ပိုလန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြီးမှူးကျင်းပနေတဲ့ Democracy Lessons Learned အလုပ်ရုံဆွေးနွေးပွဲနဲ့ မြန်မာသတင်းသမားတွေအတွက် ရက်တို သင်တန်းပို့ချပွဲကို ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပနေရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
၂၀၁၂ ခုနှစ် မေလ ၁၁ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Rodoslaw Sikorski တို့ကိုတွေ့ရစဉ်။
ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပိုလန်နိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အတွေ့အကြုံတွေကို သင်တန်းတာဝန်ခံ ပိုလန် ပါမောက္ခက ရှင်းပြပြီး တက်ရောက်လာသူတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ NLD က ထုတ်ဝေနေတဲ့ ဒီလှိုင်းစာစောင် အယ်ဒီတာ ဒေါ်စိုးပပက အခုလို ပြောပါတယ်။
"သူတို့နိုင်ငံ ကွန်မြူနစ်စနစ်ကနေပြီးတော့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ သူတို့ဘယ်လို ရုန်းကန်ခဲ့ရတယ်ပေါ့နော်။ ဒီအတွေ့အကြုံတွေကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းကာလမှာ နမူနာယူပြီးတော့ လိုအပ်ရင် သုံးလို့ရအောင်၊ ပထမ ကျွန်မတို့ စစ်အစိုးရလက်ထက်မှာ စာပေစိစစ်ရေး ရှိတယ်ပေါ့။ စာပေစိစစ်ရေး ရှိတဲ့အတွက် မီဒီယာသမားတွေအတွက် သိတ်ပြီးတော့ အခက်အခဲ မရှိဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ စာပေစိစစ်ရေး ရှိတဲ့အတွက် ဒါဖော်ပြဆိုရင် ဒါပဲဖော်ပြတယ် ပေါ့နော်။ ဒါပေမဲ့ ဒီအကူးအပြောင်း ကာလကျလို့ရှိရင် ဒီမိုကရေစီစနစ် ဖြစ်တဲ့အတွက် မီဒီယာကလည်း အတိုင်းအတာ တစ်ခုအထိ လွတ်လပ်ခွင့် ရလာမည့်အလျောက် မီဒီယာသမားတွေကလည်း သတင်းရေးသား ထုတ်လွင့်တဲ့ အပေါ် မူတည်ပြီးတော့ အခက်အခဲတွေ ရင်ဆိုင်ရလာနိုင်တယ် ဆိုပြီးတော့ သူက ရှင်းပြသွားပါတယ်ရှင့်။ ကျွန်မတို့ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေပေါ့"
ပိုလန်နိုင်ငံဟာ ကွန်မြူနစ်အစိုးရ အုပ်ချုပ်ခံဘ၀ကနေပြီး ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာခဲ့တဲ့အတွက် ပိုလန်ကရရှိခဲ့တဲ့ သင်ခန်းစာတွေကို ပြန်ပြီး မျှဝေပေးချင်တဲ့အတွက် အခုလို သင်တန်းပို့ချနေတာ ဖြစ်တယ်လို့ ပိုလန်နိုင်ငံခြားရေး ၀န်ကြီး Mr. Rodoslaw Sikorski က မနေ့က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီကနေ့ သင်တန်းကို နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ သတင်းမီဒီယာသမားတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ကျောင်းသားလူငယ်တွေ စုစုပေါင်း ၃၀ ခန့် တက်ရောက် လေ့လာခဲ့ကြောင်း သိရပါတယ်။ ဒီသင်တန်းကို မေလ ၁၄ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
RFA NEWS
0 comments:
Post a Comment