယခုဖော်ပြလိုက်တဲ့ မြင်းလိမ္မာလေးကောင်နဲ့ ပုဂ္ဂိုလ်လေးမျိုးထဲမှာ ဘယ်နံပါတ်ထဲပါနေသလဲဆိုတာ စဉ်းစား တွေးခေါ်ကြည့်ပြီး အကောင်းဆုံးဖြစ်တဲ့ နံပတ်(၁) မြင်းလိမ္မာလေးနဲ့ပုဂ္ဂိုလ်ဖြစ်အောင် အချိန်ရှိခိုက် လုံးလစိုက် ပြီး အိုခြင်းတရား နာခြင်း တရား သေခြင်း တရား အပေါ် သံဝေဂယူပြီး လုပ်သင့်လုပ်ထိုက်တဲ့ ဒါန သီလ ဘာဝနာ ဝိပဿနာတရားများကို ကြိုးစားအားထုတ်ပါလို့ တိုက်တွန်း လိုက်ရပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
                  http://newworldnanda.ning.com/profiles/blogs/ 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif