http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

 မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်မှုအပေါ် အနုပညာရှင်တို့၏ အမြင်များ

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို လွတ်လပ်သည့် NGO စစ်စစ် ဖြစ်ပေါ်လာနိုင်ရေး အတွက် ရုပ်ရှင်လောကသားများ အားလုံးစုပေါင်း၍ ဆောင်ရွက်ခဲ့ကြရာ၌ ယခုအခါ ရုပ်ရှင် သမ္ဘာရင့်ဝါရင့် အနုပညာရှင်များ ပါဝင်သည့် ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်မှ ဦးစီးကာ ရုပ်ရှင်အနုပညာ အတတ်ပညာ ဆယ်လွှာမှအလွှာ အလိုက် ကော်မရှင်များနှင့်အတူ မဲပေးရွေးချယ်နိုင်ရန် စိစစ်လျက်ရှိနေကြပြီ ဖြစ်သည်။ မကြာမီ ပေါ်ထွန်းလာတော့မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ရွေးကောက်ပွဲအပေါ် ရုပ်ရှင်အနုပညာရှင်များ မည်သို့ ပါဝင်လှုပ်ရှားကြမည်၊ မည်သို့ မျှော်လင့်ထားကြသည်များအား စုစည်း ဖော်ပြပေးလိုက်ပါသည်။

ဒါရိုက်တာမောင်မျိုးမင်း
နာယကကြီးတွေ ဦးစီးပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် မဲစာရင်းကအစ စိစစ်ပေးကြလိမ့်မယ်။ တကယ် အလုပ်လုပ်နေတဲ့သူတွေ အားလုံးမဲပေးခွင့်ရှိအောင် သေသေချာချာ စိစစ်ပြီးတော့ လုပ်ပေးသွားကြလိမ့်မယ်။ မှန်မှန်ကန်ကန် နဲ့ လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်တယ်။ ရုပ်ရှင်လုပ်ငန်းကလည်း ပါတယ်ဆိုပေမယ့် ဒီအဖွဲ့အစည်းသစ်ရဲ့လုပ်ငန်းတွေကို ၀င်ရောက်စွက်ဖက်ခွင့် ရှိမှာမဟုတ်ဘူး။ အဲဒါကိုလည်း သဘောတူညီမှု ရယူထားတယ်။ အဲဒီအဖွဲ့အစည်းက လွတ်လပ်စွာ တရားမျှတတဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ ဖွဲ့စည်းပြီးသွားရင်တော့ တစ်စစီဖြစ်နေတဲ့ နယ်ဗီဒီယို ဈေးကွက်ကို ပြန်လည်စုစည်းရမယ်။ ပျက်ချင်ယောင်ဆောင်ပြီး ခိုးနေတဲ့သူတွေကိုလည်း ရှင်းရမယ်။ ဒီလောကကြီး တစ်ခုလုံး မကြာခင် ပျက်တော့မယ့် အနေအထား ရောက်နေပြီ။ အလွှာအသီးသီး မှာ စက်အဖွဲ့၊ ဇာတ်ပို့ဇာတ်ရံ၊ တည်းဖြတ်၊ မှတ်တမ်းစသဖြင့် ဒုက္ခရောက်တော့မယ်။ ကိုယ့်တစ်ယောက်တည်း အကျိုးဆုံးရှုံးတာ မဟုတ်ဘူး။ ကိုယ့်အနုပညာ မိသားစုအကျိုး အကုန်ဆုံးရှုံးတာ။ အဲဒီတော့ လက်ပိုက်ကြည့် နေလို့တော့မရတော့ဘူး။ NGO စစ်စစ်ဖြစ်လာပြီဆိုရင် အရင်က နစ်နာ ဆုံးရှုံးမှုတွေကို ပြန်လည်လုပ်ယူပေးလို့ ရတယ်။ ရှေ့ဆက်ရမယ့် ခရီးမှာလည်း NGO ဖြစ်တဲ့အတွက် ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်ရသွားတယ်။ အဲဒီလို ရလာတဲ့အချိန်မှာ အားလုံး တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်းနဲ့လုပ် ကြမယ်။ ရည်ရွယ်ချက်တူတဲ့ သူတွေ စုပေါင်းထားတာကြောင့် ဒါက အပြောင်းအလဲ တစ်ခုတော့ဖြစ်မှာ သေချာပါတယ်။ ဘယ်လောက်ထိ ပြောင်းလဲမလဲ ဆိုတာကတော့ ဘယ်လောက်အထိ ညီညွတ်မလဲ ဆိုတာအပေါ်မူ တည်လိမ့်မယ်။
ဒါရိုက်တာဝိုင်း
ရုပ်ရှင်အစည်းအရုံး ပြန်လည် ဖွဲ့စည်းရေးကော်မရှင် ဖွဲ့စည်းရာမှာ အလွှာအလိုက်လည်း ပါဝင်ကြတယ်။ ဒါရိုက်တာထဲကဆို ကျွန်တော်ပါတယ်။ သရုပ်ဆောင်ထဲမှာဆိုလည်း transparency ရှိတဲ့သူမျိုးတွေ ပါတယ်။ တကယ့်တကယ် ပြဿနာ ဖြစ်နိုင်တာက အုပ်ချုပ်ဖြန့်ချိ အလွှာပဲ။ လုံးဝမသိတဲ့ သူတွေကိုလည်း ကတ်ထုတ်ပေးထားတာတွေ ရှိတယ်လို့ ကြားတယ်။ ကျန်တာကတော့ ရုပ်ရှင်ကိုချစ်တဲ့ ရုပ်ရှင်ကို စိတ်ဝင်စားတဲ့သူတွေနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် ပြဿနာ နည်းနိုင်ပါတယ်။ အရေးကြီးတာကတော့ ကော်မရှင်ရဲ့အလုပ်ပေါ့။ သေသွားတဲ့ သူတို့၊ အနှစ် ၂၀ လောက် အလုပ်မလုပ်တဲ့သူတွေကို ဒီလောကထဲ ထည့်လို့မရတော့ဘူး။ ဒီလောကထဲမှာ နယ်ကားရိုက်ပြီး ရှင်သန်နေတဲ့သူတွေလည်း အများကြီးရှိတယ်။ သူတို့ကိုလည်း ဒီရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ စီစဉ်ပေးသွားမှာပါ။ အရင်တုန်းကတော့ ငါသွားလို့လည်း သူတို့ဘာသာ သတ်မှတ်ထားတဲ့သူရှိပြီးသား မထူးပါဘူးဆိုတဲ့ အတွေးနဲ့ မသွားတာလေ။ အခုကတော့ကိုယ်က ယုံကြည်သင့်တယ်လို့ ထင်တဲ့သူ၊ကိုယ့် လောကကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးမယ်လို့ ထင်တဲ့သူကို မဲပေးပေးပါ။ ဒီအစည်းအရုံးသစ် အနေနဲ့လည်း အပြောင်းအလဲတစ်ခုကို မျှော်လင့်တာထက် လက်ရှိမှာ ပျက်ယွင်းနေတဲ့စနစ်ကို အရင်ဆုံးပြင်ဆင်ရမှာပါ။ ပျက်စီးနေတဲ့ စနစ်တွေကို ပြင်ဆင်ပြီးမှသာ တိုးတက်မှုတွေ ဖြစ်ပေါ်နိုင်ဖို့ကို ပြင်ဆင်ရမှာပါ။
နေတိုး
ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ လိုလားနေတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ဖွဲ့စည်းခွင့်ရမယ်ဆိုတာ အပြောင်းအလဲ တစ်ခုပါပဲ။ အားလုံး ညီညီညွတ်ညွတ်နဲ့ စုစည်းလှုပ်ရှားခဲ့လို့ ဒီအစီအစဉ် ဖြစ်လာတယ်။ အဲဒီတော့ တကယ်တမ်း ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ လည်း အားလုံးညီညီညွတ်ညွတ် ပါဝင်ကြဖို့လိုပါတယ်။ ကျွန်တော်လည်း ကျရာအခန်းကဏ္ဍကနေ တတ်စွမ်းသမျှ ပါဝင်ဖြစ်မှာပါ။ အဓိက ကတော့ အရွေးချယ်ခံတဲ့သူရော၊ မဲပေးခွင့်ရှိတဲ့သူစာရင်းရော မှန်မှန်ကန်ကန် ဖြစ်အောင် စိစစ်နိုင်ရမှာပါ။ ကျွန်တော် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ message ပေးချင်တာ တစ်ခုကတော့ တစ်ဦးချင်း ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုပြီး မဲပေးကြပါ။ ကိုယ်တစ်ယောက်တည်းရဲ့ အကျိုးစီးပွား ဆိုတာထက် အများနဲ့သက်ဆိုင်တဲ့ အရေးကိစ္စ၊ အနုပညာတစ်လောကလုံးနဲ့ သက်ဆိုင်တဲ့ အရေး ကိစ္စဖြစ်တာကြောင့် စိတ်ပါဝင်စားစွာ ပါဝင်ကြပါလို့ပဲ ပြောချင်ပါတယ်။
ပြေတီဦး
ကျွန်တော့်အနေနဲ့ကတော့ ရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းဖြစ်ခဲ့တာက ဒီတစ်လောကလုံး ဘယ်လောက်ပျက်စီးနေလဲ ဆိုတာ မျက်မြင်ကိုယ်တွေ့ ဖြစ်နေလို့ပါပဲ။ နယ်တွေကိုလည်း ကားရိုက်တွေ ဆက်တိုက်ထွက်နေရတဲ့ အခါကျတော့ နယ်အ၀ယ်တွေ ဘယ်လောက်ကျသွားလဲဆိုတာ၊ နယ်မှာ ရုပ်ရှင်ရုံတွေ ဘယ်အခြေအနေ ဖြစ်သွားလဲဆိုတာတွေ အားလုံး ကြုံနေကြားနေ ရပါတယ်။ ဒီအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် နောက်သုံးလ ကြာတဲ့အချိန်မှာ ဒီတစ်လောကလုံး စုံးစုံးမြုပ် သွားနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်လို့ရနိုင်လဲ ဆိုတာ အားလုံးအဖြေရှာကြပြီးတော့ ဒီအစည်းအရုံးသစ် ဖွဲ့စည်းရေးကို ဆောင်ရွက်ခဲ့ကြတာပါ။ ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော့်ထက် ၀ါရင့်သမ္ဘာရင့်တဲ့ သူတွေလည်းအများ ကြီးရှိပါတယ်။ သူတို့ရဲ့လှုပ်ရှားမှု လုပ်ဆောင်မှုတွေကိုလည်း အများကြီး ကူညီပံ့ပိုးနိုင်သလောက် ပံ့ပိုး ပေးသွားမှာပါ။ ကိုယ်တိုင်ပါဝင်ဖို့ လိုအပ်တယ်ဆိုလည်း လိုအပ်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမှာ ပါပဲ။ ဒီရွေးချယ်ပွဲနဲ့ ပတ်သက်လို့ ပြောချင်တာကတော့ ဒီတစ်လောကလုံး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့အားလုံး ပါဝင်ကြဖို့ လိုပါတယ်။ ဒါကြောင့် တစ်ဦးချင်းရဲ့ရွေးချယ်မှုဖြစ်တဲ့ မဲပေးရွေးချယ်မှုကို အားလုံးပါဝင်ကြပါလို့။ ရွေးချယ်ပြီးသွားပြီ ဆိုရင်လည်း မပြီးသေးပါဘူး။ ဒီအစည်းအရုံးရဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ တတ်စွမ်းတဲ့ဘက်က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမှာပါ။
မေသန်းနု
အခုလို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အဖွဲ့သစ် ဖွဲ့ဖြစ်တယ်ဆိုတာက အပြောင်းအလဲ တစ်ခုဖြစ်သလို အတွေးသစ် အမြင်သစ်ဖြစ်တယ်လို့ ယူဆရမှာပေါ့။ လိုအပ်တဲ့ အပိုင်းတွေမှာ အပြောင်းအလဲတွေ ပြုပြင်မှုတွေ လုပ်နိုင်မှာပါ။ အဲဒီအတွက် မဆင့်တို့ အနုပညာကိုချစ်တဲ့ ရုပ်ရှင် ကိုချစ်တဲ့ ရုပ်ရှင်နဲ့ အသက်မွေးဝမ်းကျောင်း ပြုတဲ့သူတွေ အားလုံးက ကြိုဆိုရမှာပါ။ မဆင့်ကတော့ သိပ်အများကြီး နားလည်ထားခြင်း မရှိပါဘူး။ ဒီအတွက် လိုအပ်တဲ့အခန်း ကဏ္ဍလေးတွေမှာပဲ တတ်စွမ်းသလောက် ပါဝင်ကူညီသွားမယ်လို့ စိတ်ကူးထားပါတယ်။
ရန်အောင်
ကိုရန်လေးတို့ ရုပ်ရှင်လောက၊ ဗီဒီယိုလောကရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲ အခြေအနေတွေ အားလုံး က သိနေကြားနေ ရတာပဲလေ။ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ပထမ အဆင့်အနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ပြန်လည်ဖွဲ့စည်းဖို့ ရုပ်ရှင်လောကသားတွေ အားလုံးကြိုးစားကြတယ်။ ကိုရန်လေးတို့ အနေနဲ့ကတော့ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီနိုင်ဖို့ပါပဲ။ ကျရာ အခန်းကဏ္ဍကပေါ့လေ။ ဒီရွေးချယ်ပွဲမှာ ကိုယ်ယုံကြည်တဲ့သူကို အားလုံး စိတ်ဝင်တစားနဲ့ ပါဝင် မဲပေးသင့်တယ်လို့ ယူဆပါတယ်။ ဒီလို အများဆန္ဒနဲ့ ဖွဲ့စည်းတဲ့ အစည်းအရုံးသစ် တစ်ခု ပေါ်ပေါက်လာပြီးချိန်မှာ သူတို့ရဲ့ ဒီလောကနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးနိုင်တာတွေကို ကိုရန်လေးတို့ ဒီလောကသားတွေကပဲ တတ်စွမ်းသရွေ့ ကူညီစောင့်ရှောက်ရမှာ ဖြစ်သလို လိုအပ်တာတွေကို ထောက်ပြဝေဖန်တာတွေလည်း လုပ်သွားရမှာပါ။ ဒါကြောင့် အနုပညာရှင် တစ်ဦးချင်းရဲ့ကိုယ်ပိုင်အခွင့်အရေး ဖြစ်တဲ့ ကိုယ်ယုံကြည်ရာကို ဖော်ထုတ်နိုင်တဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချရမယ်လို့ပဲ ပြောချင်ပါတယ်။
မြင့်မြတ်
ကျွန်တော်ကတော့အခု လက်ရှိ ကျွန်တော်တို့လောကမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအားလုံး နေ့စဉ်လိုလည်း ကြားနေရတယ်။ ကျွန်တော်တို့ မင်းသားတွေဆိုတာက တော်ပါသေးတယ်။ တကယ်တမ်း စက်မှု အခြေခံအလွှာတို့ ဇာတ်ပို့ဇာတ်ရံတို့ စတဲ့သူတွေဆိုရင် တကယ့်ကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာ။ အဲဒီ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ရဲ့ စီနီယာကြီးတွေရဲ့ အကူအညီနဲ့ ဒီရွေးချယ်ပွဲကြီးကို စီစဉ်ကြတာပေါ့။ ဒီလောကကြီး ကောင်းဖို့ အားလုံး စီစဉ်ကြတာ ဖြစ်တာကြောင့် ကျွန်တော်တို့က ၀မ်းပမ်းတသာ ကြိုဆိုရမှာပါ။ ကျွန်တော့် အနေနဲ့ကတော့ အနုပညာလှုပ်ရှားမှုမှာ ဆိုရင် တကယ့်ကို မူကြိုအဆင့်ပဲ ရှိပါသေးတယ်။ ဒါကြောင့် အစ်ကိုတွေအစ်မတွေ လိုအပ် တာတွေကိုကူညီရုံပါပဲ။ ကျန်တာတော့ သိပ်အများကြီး မသိပါဘူး။ ရွေးကောက်ပွဲနေ့ကျရင် မဲသွားပေး ဖြစ်မှာပါ။ အားလုံးလည်း ဒီပွဲကို စိတ်ဝင်တစားနဲ့ ပါဝင်ကြပါလို့ ပြောချင်ပါတယ်။
ထွန်းအိန္ဒြာဗို
ကျွန်မတို့ ဒီရုပ်ရှင်အစည်းအရုံး ပြန်လည်ဖွဲ့စည်းဖို့ဆိုတဲ့ ကိစ္စကိုဆောင်ရွက်ဖြစ်တာက ကျွန်မတို့ အနုပညာ လောကကြီးရဲ့အရေး ခြုံပြီးပြောရရင်တော့ မိသားစုအရေးကြောင့်ပါပဲ။ ကျွန်မတို့အတွက်တော့ ကျွန်မတို့ချစ်တဲ့ ဒီအနုပညာလောကကြီးက မိသားစုပါပဲ။ မိသားစု အန္တရာယ်ဖြစ်မယ့် အခက်အခဲ ကြုံမယ့် အခြေအနေကို ဘယ်မိသားစုဝင်ကမှ လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ ဒီစိတ်ခံစားမှုမျိုးနဲ့ပဲ ကျွန်မ ပါဝင် လှုပ်ရှားဖြစ်တာပါ။ အစည်းအရုံး ပြန်လည်ဖွဲ့စည်းရာမှာလည်း ကျွန်မဘယ်လိုနေရာမျိုးကပဲ ဖြစ်ဖြစ်ကျရာ အခန်းကဏ္ဍက ပါဝင်သွားပါမယ်။ လိုအပ်တာတွေကို ကူညီဆောင်ရွက်သွားပါမယ်။ အဲဒီအတွက် ကျွန်မတို့အားလုံးမှာ တူညီတဲ့ စိတ်ဓာတ်က တစ်ခုတည်းပါပဲ။ ကျွန်မတို့ချစ်တဲ့ ဒီအနုပညာလောကကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်နိုင်ဖို့ပါပဲ။
ကိုအုန်းဝင်း(လပ်ကီးဆဲဗင်း ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး)
ကျွန်တော်တို့ ထုတ်လုပ်သူတွေအနေနဲ့ အခုချိန်မှာ အခက်အခဲတွေ အများကြီး ကြုံနေရပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ပေမယ့်လည်း ပြစရာ တကယ်ဝင်ငွေရနိုင်တဲ့ ရုံဘယ်နှရုံများ ရှိနေလို့လဲ။ ဗီဒီယိုဈေးကွက်မှာဆိုလည်း နယ်ဈေးကွက် က လုံးဝနီးပါးကို ပျက်စီးနေတဲ့ အခြေအနေမျိုး ကြုံတွေ့နေရပါပြီ။ ဒီအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အခု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်ဖွဲ့စည်းကြမယ်။ ဖွဲ့စည်း ပြီးသွားချိန်မှာ အုပ်ချုပ်မှုနဲ့စီမံမှုဆိုတာကို ကွဲပြားအောင် လုပ်ဆောင်သွားဖို့ လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး ကလည်း တက်ညီလက်ညီ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရမှာပါ။ အခုအဖွဲ့အစည်းသစ် ပြန်လည်ဖွဲ့စည်းတယ် ဆိုတာက ပထမခြေလှမ်းလို့ ဆိုရမှာပါ။ ဒီအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို ကျွန်တော်တို့ ရုပ်ရှင်တစ်လောကလုံး က တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားဖို့လည်း လိုအပ် ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ရွေးချယ်လိုသူကို ကိုယ်ပိုင်လွတ်လပ်စွာ ဆန္ဒဖော်ထုတ်မှုအနေနဲ့ ရွေးချယ်ကြရမယ့် တာဝန်ရှိပါတယ်။ ရွေးချယ်ပြီးသွားပြီ ဆိုရင်လည်း အဲဒီအဖွဲ့နဲ့အတူ ကျွန်တော်တို့ ကိုယ်တိုင် ပါဝင်ပြီး ပြောင်းလဲမှုတွေ အတွက် ဆောင်ရွက်ရမှာပါ။
ကိုစတီးလ်(ရှူတင်မန်နေဂျာ)
စည်းစည်းလုံးလုံး ရှိပြီးတော့ NGO စစ်စစ် တစ်ခုဖြစ်လာမယ်၊ အောက်ခြေ လူတန်းစားတွေက အစ ကောင်းစားစေလိုတဲ့၊ အခက်အခဲ ပြေလည်စေလိုတဲ့ စိတ်တွေနဲ့ ရုပ်ရှင် အစည်းအရုံး အဖွဲ့အစည်းသစ် တစ်ခု ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ ဒီရုပ်ရှင် အစည်းအရုံးသစ် ပြန်လည် ဖွဲ့စည်းရာမှာ အားလုံး ညီညီညွတ်ညွတ် နဲ့ပါဝင်ကြဖို့တော့ လိုအပ်မယ်ထင်ပါတယ်။ ရုပ်ရှင်လောကရဲ့ အခက်အခဲတွေက အားလုံးလည်း သိပြီးသားပါပဲ။ နောင်ဖြစ်လာမယ့် ရုပ်ရှင်အစည်းအရုံးသစ် ဆိုတာကိုလည်း အနုပညာနဲ့ ပတ်သက်တဲ့သူ အားလုံး စိတ်ပါဝင်စားစွာနဲ့ ရွေးချယ်ကြဖို့ လိုအပ်တယ်။
ဝတ်မှုံရွှေရည်
ကစ်ကစ်တို့က သိပ်အများကြီးတော့လည်း နားမလည်ပါဘူး။ ဒီလောကမှာ အခုဈေးကွက်တွေ ကျနေတယ်၊ အခက်အခဲတွေ ဖြစ်နေတယ် ဆိုတာမျိုးတွေကတော့ ကြားနေသိနေတာပဲလေ။ အခုရုပ်ရှင် အစည်းအရုံး ပြန်လည်ဖွဲ့စည်းမယ် ဆိုတော့လည်း ကစ်ကစ်တို့က ကြိုဆိုရမှာပေါ့။ ရွေးကောက်ပွဲနေ့မှာ ရန်ကုန်မှာလည်း ရှိမယ်ဆိုရင်တော့ မဲသွားပေးဖြစ်မှာပါ။     http://www.news-eleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif