ကျွန်တော်လေ သိတတ်စ အရွယ်ကတည်း မတရားတဲ့ကိစ္စ မှန်သမျှ ရှောင်ကြဉ်ခဲ့ပါတယ်၊ ကိုယ်တိုင်ရှောင်ကြဉ်ရုံမကပါဘူ၊ လေ၊ သူများတွေ မတရား လုပ်နေတာမြင်ရင်လည်း လက်ပိုက်ကြည့်မနေခဲ့ပါဘူး၊ ဒါကြောင့်လည်း အာဏာရှင်ကြီးကြီးငယ်ငယ်တွေနဲ့ အမြဲလိုလို ထိပ်တိုက်ပါပဲ။
တစ်ခါ(လွန်ခဲ့တဲ့ ၁၅နှစ်ခန့်) က သက်ပန်းကျောင်းအလှူတစ်ခုမှာ (အဲဒီခေတ်အခေါ်) ခယကဥက္ကဌ ဒုတိယဗိုလ်မှူးကြီးမောင်မောင်ရယ်၊ ဦးမြင့်ဆွေ(ကသာစည်ပင် ကွယ်လွန်) ရယ်၊ စစ်ကိုင်းတိုင်းသမအသင်းဥက္ကဌဦးမောင်မောင်လေး (ကွယ်လွန်) ရယ်၊ နဲ့ ထမင်းတစ်ဝိုင်းတည်းမှာဆုံမိကြပါတယ်၊ ထမင်း စားကြရင်းနဲ့ဒုတိယ ဗိုလ်မှူးကြီးမောင်မောင်က “ဟာဂျူလီ.မင်းရေးလိုက်လို့ ဌာနဆိုင်ရာ တာဝန်ခံတစ်ယောက်ကို အရေးယူလိုက်တာ သိလား”လို့မေးပါတယ်၊ ကျွန်တော်ကလည်း သိတဲ့အကြောင်းနဲ့ အရေးယူခံရသူရဲ့ နာမည်နဲ့ ရာထူးတွေကိုပြောပြလိုက်ဖြစ်တယ်။
“အဲဒီအမျိုးသမီးက ကိုယ်တို့ အုပ်ချုပ်ရေးပိုင်းကို အထူးကူညီနေတဲ့သူကွ..”
“ဟုတ်ကဲ့.ဒါလည်းသိပါတယ်ခင်ဗျာ”
“သိရင် ဘာဖြစ်လို့ သူ့အမှားကို တိုင်းသိပြည်သိ မဂ္ဂဇင်း(ဂျာနယ်မပေါ်သေးပါ) ထဲ ထည့်ရေးရတာလဲ၊ မင်းရေးလိုက်တော့ သူ့ရဲ့ အထက်က လူကြီးတွေသိပြီးအရေးယူခံလိုက်ရတော့ မကောင်းဘူးပေါ့”
“ဟုတ်ကဲ့၊ ဗိုလ်မှူးကြီးကို တစ်ခုတော့ ပြန်မေးပါရစေခင်ဗျာ၊ ဗိုလ်မှူးကြီးကရော အဲဒီအရာရှိရဲ့ လူထုအပေါ် ဆက်ဆံတဲ့ ဆက်ဆံရေးကို သိပါသလား”
“ပြောပါဦး”
“ဟုတ်ကဲ့ ..သူနဲ့ပါတ်သက်ပြီး မြို့က လူဆင်းရဲတွေ ပြောနေ ဆိုနေကြတာ ကြာပါပြီ၊ ရာထူးနဲ့ငွေပေးတဲ့သူတွေကိုသာ ၀န်ဆောင်မှုပေးပြီး မပေးနိုင်တဲ့သူဆိုရင် လစ်လျူရှုတတ်တယ်တဲ့၊ တစ်ရက်က သူလုပ်ဆောင်ပေးရမယ့်ကိစ္စ အတွက် ၀န်ဆောင်မှုတောင်းပါတယ်၊ မိနစ်ပိုင်းအတွင်း လုပ်ဆောင်ပေးရမယ့် အစား(၄) ရက် ကြာပါတယ်၊ အဲဒီကြားထဲ အာဏာပိုင်တွေ ရွှေဆိုင်ပိုင်ရှင်တွေကိုတော့ ကျွန်တော်ရှေ့မှာတင် ကူညီပေးနေပါတယ်၊ နောက်ဆုံး ကျွန်တော်က ကျွန်တော့်ကို ဘာကြောင့် မလုပ်ပေးတာလဲမေးတော့ ဒီမယ် ကိုဟာဂျူလီ ငွေရှိတဲ့သူတွေက ငွေပေးတယ်၊ အာဏာရှိတဲ့သူတွေက လုပ်ပိုင်ခွင့်ပေးတယ်၊ ကိုဟာဂျူလီက ကျွန်မကို ဘာပေးနိုင်လဲ တဲ့၊ ကျွန်တော်ကပြောလိုက်ပါတယ် ဗိုလ်မှူးကြီးခင်ဗျား၊ ကျွန်တော့်မှာတော့ ကလောင်ပဲရှိတာ ဆိုတော့ ကလောင်ပဲ ပေးပါ့မယ်လို့၊ အဲဒီအကြောင်းလေး အမှန်အတိုင်းပဲ ရေလျှာ့းလိုက်တာပါ”
“ထားပါတော့ဗျာ၊ အခု ရုံးချုပ်ကစစ်ဆေးရေးတွေ ရောက်နေတယ်၊ သူတို့တတွေစစ်ရင် ခင်ဗျား နည်းနည်းပါးပါးတော့ လျှော့ထွက်ဆိုပေးလိုက်ပါဗျာ”
“ဟုတ်ကဲ့၊ ကျွန်တော် ဗိုလ်မှူးကြီး မပြောခင်ကတည်းက လျှော့ထွက်ဆိုဖို့ စဉ်းစားထားပြီးသားပါ၊ ကျွန်တော်လည်း သူ့ရဲ့ထမင်းအိုးကို ရိုက်ခွဲဖို့အထိ မရည်ရွယ်ပါဘူး၊ ပြည်သူလူထုကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ သိအောင်သာလုပ်တဲ့သဘောပါ”
“အေး.ဘာဖြစ်ဖြစ်ပေါ့ကွာ၊ အကောင်းဆုံးဖြစ်အောင် ထွက်ဆိုပါ”
“ဟုတ်ကဲ့ ဗိုလ်မှူးကြီးက အခုလိုပြောတဲ့အတွက် ကျွန်တော် အစစ်မခံတော့ပါဘူး၊ သူ့ကြောင့် ခံစားရတဲ့သူတွေကိုပဲ တိုက်ရိုက် အစစ်ခံခိုင်းပါမယ်”
ဗိုလ်မှူးကြီး ကျွဲမြှီးတိုသွားပါတယ်၊
“အေး.မင်းကိုငါ ပြတ်ပြတ်ပဲ ပြောထားမယ်၊ နောက်ကို ဌာနဆိုင်ရာအကြောင်း ဘာမှမရေးပါနဲ့”
“ဘာဖြစ်လို့များလဲခင်ဗျာ”
“ဘာဘာညာညာမမေးနဲ့ကွာ၊ နောက်ကို မင်းဌာနဆိုင်ရာအကြောင်းတွေ ရေးရင် ငါ ဖမ်းချုပ်မှာ”
ကျွန်တော်က အားရပါးရပြုံးပြီး
“ဟုတ်ကဲ့ ဗိုလ်မှူးကြီးခင်ဗျား၊ ကျွန်တော် ဆက်ပြီးရေးရမှာပါ၊ ဖမ်းတာ မဖမ်းတာက ဗိုလ်မှူးကြီးအလုပ်ပါ၊ ကျွန်တော်ကလည်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်ရမှာပါ၊ တစ်ခုတော့ ပြောထားပါရစေ၊ ကျွန်တော် သတင်းထောက်အလုပ် လုပ်မယ်ဆိုကတည်း မဖမ်းခံ အရိုက်နှက်ခံရမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော် ဥပဒေ အတွင်းက လုပ်မှာပါ၊ ကျွန်တော်တို့မှာ တာဝန်အရေးသုံးပါးက လွဲရင် ရေးခွင့်ရှိပါတယ်၊ (အမှန်ကတော့ အဲဒီအချိန်က ဘာမှ ရေးခွင့်မရှိပါ) နောက်တစ်ခုက ကျွန်တော်တို့ မဂ္ဂဇင်းထဲမှာရေးတယ် ဆိုတာလည်း အရမ်းရေးနေတာမဟုတ်ပါဘူး၊ စာပေစိစစ်ရေးက စစ်ဆေးပြီးခွင့်ပြုမှ ဖေါ်ပြရတာပါ၊ စာပေစိစစ်ရေးက စစ်ဆေးတဲ့ပုဂ္ဂိုလ်တွေဟာလည်း ခပ်ညံ့ညံ့တွေ မဟုတ်ကြပါဘူး”
ကျွန်တော်တို့ အခြေအတင်ဖြစ်နေတာကို ကယ်တင်လိုက်သူက နိုင်ငံကျော်ဆရာတော်ကြီးဖြစ်တဲ့ ထီးချိုင့်နတ်ဆိုး(တည်တော်ဆရာတော်ကြီး) ။
“အေး ... မင်းတို့ပြောနေတာ ငါကြားတယ်၊ မင်းတို့ ဟာဂျူလီကိုတော့ ခပ်ပေါ့ပေါ့မထင်နဲ့၊ သူ့စာတွေကို မင်းတို့လူကြီးတွေတောင် ဖတ်ကြတယ်”
(အမှန်ကတော့ ဟုတ်မှာမဟုတ်ပါဘူး၊ (အဲဒီအချိန်ကာလ က) ဘယ်လူကြီးကများ အပြင်စာတွေဖတ်မှာတဲ့လဲ၊ ဆရာတော်ကြီးက ကျွန်တော်လုံခြုံရေးအတွက် ဟန့်လိုက်တာပဲ ဖြစ်မှာပါ)
အဲဒီစကားကြောင့် သူတို့လည်းဘာမှ ထပ်မပြောကြတော့ပါဘူး၊ ကျွန်တော်ကလည်း ရေးစရာရှိတာရေးမြဲပါ၊
ဝဋ်ကြွေးရယ် ရီတာပေါ့...(၂)
ထားပါတော့ အဲဒီလိုမတရားတဲ့ ကိစ္စတွေနဲ့ လုံးခြာရိုက်ပြီး စာရေးသားခြင်းတစ်ခုပဲလုပ်တဲ့သူ ဆိုတော့ စာတွေ ကာတွန်းတွေ မကြာခဏပိတ်ခံနေရ? စိစစ်ရေးက အလွှတ်မပေးနဲ့ ဆိုတော့ ဘာဝင်ငွေမှမရှိ၊ ဒီနေရာမှာ ကျွန်တော့် ဘ၀အတွက် ကံကောင်းခဲ့တာက ငွေကြေးပြည့်စုံတဲ့ အမေရှိနေခြင်းနဲ့ အမွေရတဲ့ ဆိုင်ခန်းလေးနှစ်ခန်းမှာ ဈေးရောင်းကျွေးဖေါ်ရတဲ့ဇနီး ရှိနေခြင်းပါပဲ။
ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်၊ တစ်ခါက ကသာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဖေ(တပ်မှ အသွင်ပြောင်းလာသူ) က ဒုရဲမှူး(၂) ယောက် ခြံရံပြီး သူ့အိမ်မှာ ကျွန်တော်ကို ခေါ်ယူဆွေးနွေးပါတယ်၊ နိုင်ငံတော်ကို ထိပါးတဲ့အရေးအသားမျိုးနဲ့ ဆောင်းပါးတွေ သတင်းတွေ မရေးဖို့ပေါ့၊ ထုံးစံအတိုင်း နိုင်ငံတော်က ဘာတွေ လုပ်နေပါတယ်ပေါ့၊ မှတ်မိသေးတယ်၊ သူပြောခဲ့တာကို။
“ကိုဟာဂျူလီ၊ ခင်ဗျားရေးတဲ့ စာတွေ ကာတွန်းတွေကို ကျွန်တော် ဖတ်ရတာတော့ အဖျက်ကို ဦးတည်တယ်ဗျ၊ ခင်ဗျားသိအောင် ပြောရရင် လမ်းတွေ ဖေါက်နေတယ်၊ တံတားတွေ ဆောက်နေတယ်၊ ခင်ဗျားလည်း မြင်နေတာပဲ၊ ဒါကိုတော့ ခင်ဗျားရေးတာ တစ်ခါမှ မတွေ့ဖူးပါလား”
“ဟုတ်ကဲ့ ရဲမှူးကြီးခင်ဗျား၊ ကျွန်တော်စာရေးတယ် ဆိုတာ သူများရဲ့အတွင်းသဏ္ဍာန်ကို ဖေါက်မြင် ပြီးရေးတာပါ၊ ကျွန်တော်ပြောပါရစေ၊ လမ်းတံတားတွေ အိုမင်းပျက်စီးရင် ဘယ်အချိန်မဆို ပြန်ပြင်လို့ရပါတယ်၊ ဟုတ်ကဲ့၊ စာရိတ္တပိုင်းပျက်စီးရင်တော့ ဘာမှလုပ်မရတော့ပါဘူး”
“ဘယ်သူတွေက ပျက်စီးနေလို့လဲ”
“ဟုတ်ကဲ့ ပျက်စီးနေတာတွေကတော့ အားလုံးပါပဲ၊ ဥပမာဆိုရရင် ကျွန်တော့်သားသမီးတွေကအစ ရဲမှူးကြီးအထိ (သူ့အထက်ကိုထည့် မပြောရဲလို့) ပါပဲ”
ဒုရဲမှူးကြီး မျက်နှာ ကွက်ကနဲဖြစ်သွားပါတယ်၊ ပြီးတော့ ပြန် အိနြေ္ဒဆယ်ပါတယ်၊
“ကဲပါဗျာ၊ ဒါတွေ ပြောမနေပါနဲ့တော့၊ ခု ခင်ဗျားကို ပြောချင်တာက ဘာတွေညာတွေ လျှောက်ရေးမနေနဲ့၊ ခင်ဗျား ဘာစီးပွားရေးလုပ်ချင်လဲ၊ ကျွန်တော်တို့ အကုန် ကူညီပေးမယ်၊ ”
ကျွန်တော် ပြုံးပြီးပြောလိုက်တာက “ကျွန်တော်အတွက် ဘာမှမလိုပါဘူး၊ ကျွန်တော့်မိန်းမ လုပ်စာနဲ့ ကျွန်တော် စားလောက်ပါတယ်”လို့..၊
နဂိုရ်ကအသားညိုတဲ့ပုဂ္ဂိုလ်ကြီးမျက်နှာဟာ မည်းသည်းသွားပါတော့တယ်။
နောက်တော့ ပြန်လို့ရပါပြီဆိုတော့ ကျွန်တော်ပြန်လာတယ်၊ အဲဒီခေတ်က ခုခေတ်လို ဆိုင်ကယ်တွေဘာတွေ မရှိသေးတော့ စက်ဘီးလေးစီးပြီး ပြန်လာတာပေါ့၊
အဲဒီအချိန်မှာ ခဏနေက ရဲမှူးကြီးစကားပြောနေတုန်း နဘေးမှာရှိနေတဲ့ ဒုရဲမှူး(၂) ယောက်ထဲ တစ်ယောက်က သူ့ရဲ့စက်ဘီးလေး အပြင်းစီးပြီး လိုက်မှီလာပါတယ်၊ ပြီးတော့ ကျွန်တော့် စက်ဘီးကို ခဏရပ်ပါဦးလို့ ပြောပါတယ်၊ ကျွန်တော် ရပ်လိုက်တော့ ကျွန်တော့်ကို ဇွတ် လက်ဆွဲနှုတ်ဆက်ပြီး
“ကောင်းလိုက်တာ ကိုဟာဂျူလီရာ၊ ကျွန်တော်နာမည် ဒုရဲမှူးလှရွှေပါ၊ ကျွန်တော်တို့ သိပ်ပြောချင်တဲ့ စကားကို ပြောလိုက်တာ သိပ်ကောင်းတာပဲ၊ ကျေးဇူးတင်တယ်ဗျာ”..တဲ့၊
နောက်ပိုင်းတော့ အဲဒီဦးလှရွှေဟာ ပင်လည်ဘူးမြို့နယ် ပြောင်းသွားပါတယ်၊ သူနဲ့တွေခဲ့တဲ့ ကျွန်တော့် မိတ်ဆွေတွေနဲ့ တွေ့တိုင်းလည်း ကျွန်တော့်ရဲ့ သတ္တိအကြောင်း ပြောပြတတ်တယ်တဲ့၊
သူ့နာမည်ကို ခု ထည့်ပြောရတာကလည်း သူက ဆုံးသွားပြီဖြစ်လို့ပါ၊ ထားပါတော့ဗျာ. ကျွန်တော်ပြောချင်တာက ကျွန်တော် မိန်းမက ကျွန်တော် လုပ်ချင်တာတွေ လုပ်နိုင်ဖို့ တစ်လျှောက်လုံး ဈေးရောင်းကျွေးခဲ့တယ်၊ ပါရမီဖြည့်ခဲ့တယ်၊ အဲ..အဲ မနှစ်ကတော့ အမျိုးသမီးမှာ အသည်းရောဂါ ဖြစ်လာပါတယ်၊ စစ်လိုက်တော့ စီပိုးတဲ့၊ ကုရမှာကလည်း တစ်နှစ်၊ ကုန်မယ့်ငွေကလည်း သိန်းရာချီ..၊ ကဲ အသက်က ပိုအရေးကြီး ပါတယ် ဆိုပြီး ကုလာလိုက်တာ (၆) လကျော်လာပါပြီ၊ မိန်းမက အလုပ်လည်း ကောင်းကောင်း မလုပ်နိုင်တော့ ငွေရေးကြေးရေး ကကြပ်တည်းလာပါတယ်၊ သူ့မိဘ ကိုယ်မိဘတွေကလည်း ၀ိုင်းကူလို့ တော်သေးတာပေါ့၊ ဆိုင်ကိုလည်း ဟန်မပျက် အပေါင်းအသင်းတွေရဲ့ အဟောင်းပေး အသစ်ယူတွေ ရနေတော့ ရုပ်ပျက်ဆင်းပျက် မရှိလှပါဘူး၊ နောက် ကုရမယ့် ငွေကြေးအတွက် တိုင်ပင်ပြီး ရှိတဲ့ဆိုင်ခန်းလေး(၂) ခန်းအနက် တစ်ခန်းကို ရောင်းပြီး ဆေးဖိုး လုပ်ကြမယ်လို့ရယ်ပေါ့၊ ဖြစ်ချင်တော့ ကသာမြို့ဈေးလေး မီးလောင်လိုက်တာ ကုန်ပါလေရောဗျာ၊ ၀င်ငွေကလည်း မရှိတော့၊ ဆိုင်နေရာ ပြန်ပေးရင်တောင် ဆောက်ဖို့ငွေမရှိ၊ ကိုယ့်ရဲ့ အရေးရှိရင် ကယ်တင်ပေးလေ့ရှိတဲ့ မခင်ဆိုင်ကလည်း ကသာဈေး မီးလောင်တဲ့အထဲ ပါသွားလိုက်တာ. ဘာပစ္စည်းမှပင် ပြန်မရလိုက်၊ တောင်မင်းကို မြောက်မင်းက မကယ်နိုင်တဲ့အဖြစ်မျိုး၊ မီးလောင်ရာပါသွားတဲ့ ကုန်ကြွေးအတွက်ကလည်း တမောင့်၊ ဆွဲထားတဲ့ ဆုကြေးတွေကိုရော ဘယ်လိုများ ပြန်ဆပ်နိုင်မှာတဲ့တုန်း၊ အပေါင်းအသင်းတွေကို ပေးစရာတွေက တောင်းပန်ထားလို့ ဆိုင်းထားနိုင်သေးတယ်၊ ဆေးကုဖို့က ပြသနာ၊ ဆေးပါတ်ကလည်း ပြတ်လို့ မရ၊ တွေးလိုက်ရင် ရူးလောက်စရာ၊ ဒီအချိန်ဟာ ဘ၀အတွက် အဆိုးဆုံးသော စိတ်ညစ်စရာ အချိန်တွေပါ၊ ဒီလို ဒုက္ခတွေ သုက္ခတွေ ကြုံနေရတဲ့အချိန်မှာ
“မင်း က ဟာသ ကာတွန်းတွေ သရော်တဲ့စာတွေ ရေးပြီး ငါတို့ကို လှောင်ပြောင်ခဲ့တာ ခုရော ဘာတတ်နိုင်သေးလဲ၊ နောက်ကို ရေးရဲသေးတဲ့လား၊ ရေးလို့ရော ရွှင်တဲ့စာတွေ ကာတွန်းတွေထွက်လာဦးမှာလားလို့ ဆိုခဲ့ကြရင်တော့.. ဟုတ်ကဲ့ ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားကြပါလို့ပဲ ပြောလိုက်ရုံပါပဲခင်ဗျား...(ဒါတွေဟာ ဖြစ်ရပ် အမှန်တွေဖြစ်ပါတယ်ခင်ဗျား..ဟာဂျူလီ.ကသာ)
ခုလို အခက်အခဲတွေနဲ့ တွေ့နေတဲ့အချိန်မှာ ကိုဟာဂျူလီရယ် စီးပွားရေးလုပ်စမ်းပါ၊ ကျွန်တော်တို့လည်းကူညီပါ့မယ် ဆိုပြီးများ ထပ်ပြီး ပြောလာခဲ့ရင်လည်း ဟုတ်ကဲ့ ထမင်း အငတ်ခံနိုင်ပါတယ်ဗျာလို့ပဲ ပြောမိလိုက်မှာပါ..
ဧရာဝတီဘလောမှကူးယူတင်ပြသည်

0 comments:
Post a Comment