(၁) လူငယ်နဲ့ လူကြီးတွေရဲ့ကြားမှာ ကွာဟာမှုဆိုတာ အစဉ်အဆက် ရှိခဲ့ကြတာ။ ခေတ်တိုင်း ခေတ်တိုင်းလိုလိုမှာ လူငယ်တွေရဲ့ ပြောဆိုပြုမူနေ ထိုင်လုပ်ကိုင်ကြတာတွေကို သဘောမတွေ့ကြတဲ့ လူကြီးတွေ ရှိတတ်ကြ ပါတယ်။သဘောမတွေ့တဲ့အလျောက် ဗြစ်တောက်ဗြစ်တောက် လုပ်ကြတာတွေလည်း ရှိပါတယ်။ မောင်စံပေါတို့ ငယ်ငယ်တုန်းကလည်း ၀တ်စားဆင်ယင်ပုံတွေကို လူကြီးတွေ တွေ့ကြပြောကြ ဝေဖန်ကြတာပါပဲ။ မောင်စံပေါကိုယ်တိုင် တောင် အထက်တန်းကျောင်းသား ဘ၀အထိ တိုနန့်နန့် ဆံပင်နဲ့နေခဲ့ရတာ၊ တက္ကသိုလ်ရောက်မှ ဆံပင်ရှည် ထားခွင့်ရခဲ့တာ။ (၂) အခု အသက်ကလေးရလာချိန်မှာ ပတ်ဝန်းကျင်တွေကလည်း ကွာခြားလာတယ်။ ဒီခေတ် လူငယ်လေးတွေလည်း ဟိုခေတ် လူငယ်တွေလိုပါပဲ။ ခေတ်အလိုက် သူတို့အကြိုက် ၀တ်စား နေထိုင်ကြတယ်။ နိုင်ငံရပ်ခြားနဲ့ ကူးလူးဆက်ဆံမှုတွေကလည်း များလာတော့ နိုင်ငံခြား ယဉ်ကျေးမှု ထိုးဖောက်စိမ့်ဝင်လာမှုတွေလည်း ရှိလာတာပေါ့။ မကြာမတင်ကာလက ကျော် ဖြတ်ခဲ့ကြတဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နဲ့ပတ်သက်ပြီး ရေးကြပြုကြ ပြောကြတာတွေ တော်တော်များခဲ့ပါတယ်။ မီဒီယာတွေလည်း တော်တော်များများ တွေ့မြင်ရပါတယ်။ (၃) ပြောကြတဲ့အထဲမှာ ဒီနေ့ခေတ် လူငယ်တွေ အသုံးမကျဘူး။ ဖေဖော်ဝါရီရောက်တာနဲ့ ၁၄ ရက်ပဲ သတိရကြတယ်။ ၁၃ ရက်ကို ခေါင်းထဲမှာ မရှိကြဘူး။ ဘာညာနဲ့ တော်တော်ကြီးကို ကြီးကြီးကျယ်ကျယ် ပြောကြတဲ့ သူတွေလိုလည်း တွေ့ရတယ်။ ၀မ်းနည်းပါတယ်။ လုံးဝ ဆန့်ကျင်ပါတယ်။လူငယ်တွေအကြောင်း ပြောမယ်ဆိုရင် လူကြီးတွေကိုယ့် ကိုယ်ကိုလည်း ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ခင်ဗျားတို့ကရော လူငယ်တွေကို ဘာတွေ လမ်းပြခဲ့ကြသလဲ။ ဘာစိတ်ဓာတ်တွေ သွင်းပေးနေသလဲ။ ဘာတွေ မြင်အောင်ပြပြီး ဘာတွေ အားကျအောင် လုပ်ခဲ့သလဲ။ အများကြီးပါ ပြန်ပြီး မေးခွန်းထုတ်ကြည့်ကြပါ။ (၄) မောင်စံပေါတို့ တက္ကသိုလ် ကျောင်းသားဘ၀တုန်းကဆို တက္ကသိုလ်မြေကို ခြေချခွင့်ရတာနဲ့ စိတ်ဓာတ်က အလိုလို တက်ကြွလာတယ်။ ငါတို့ တက္ကသိုလ် ကျောင်းတော်သားကြီး ဖြစ်ခဲ့ပြီ။ သမိုင်းရဲ့ အစဉ်အလာ ကောင်းတွေ ပြည့်နှက်နေရာ မြသီလာမှာ ခြေချ ပညာသင်ခွင့်ရခဲ့ပြီ။ နိုင်ငံအနှံ့က ရောက်လာကြတဲ့ သူငယ်ချင်းများနဲ့ တွေ့ဆုံသိကျွမ်း ခင်မင်ခွင့်ရကြပြီ။ ဆင်းရဲချမ်းသာ အထက်လွှာ အောက်လွှာ ရောက်လာသမျှ သားသမီးတွေဟာ အမိတက္ကသိုလ်ရဲ့ ရင်ခွင်မှာ ပျော်ရွှင်စွာ ညီမျှစွာနဲ့ အသိပညာ၊ အတတ်ပညာတွေ သာမက ဘ၀ပညာ လူမှုပညာတွေ ပါရခဲ့ကြတယ်။မောင်စံပေါဆို ပအို့သူငယ်ချင်းက အခန်းဖော်၊ အခန်းချင်း ကပ်လျက်က ရခိုင်၊ မြိတ်ထားဝယ်သား သူငယ်ချင်းတွေရှိသလို ရှမ်း၊ ကချင်၊ ချင်းတွေလည်း ပါရဲ့။ တိုင်းရင်းသားလူမျိုး စုံဒေသစုံက သူငယ်ချင်းတွေရှိခဲ့တယ်။ ကျန်တဲ့တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေလည်း အလားတူပါပဲ။ ကျောင်းပိတ်ရက်တွေမှာ သူ့ဆီကိုယ်လိုက်လည်၊ ကိုယ့်ဆီသူလိုက်လည်၊ သူ့နှမကိုယ်ပိုး၊ ကိုယ့်အစ်မ သူယူစသဖြင့် ကြည်ကြည်ဖြူဖြူနဲ့ ရွှေလမ်းငွေလမ်းတွေ ဖောက်ခဲ့ကြရဲ့။ ဒေသန္တရ ဗဟုသုတရသလို တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးခဲ့ကြတယ်။ ချစ်သူတွေဖြစ်ကြပြီး အိမ်ထောင်ရက်သား ကျသွားကြသူတွေလည်း တစ်ပုံတစ်ပင်ဗျာ။ (၅) အခု လူငယ်လေးတွေလား။ လှုပ်လီလှုပ်လဲ့ အင်တာနက်ကျေးဇူးရဲ့ နိုင်ငံအစွန်းအဖျားက သူတွေနဲ့တောင်မှ သိကျွမ်းကြတယ်။ ခင်မင်ကြတယ်ဆိုတာ ကြားမိတယ်။ အိုးမကွာ အိမ်မကွာနဲ့ ကျောင်းတွေ အဆင့်ဆင့်တက်ပြီး တက္ကသိုလ်ရောက်ဘွဲ့ရ အိမ်ထောင်ကျ ဘ၀ခရီးနှင်ကြတယ်။ (၆) မြန်မာပြည်က လူငယ်တွေမှာ စိတ်ကောင်း စေတနာမွန် အများကြီးရှိတယ်။ မောင်စံပေါ လုံးဝယုံကြည်တယ်။ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းသတ္တိတွေ အများကြီးရှိတယ်။ ဒါလည်း သေချာတယ်။ မျက်စိရှေ့မှာ တင်မြင်ခဲ့ဖူးတာ အများကြီး။နာဂစ်အပြီးမှာ လှုပ်ရှားခဲ့ကြတဲ့ လူငယ်တွေ၊ တက်ကြွစွာနဲ့ စွမ်းသမျှ လုပ်ဆောင်ခဲ့ကြတာ ကူညီလုပ်ကိုင်ခဲ့ကြတာ အင်မတန်လှတဲ့ ပန်ချီကားပေါင်းများစွာ။ ဒါနမူနာ တစ်ခုပြောတာ။ကြားဖူးတာ တစ်ခုရှိတယ်။ ''လူဆိုတာ ကြီးလေလေ ကြောက်လေလေတဲ့''။ ဟုတ်တယ်ထင်ပါရဲ့။ ကိုယ်ကိုယ်တိုင်လည်းကြာတော့ ကိုယ့်ဘာသာကိုယ် ရွံ့လာတယ်။ အားမလို အားမရ ဖြစ်လာတယ်။ သေခါနီးလေလေ အတ္တကြီးလေလေ၊ ဘာမဟုတ်တဲ့ ပိုင်ဆိုင်မှုလေးတွေကို ပိုတွယ်တာလေလေဗျာ။ (၇) တလောလေးကတင် ဆေးတက္ကသိုလ်(၁)က နောက်ဆုံးနှစ် အပိုင်း(ခ) ကျောင်းသားကျောင်းသူတွေရဲ့ မွန်မြတ်လှတဲ့ လုပ်ဆောင်မှု ဒါနအလှူတစ်ခုကို အကြောင်းအားလျော်စွာ တွေ့မြင်ကြားသိခဲ့ရတယ်။ကလေးဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူဖို့ စောင့်ဆိုင်းနေကြတဲ့ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေးငယ်တွေ အများစုဟာ မိဘတွေ ငွေကြေးမတတ်နိုင်တဲ့အတွက်ကြောင့် ကလေးငယ်များစွာ သေဆုံးနေရကြောင်း၊ ပုံမှန် နှလုံးခွဲစိတ်မှုတစ်ခုဟာ မြန်မာကျပ်ငွေ ငါးသိန်းကနေ ၁၀ သိန်း အထိကုန်ကျကြောင်း၊ သြစတြေးလျက နှလုံးခွဲစိတ် ဆရာဝန်ကြီးတွေလာပြီး စေတနာနဲ့ ခွဲစိတ်ပေးမှာဖြစ်တဲ့အတွက် နှစ်သိန်း သုံးသိန်းလောက်ပဲ ကုန်ကျမယ့်အကြောင်းနဲ့ အဲဒီငွေကြေးပမာဏကိုတောင် မတတ်နိုင်ကြတဲ့ မိဘများစွာ ရှိနေကြောင်း၊ ဒါကြောင့် သူငယ်ချင်းတွေအနေနဲ့ ၀ိုင်းဝန်းထောက်ပံ့ လှူဒါန်းဖို့ စာရေးသား နှိုးဆော်တယ်။ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်မယ့် ကျောင်းသားလေးတွေရဲ့ နာမည်နဲ့ ဖုန်းနံပါတ်တွေ ဖော်ပြထားပြီး စုဆောင်းကောက်ခံရတဲ့ငွေတွေကို ကလေးနှလုံးအထူးကု ဆရာဝန်ကြီးကို သက်သေထားပြီး ကလေး၊ မိဘတွေကို တိုက်ရိုက် လှူဒါန်းသွားမယ်ဆိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ရေးထားတယ်။
အဲဒီ ကျောင်းသားလူငယ်လေးတွေဟာ သူတို့တတ်နိုင်သမျှ မုန့်ဖိုးလေးတွေ၊ အသုံးစရိတ်လေးတွေ ချွေတာစုဆောင်းပြီးတော့ လှူကြတယ်။ ကြားသိရတယ်။ အင်မတန်မှ ပီတိဖြစ်ရတယ်။ လောလောဆယ် ရသလောက်က အားလုံးအတွက် မလောက်သေးလို့ မဲဖောက်ပြီး ပေးရ မှာဖြစ်လို့ စိတ်မကောင်းဖြစ်နေကြောင်း ပြောတဲ့ ကျောင်းသူလေးရဲ့ မျက်လုံးမှာ မျက်ရည်တွေဝဲနေတယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ ထင်ပေါ်ဖို့လည်း မဟုတ်ဘူး။ ဘွဲ့ထူးဂုဏ်ထူးတွေ ရဖို့လည်း မမှန်းဘူး။ လူကြီးသဘောကျအောင် လှူပြနေတာလည်း မဟုတ်ဘူး။ လုံးဝအနှောင်အဖွဲ့ ကင်းတဲ့ စိတ်ရင်းစေတနာရင်းနဲ့ဗျာ။ (၈) မောင်စံပေါတို့ ကြီးလာချိန်မှ ငယ်ငယ်တုန်းက အကြောင်းတွေ စားမြုံ့ပြန်ကြတယ်။ အဲဒီအချိန်မှာ ကောင်းတာရော၊ မကောင်းတာရော၊ ဟုတ်တာရော၊ မဟုတ်တာရောပေါ့ဗျာ။ တချို့ကိစ္စရပ်လေးတွေအတွက် အမှတ်တရ လွမ်းတသသ ဖြစ်ရသလို တချို့အတွက်ကျတော့လည်း စိတ်မကောင်း ဖြစ်ကြရတယ်။ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်နိုင်ပါလျက်နဲ့ မလုပ်ခဲ့ကြသူတွေ၊ မလုပ်သင့် မလုပ်ထိုက်တာတစ်ခုကို မလုပ်ဘဲ နေနိုင်လျက်နဲ့ လုပ်ခဲ့ကြသူတွေ၊ အဲဒီလိုလူတွေရဲ့ စားမြုံ့ပြန် ၀ိုင်းတွေထဲမှာ ကိုယ့်ရဲ့မျိုးဆက်တွေ လူငယ်တွေ မပါစေချင်ပါဘူး။ မပါ နိုင်ဘူးလို့လည်း ယုံကြည်တယ်။ (၉) လူကြီးတွေအနေနဲ့ရော။လူငယ်တွေကို နားလည်ပေးနိုင်ရပါမယ်။ ကိုယ့်ဘက်က ဖြည့်ဆည်းပေးရမှာ။ လုပ်ကိုင်ပေးရမှာတွေကိုလည်း ကြိုးစားလုပ်ဆောင်ပေးဖို့ လိုပါတယ်။ အသက်ကြီးမှ သေခါနီးမှ လုပ်သင့် လုပ်ထိုက်တာတွေကို လူငယ် တွေအတွက် လုပ်နိုင်ပါလျက်နဲ့ မလုပ်ပေးဘဲနေကြဦးမှာလား။ မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ဘဲနေနိုင်ပါလျက်နဲ့ ခေါင်းမာစွာနဲ့ လုပ်နေကြ ဦးမှာလား။ မှန်မှန်ကန်ကန် စဉ်းစားပြီး အကောင်းဆုံး လုပ်ဆောင်ခြင်းနဲ့ လူငယ်လေးတွေကို ပျိုးထောင်ပေးရင် မကောင်းဘူးလားဗျာ။ www.weeklyeleven.com/ |
0 comments:
Post a Comment